သီတင်းကျွတ်ပြီးတာနဲ့ မိုးပါ အကျွတ်အလွတ်ဖြစ်သွားတယ်။ ပေါ်မလာတော့ဘူး။ ဒီတော့ ရန်ကုန် ဟာ နေ့လယ်ဆိုရင် ကျွက်ကျွက်ဆူအောင်ပူတော့တာပဲ။ မိုးပြီးရင် ဆောင်းဦးလာတယ်ဆိုတာ ဒဏ္ဍာရီထဲမှာကျန်ခဲ့ပြီ။ မိုးဟာ အေးမြခြင်းကို မထားခဲ့တော့ဘူး။ သူထွက်သွားတဲ့အခါ အပူတွေ ပဲ ချန်ခဲ့တော့တယ်။ နေပူတော့ လူက အခန်းပဲအောင်းနေရတာပေါ့။
ဒါပေမယ့် မြို့ထဲကို မသွားမဖြစ် သွားရမယ့်ကိစ္စပေါ်လာတော့ စဉ်းစားရပြီ။ ပုံမှန်ကတော့ မြို့ထဲ ဆိုရင် နီးရင် လမ်းလေ ျှာက်၊ ဝေးရင် တက္ကစီပေါ့။ ကိုယ့်ကားနဲ့ကိုယ် သွားဖို့ကတော့ ကားရပ် ဖို့ နေရာအခက်အခဲကြောင့်ဆယ်ခါ တစ်ခါပဲ သွားဖြစ်တော့တယ်။ ဒီတစ်ခါသွားမှာက နည်းနည်း လှမ်းတော့ ဒီနေ နဲ့လမ်းလေ ျှာက်လို့မဖြစ်၊ ပြီးတော့ သုံးလေးနေရာ ဆက်သွားရမှာဆိုတော့ တက္ကစီခကလည်း မနည်းဘူး။ ဒီလိုနဲ့ ကိုယ့်ကားနဲ့ကိုယ်လာခဲ့တယ်။
သိမ်ကြီးဈေး စီရုံကိုရောက်တော့ ကားရပ်စရာနေရာရှာတယ်။ ရွှေတိဂုံဘုရားလမ်းမှာ ခြေချစရာနေရာ တောင်မရှိဘူး။ အနော်ရထာလမ်း အတူတူပဲ။ နောက်ဆုံး လသာလမ်းထဲ မှာ ရှားရှားပါးပါးတစ်နေရာတွေ့တယ်။ ကားရပ်လိုက်တာနဲ့ လူတစ်ယောက်ရောက်လာတယ်။ ကားရပ်ခ နှစ်ရာတောင်းတယ်။ မြို့ထဲမှာ ကားရပ်ခပေးစရာလိုလား၊မလိုဘူးလား၊ မေး မနေ တော့ ဘူး။ ကိုယ်က ကားထားခဲ့ရမယ့်သူဆိုတော့ နှစ်ရာထုတ်ပေးလိုက်တယ်။ စိတ်ချဆရာ၊ သေသေ ချာချာကြည့်ထားလိုက်မယ်တဲ့။
လသာကနေ သိမ်ကြီးဈေးကို လမ်းပြန်လေ ျှာက်ရတယ်။ ဒီနေရာတစ်ဝိုက်မှာ လ ျှပ်စစ်ပစ္စည်း ဆိုင်တွေ၊ ဝက်အူကနေ မော်တာတွေအထိ အသစ်၊ အဟောင်းအမျိုးမျိုးရောင်းတဲ့ဆိုင်တွေ မပြောင်းလဲသေးဘူး။ သိမ်ကြီးဈေးရောက်တော့ လူကူးတံတားပေါ်တက်တယ်။ တံတားပေါ်မှာ ဦးထုပ်ဆိုင်နဲ့ ခါးပတ်၊ ပိုက်ဆံအိတ်တွေရောင်းတဲ့ဆိုင် နှစ်ဆိုင်ရှိတယ်။ ဦးထုပ်ရောင်းသူဟာ နေပူ လွန်းတော့ ဦးထုပ်မဆောင်းနိုင်ဘဲ ထီးဆောင်းပြီး ဈေးရောင်းနေရတယ်။
တံတားပေါ်ကနေ ပထမထပ်ကို ဝင်တယ်။ ဝရန်တာမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကတော့ လူမရှိသလောက်ပဲ။ ညနေဆိုရင်တော့ ဘီယာနဲ့ လူစည်မယ်ထင်တယ်။ စီရုံပေါ် က စားသောက်ဆိုင်တွေ၊ ကေတီဗီတွေ စည်ကားခဲ့တဲ့အချိန်တွေကို သတိရတယ်။ ပထမ ထပ်က ပူ လောင် မွန်းကျပ် မှောင်မည်းနေတယ်။ သိမ်ကြီးဈေးရဲ့ ရွှေခေတ် ကုန်ခဲ့ပြီထင်တယ်။ ဆိုင်ခန်း ရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေလည်းတွေ့တယ်။ ခန်းမ အလယ်မှာ ကတ္ထူပုံးတွေ ပုံထားတာ လူတစ်ရပ်လောက်ရှိတယ်။ အမှိုက်ပုံလား၊ ပစ္စည်းပုံလား မသဲကွဲဘူး။ လွန်ခဲ့တဲ့ သုံး နှစ် ကတော့ (စီ)ရုံက ဈေးအင်္ဂါနဲ့မညီတဲ့ဆိုင်ခန်းတွေ၊ ဂိုဒေါင်လုပ်ထားတဲ့ဆိုင်ခန်းတွေကို တစ်လ အတွင်း ရှင်းမယ်ဆိုတဲ့ သတင်းတွေတက်လာဖူးတာသတိရမိတယ်။
ပထမထပ်က စာအုပ်အဟောင်းဆိုင်မှာ ကျွန်တော်မှာထားတဲ့ စာအုပ်ကို ယူတယ်။ လျူရှောက်ချီရဲ့ “ ပါတီ ( On the Party)” ဆိုတဲ့စာအုပ်။ ဒီစာအုပ်အကြောင်းကို နှုတ်ပြောသမိုင်းမေးခဲ့တဲ့ နိုင်ငံ ရေးသမားဟောင်းကြီးတွေဆီကနေ ကြားဖူးထဲက လိုချင်နေတာ။ လမ်းစဉ်ပါတီထူထောင်တော့ ဒီစာအုပ်ထဲက အယူအဆတွေ အတော်များများ ပါတယ်လို့ဆိုတယ်။ အခု စာအုပ်က ၁၉ ၆၅ ခုနှစ်က ထုတ်တဲ့စာအုပ်။အတွင်းစာမျက်နှာမှာ မောင်မောင်တင် မြန်မာပြန်သည်၊ ဝင်းမော်ဦးစာစဉ် ၁၅ လို့ ရေးထားတယ်။
ဒီစာအုပ်အဟောင်းဆိုင်လေးမှာ စာအုပ်အဟောင်း၊ အကောင်းတွေအများကြီးပဲ၊ အိမ်မှာလည်း အခန်းတစ်ခန်းအပြည့် အဟောင်းတွေရှိသေးတယ်တဲ့။ အသစ်၊ အဆန်းတွေခေတ်စားနေတဲ့ခေတ် မှာ ဟောင်းလို့ တန်ဖိုးတက်တာ ဝီစကီနဲ့ စာအုပ်ပဲရှိတော့မယ်ထင်တယ်။
စာအုပ်ကိစ္စပြီးတော့ ပင်စင်ကိစ္စအတွက် ပန်းဆိုးတန်း ဘဏ်ကို သွားရမယ်။ သိမ်ကြီးဈေးကနေ လသာအထိ လမ်းပြန်လေ ျှာက်မယ့်အစား ပန်းဆိုးတန်းကို တက္ကစီငှားသွားဖို့ဆုံးဖြတ်လိုက် တယ်။ စီရုံပလက်ဖောင်းအတိုင်း မဟာဗန္ဓုလလမ်းဘက်ကိုလေ ျှာက်တယ်။ စီရုံ မြေညီ ထပ် ဆိုင်ခန်းတွေက လ ျှပ်စစ်ပစ္စည်းတွေ၊ အဝတ်အထည်တွေနဲ့အပြည့်၊ ဈေးဝယ်သူနည်းတော့ ပလက်ဖောင်းတစ်လေ ျှာက်လူရှင်းနေတယ်။ အထည်ဆိုင်တွေရှေ့မှာရပ်နေတဲ့ကလေးမ လေး တွေက ဘာရှာလဲ၊ ကြည့်လို့ရတယ်လို့ ဆိုင်ရှေ့က ရှားရှားပါးပါးဖြတ်သွားတဲ့သူတွေ ကို မေးနေကြတယ်။
ကလေးကစားကွင်းကလည်း ရုံးဖွင့်ရက်ဖြစ်လို့လား၊ စောသေးလို့ လား မသိဘူး။ လူရှင်းနေတယ်။ တစ်ချိန်က မြေညီထပ်မှာ ခရိုနီလား၊ လူကြီးသားသမီးလားမသိဘူး ပိုင် တဲ့ ကုန်တိုက်တစ်ခုရှိခဲ့ဖူးတယ်။ နယ်ကနေ ရန်ကုန်ရောက်တိုင်း ငေးခဲ့ရတဲ့နေရာပေါ့။ ဒီဈေး အပေါ်ထပ်မှာပဲ အစိုးရငွေစုဘဏ် နဲ့ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုလည်း ရှိခဲ့ဖူးတယ်။ ငွေစုဘဏ်မှာ ရန်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်မှာ ငွေစုစာအုပ်ပြောင်းဖွင့်ခဲ့တဲ့အချိန်က ပုဂ္ဂလိကဘဏ်တွေ အခုလို ခေတ်မစားသေးဘူး။
မဟာဗန္ဓုလလမ်းဘက်အခြမ်းရောက်တော့ ဈေးနောက်ဘက်လမ်းကြားမှာ ကျွဲ အကနဲ့ အလှုခံနေ တာကိုတွေ့တယ်။ ကျွဲက မူးနေသလား၊ မြူးနေတာလားမသိဘူး၊ ဈေးဗန်းတွေနဲ့ လမ်းကျဉ်းကျဉ်း မှာ ခုန်ပေါက်ကနေတယ်။ ဒါဟာ မကြာခင် လော်သံ ဆူဆူညံတော့မယ့် အလှုခံမဏ္ဍပ်တွေရဲ့ အစပဲ ထင်ပါရဲ့။
အဲဒီလမ်းထိပ်မှာပဲ တက္ကစီတစ်စီးရပ်ထားတယ်။ ခေါင်းဖြူဖြူ၊ မျက်မှန်သေးသေး၊ အသားအရောင် မှောင်မှောင်နဲ့ လူတစ်ယောက်ကားဘေးမှာရပ်နေတယ်။ ကျွန်တော့်ကို မြင်တော့ လက်ညှိုးထောင်ပြတယ်။ ကားငှားမလားဆိုတဲ့ သဘောပေါ့။ ပန်းဆိုးတန်းကို ဈေးညှိပြီး ငှား လိုက် တယ်။
ကားဆရာက ဒီနားမှာ အမြဲထိုးတယ်၊ မြို့တွင်းပဲလိုက်တယ်တဲ့။ သူပုံသဏ္ဍန်ကို ကြည့်ပြီး အစ္စလမ် ဘာသာဝင်လားဆိုတော့၊ ဟုတ်တယ်။ ကန်တော်လေးမှာနေတယ်လို့ဖြေတယ်။ ပွင့်ပွင့် လင်းလင်းပဲ မောင်တောကိစ္စတွေအပြီး သူ့အခြေအနေကို မေးလိုက်တယ်။ ကားတားပြီး လူကို တွေ့မှ မငှားတော့တာတွေ၊ ကားထိုးပြီး လူခေါ်ပေမယ့် လူပုံကြည့်ပြီးရှောင်ထွက်သွားတာ တွေနဲ့ ကြုံရတဲ့အကြောင်း ပြောပြတယ်။
ဒီမှာမွေး၊ ဒီမှာကြီးတာပါဗျာ၊ ဆရာတော်တွေ ကားငှား စီးရင်တောင်ကားခလှုဖူးပါတယ်၊ ဆရာတော်တွေနဲ့ ဘယ်လိုစကားပြောရမလဲဆိုတာလည်း သိပါ တယ်လို့ဆိုတယ်။ ဟိုက လူတွေနဲ့ ဒီကလူတွေ ဘာမှ မဆိုင်ပါဘူးတဲ့။ ကြေကွဲနေတဲ့ သူ့အသံကို နားထောင်ရင် ဒီအက်ကြောင်း ဟာ ဘယ်လောက်အထိ နက်ရှိုင်းနေပြီလဲဆိုတာစဉ်းစားမိတယ်။
ဘဏ်ရှေ့ရောက်တော့ ကားဆရာကို ခင်ဗျား စောင့်နိုင်ရင်စောင့်လေ၊ သိမ်ကြီးဈေးကို ခါလီ ပြန် မယ့်အတူတူ ကျွန်တော့်ကို လသာလမ်းပြန်ပို့ပေါ့လို့ ညှိတယ်။ အစိုးရဘဏ်မှာ အချိန်မကြာဘူး ဆိုတာ ကားဆရာက ယုံကြည်ပုံမရဘူး။
ဒီရက်တွေက ပင်စင်လစာထုတ်တဲ့အချိန်မဟုတ်တော့ လူရှင်းနေတယ်။ အမှန်ကတော့ ပင်စင် ကို ကိုယ်စားလှယ်လွှဲစာနဲ့ ထုတ်လို့ရတယ်။ ဒါပေမယ့် ခြောက်လတစ်ခါ ကိုယ်တိုင်လာရတယ်။ သူတို့ အခေါ် အသက်ရှင်နေသေးကြောင်းသက်သေပြရတာပေ့ါ။
ဒီတစ်ခေါက်တော့ လူရှင်းနေတာနဲ့ ပင်စင်ကို ATM ကဒ်နဲ့ထုတ်တာ၊ မိုဘိုင်းဘဏ်စနစ်နဲ့ထုတ် တာ၊ ကိုယ့်ဘဏ်စာရင်း ( စာရင်းရှင်) ကိုလွှဲတာတွေအကြောင်းမေးကြည့်တယ်။ ငွေထုတ် ကောင် တာက လူငယ်လေးက ပင်စင်ဌာနစိတ်က အမျိုးသမီးဝန်ထမ်းတစ်ယောက်ဆီကို ခေါ်သွားတယ်။
အမျိုးသမီးက လုပ်ထုံးလုပ်နည်းတွေအကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ကျွန်တော့် ကို သိလို့ ရှင်းပြတာမဟုတ်ဘူး။ သာမန်ပင်စင်စားတစ်ယောက်အနေနဲ့ပဲ ရှင်းပြတာပါ။ ဘေးမှာလည်း အမျိုး သမီးကြီးတစ်ယောက်ကို နောက်ဝန်ထမ်းတစ်ယောက်က ရှင်းပြနေတာတွေ့တယ်။ သူ့ရှင်းပြချက် အရတော့ ATM တို့ဘာတို့ အားလုံးလုပ်လို့ရ တယ်။ ဒါပေမယ့် ခြောက်လ တစ်ခါတော့ လူကိုယ်တိုင် ဘဏ်ကိုလာရမယ်။ ကျန်းမာရေး အခြေ အနေကြောင့်မလာနိုင် ရင် လေ ျှာက်လွှာတင်လို့ရတယ်။ ဘဏ်က အိမ်ကို လိုက်စစ်ပေးတယ်။
အတော်အလုပ်ရှုပ်တဲ့ကိစ္စပဲ။ ဒါပေမယ့် ပင်စင်စားကွယ်လွန်သွားတာကို အကြောင်းမကြားပဲ ပင်စင် ဆက်ထုတ်နေတဲ့ ကိစ္စတွေ၊ ပင်စင်စာအုပ်ကို ပေါင်ထားတဲ့ကိစ္စတွေလည်း ရှိနေတော့ ဒီလို မစစ်ရင်လည်း မဖြစ်ပြန်ဘူး။ ဘဏ်က အိမ်အထိလိုက်ကြည့် ရ တယ်ဆိုတာကလည်း အချိန်ကုန်၊လူပန်း၊ရပ်ကွက်ထောက်ခံစာဆိုတော့လည်း အတု၊အစစ် နဲ့ ခိုင်မာမှု ပြဿနာ ကရှိပြန်ရော။ လူကိုယ်တိုင်လာမယ့်အစား ဒီနေ့ထုတ်သတင်းစာကို ကိုင်ပြီး ဓာတ်ပုံ၊ဗီဒီယိုရိုက်၊ အွန်လိုင်းကနေ ပို့လို့ရတဲ့ စနစ်မျိုးလုပ်နိုင်ရင်တော့ ပိုအဆင်ပြေမလားမသိဘူး။
မေးချင်တာတွေမေးလို့အားရတော့ ငွေသွားထုတ်တယ်။ ပင်စင်လစာထုတ်တဲ့ကဒ်လေးပြ၊ လေ ဆိပ်မှာလိုပဲ ကင်မရာရှေ့ရပ်ပြီး ဓာတ်ပုံအရိုက်ခံ။ အဲဒီမှာပဲ ချက်ခြင်း ငွေထုတ်ပေးလိုက်တယ်။ ပင်စင်လစာ ကဒ်ပြားလေးတွေလုပ်ပြီးထဲက ဘဏ်ရဲ့ ဝန်ဆောင်မှုကတော့ အတော် တိုးတက်လာတော့အမှန်ပဲ။ ဒီတော့ ATM တွေဘာတွေ ဘာလို့လုပ်နေမှာလဲ။ ခြောက်လတစ်ခါ ဘဏ်လာနေ ရမယ့်အတူတူ ၊ ဒီကဒ်လေးနဲ့ပဲ ပင်စင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဘဏ်ထဲက ထွက်တော့ အပေါက်ဝတည့်တည့်မှာ ခုန ငှားလာတဲ့ တက္ကစီဆရာကိုပြန်တွေ့တယ်။ ခါလီပြန်ရမယ့်အတူတူ နာရီဝက်လောက်စောင့်ကြည့်ဦးမယ်ဆိုပြီးစောင့်နေတာတဲ့။ အစိုးရဘဏ် တွေ ဝန်ဆောင်မှုတိုးတက်လာတဲ့အကြောင်း ကားဆရာ သိသွားတာပေါ့။
လသာလမ်းရောက်တော့ ကားရပ်ခ တောင်းသွားတဲ့ပုဂ္ဂိိုလ် နောက်တစ်စီးရပ်ဖို့အတွက် နေရာ ပြ နေတာတွေ့တယ်။ ရပ်နေရာကနေ မောင်းထွက်သွားတဲ့ ကျွန်တော့်ကို သူမမြင်တော့ဘူး။ လောက ဟာ ဒီလိုပါပဲ။