ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါ (Jeremy Michael Boorda) အတွက် အမေရိကန် ရေတပ်ဟာ သူ့ ဘဝ၊ သူ့မိသားစုပဲ။ ၁၉ ၅၆ ခုနှစ် သူအသက် ၁၇ နှစ်မှာ အထက်တန်း ကျောင်းထွက်ပြီး ရေတပ်မှာ တပ်သားအဖြစ် နဲ့ စတင်အမှုထမ်းတယ်။ ရေတပ်ကပဲ သူ့ကို အထက်တန်းပညာပြီးဆုံးအောင် သင်ပေးတယ်။ ၁၉ ၆၂ ခုနှစ်မှာတော့ အခြားအဆင့်ရေတပ်သားတွေကို ရွေးချယ်လေ့ကျင့်ပေး တဲ့ ဗိုလ်သင်တန်းကို တက်ခွင့်ရတယ်။ ၁၉ ၆၂ သြဂုတ်လမှာ ပြန်တမ်းဝင်အရာရှိဖြစ်ခဲ့တယ်။
အရာရှိငယ်ဘ၀ နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမှုထမ်းခဲ့တယ်။ ၁၉ ၇၁ ခုနှစ် ဒီဇင်ဘာလမှာ Naval War College သင်တန်းပြီးတယ်။ တစ်ပြိုင်တည်းမှာပဲ University of Rhode Island ကနေလည်း ဘွဲ့ရခဲ့တယ်။ အဲဒီနောက် ဒုရေယာဉ်မှူးတာဝန်ထမ်းဆောင်ရင်းနဲ့ ၁၉ ၇၂ ခုနှစ် ဖေဖော်ဝါရီလ မှာ ဗီယက်နမ်စစ်မြေပြင်ကို ဒုတိယ အကြိမ်ပြန်ရောက်တယ်။ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်မှု အတွက် ဂုဏ်ပြုလက်မှတ်ရတယ်။
၁၉ ၇၅ ခုနှစ်မှာတော့ စစ်ရေယာဉ်မှူးတာဝန်ထမ်းဆောင်ရ တယ်။ အဲဒီနောက် ကွပ်ကဲမှုတာဝန်အဆင့်ဆင့်ကို ပြောင်းလဲထမ်းဆောင်ပြီး ၁၉ ၈၈ ခုနှစ် မှာ ဒုတိယရေတပ်ဦးစီးချုပ် ဖြစ်တယ်။ ၁၉ ၉ ၁ မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဖြစ်လာပြီး ဥရော ပ တောင်ပိုင်း မဟာမိတ်တပ်ဖွဲ့ စစ်ဦးစီးချုပ်တာဝန်(CINCSOUTH – Naples, Italy) ကို ထမ်းဆောင်ရတယ်။ အဲဒီကာလမှာပဲ ယူဂိုဆလားဗီးယား စစ်ပွဲမှာ ပါဝင်နေတဲ့ နေတိုးတပ်ဖွဲ့တွေ အားလုံးရဲ့ စစ်ဦးစီးချုပ်တာဝန်ကို လည်း ထမ်းဆောင်ခဲ့ရတယ်။
၁၉ ၉ ၃ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ဘော်ဒါဟာ ရေတပ် ဦးစီးချုပ်အဖြစ်ခန့်အပ်ခံရ ပြီး အမေရိကန် ရေတပ်သမိုင်းမှာ ရေတပ် စစ်တက္ကသိုလ်ဆင်းမဟုတ်ဘဲ အခြားအဆင့်ကနေ ရေတပ်ဦးစီးချုပ်ဖြစ်လာတဲ့ပထမဆုံး အရာရှိကြီး အဖြစ် မှတ်တမ်းဝင်ခဲ့ တယ်။
၁၉ ၉ ၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ နယူးစ်ဝိခ် သတင်းမဂ္ဂဇင်းသတင်းထောက်တစ်ယောက်က ဘော်ဒါ တပ်ဆင်ထားတဲ့ ဗီယက်နမ်စစ်မြေပြင်ဆိုင်ရာဆုတံဆိပ်နှစ်ခုဟာ အမှန် တကယ် ချီးမြှင့်ခံရတာမဟုတ်ဘဲနဲ့ တပ်ဆင်ထားတာဖြစ်တယ် လို့ ဖွင့်ချခဲ့တယ်။ ဘော်လ်ဒါဟာ ဗီယက် နမ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်မှုအတွက် အမှုထမ်းကောင်းတံဆိပ်နှစ်ခုရတာတော့မှန် တယ်။ ဒါပေမယ့် အဲဒီတံဆိပ်ပေါ်မှာ သတ္တိပြောင်မြောက်စွာထမ်းဆောင်ခဲ့ခြင်း လို့ဖော်ပြ တဲ့ V အမှတ်အသားကို တပ်ဆင်ခွင့်မရှိဘူး။ အခု ဗိုလ်ချုပ်ကြီးဘော်လ်ဒါက သူ့တံဆိပ်ပေါ်မှာ V အမှတ် အသားတပ်ဆင်ထားတာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သတင်းထောက်က စွပ်စွဲခဲ့တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဖြေရှင်းမှုတွေလုပ်တဲ့အခါ ဘော်ဒါကို ဗီယက်နမ်ဆိုင်ရာ ဆု တံဆိပ်ချီးမြှင့်တဲ့အချိန်မှာ အထက်အရာရှိ ဗိုလ်ချုပ်ကြီး Zumwalt က V အမှတ်တံဆိပ်တတ်ဆင် နိုင်တယ်လို့ပြောခဲ့ပေမယ့် အဲဒီလို ချီးမြှင့်တဲ့အကြောင်းတရားဝင်အမိန့်ထုတ်ပြန်ထားခဲ့တာမရှိ ဘူး ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ ဒါ့အပြင် နယူးစ်ဝိခ်သတင်းထောက်သတင်းမရေးခင် တစ်နှစ် လောက်ထဲက ရေတပ်စစ်ရာထူးခန့်ရုံးရဲ့ တင်ပြချက်အရ V အမှတ်အသားတပ်ဆင်ခွင့်မရှိ ကြောင်း သိတဲ့အတွက် တပ်ဆင်ခြင်းမပြုတော့ဘူးဆိုတာလည်း ပေါ်ပေါက်လာခဲ့ တယ်။
ဒါပေမယ့် အဆင့်မြင့်ရာထူးအဆင့်ဆင့်ကို ထမ်းဆောင်ခဲ့တဲ့ အရာရှိကြီးတစ်ယောက်ဟာ အရင်ထဲက ဒီတံဆိပ်တပ်ခွင့်ရှိ/ မရှိ မစိစစ်ခဲ့ဘူးလား၊ ရေတပ်ထဲမှာနောက်ထပ် ဒီလိုဖြစ်စဉ်တွေ ရှိသေးလားဆိုတဲ့ မေးခွန်းတွေပေါ်လာတယ်။ ကျန်တဲ့ သတင်းမီဒီယာတွေမှာပါ ဒီကိစ္စနဲ့ပတ်သက် ပြီး အကျယ်တဝင့်ရေးသားမှုတွေဖြစ်လာတယ်။
၁၉ ၉ ၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးဘော်ဒါ ဟာ နယူးစ်ဝိခ် သတင်း ထောက်နှစ်ယောက်ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေဖြေကြားဖို့ သဘောတူခဲ့ တယ်။ ဒါပေမယ့် သတင်းထောက်နှစ်ယောက် ရောက်မလာခင်လေးမှာပဲ ဗိုလ်ချုပ်ကြီး ဘော်ဒါဟာ သူနေအိမ်မှာ သူ့ကိုသူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တယ်။
ဗိုလ်ချုပ်ကြီးက သူ့မိသားစု အတွက်နဲ့ ရေတပ်အတွက် နှုတ်ဆက်စာနှစ်စောင်ရေးထားခဲ့တယ်။
ရေတပ်အတွက်ရေးတဲ့စာမှာတော့
“ ရဲဘော်တို့ ၊ ငါ့ကြောင့် ရေတပ်မတော် ဂုဏ်သိက္ခာထိခိုက်ရတဲ့အခြေအနေကို ဘယ်လိုမှ ခံစား လို့မရဘူး။ ငါတို့ ရေတပ်မတော်ကို သိက္ခာချလိုတဲ့ လူတွေ အခွင့်အရေးရအောင် ငါလုပ်မိတယ်။ ဒါပေမယ့် ငါ့ကို မကြာခင်မေ့သွားကြမှာပါ။ မင်းတို့တစ်တွေနဲ့ ရေတပ်မတော်ကြီးကတော့ ဆက် လက်တည်တံ့ခိုင်မြဲနေမှာပါ။ မင်းတို့ကို ခေါင်းဆောင်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်။ ငါဟာ ရေတပ် အတွက် ဒီထက်ကောင်းအောင်ပိုပြီးလုပ်ခဲ့သင့်တယ်လို့လည်း နောင်တရမိတယ်”
လို့ရေးထားခဲ့တယ်။
ဒီလို ကြေကွဲဖွယ်ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဘော်ဒါရဲ့ လုပ်ရပ်က မှန်ရဲ့လား၊ သတင်းထောက်ကရော ဒီသတင်းကို ရေးသင့် လား ဆိုတဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ အများကြီး ပေါ်ခဲ့တယ်။
ဗိုလ်ချုပ်ကြီး ဘော်လ်ဒါရဲ့ ရဲဘော်ရဲဘက် ဗိုလ်ချုပ်ကြီးတစ်ယောက်ကတော့
“ ဘော်ဒါဟာ ဂုဏ်သိက္ခာမြင့်မားတဲ့ ရေတပ်သားပါ။ သူ့အမှားဟာ ရေတပ်ရဲ့ ဂုဏ်သိက္ခာ ကိုရော၊ သူ့ရဲ့ ဂုဏ်သိက္ခာကိုရော ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက်အတွက် အခုလို ပြင်း ထန် အစွန်းရောက်တဲ့ တုန့်ပြန်မှုကို လုပ်လိုက်တာဖြစ်တယ်။” လို့ ပြောခဲ့တယ်။
တကယ်တော့ ဗိုလ်ချုပ်ကြီးဘော်လ်ဒါဟာ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကို အသက်နဲ့ လဲ ပြီး ပေးဆပ်ခဲ့တာ၊ သူ၊ သူ့မိသားစု နဲ့ သူချစ်တဲ့ရေတပ် ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ခဲ့တာပါ ပဲ။ ဒါ့ကြောင့် သူ့လုပ်ဆောင်ချက်က ပြင်းထန်တယ်၊ အစွန်းရောက်တယ်လို့ ပြောလို့ရပေမယ့် မှားတယ်လို့တော့ မဆိုနိုင်ဘူး။
ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ရှိတ်စပီးယားက ဒုတိယမြောက် ရစ်ချတ်ဘုရင်အကြောင်း ပြဇာတ်မှာ
“ ငါ့ဂုဏ်သိက္ခာဟာ ငါ့ အသက်၊ ခွဲလို့မရ အတူတကွ
ဂုဏ်သိက္ခာမရှိတော့တဲ့အခါ အသက်ရှင်ဖို့လည်း မဖြစ်နိုင်ပါ”
လို့ရေးခဲ့တယ်။
ရင်ပတ်က တံဆိပ်တန်းလေးသေးပေမယ့် ဂုဏ်သိက္ခာက ကြီးမားလွန်းတယ်ဆိုတာ ဗိုလ်ချုပ်ကြီး ဘော်ဒါက သက်သေပြလိုက်တာပါပဲ
ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ
