ဂျင် ဂျင် လည်

ဂျင် (၁)

အား ၊ ဒီအခန်းထဲရောက်မှပဲ နားရတော့တယ်။ ဟို ဂျင်ဆိုတဲ့အခန်းထဲမှာ ထိုင်နေလို့မရဘူး။ မတ်တပ် မတ်တပ် နဲ့ အမှိုက်လှဲလိုက်၊ မှန်သုတ်လိုက်။ ကစားနေတဲ့သူတွေ က ခေါ်ပြီး ခုံ တွေ၊ လက်ကိုင်တန်းတွေ သုတ်ခိုင်းလိုက်နဲ့။ တကယ်တော့ ခေါ်တယ်လို့သာပြောတာပါ။ ကျွတ် ကျွတ် ကျွတ် ကျွတ်ဆိုပြီး စုတ်သတ်ခေါ်၊ လက်ညှိုးထိုးပြီး ခိုင်းတာပါပဲ။ ဒီကိုလာတဲ့ လူအများစုက သန့် ရှင်းရေးသမားတွေကို လူစာရင်းသွင်းတာမဟုတ်ဘူး။ ဟို နည်းပြတွေဆိုရင်သာ ဆရာ ဆရာ ၊ ဆရာ မ၊ ဆရာမ နဲ့ ပြာနေတာ။ ကိုယ်လိုကောင်ကို လူလို သူလို နှုတ်ဆက်တတ်တာဆိုလို့ လက်ချိုးရေ လို့ရတယ်။ အများစုကတော့ ခန်းမထဲက အားကစားခုံလောက်တောင် ဂရုစိုက်တာမဟုတ်ဘူး။

ကိုယ်ကလည်း ဒီအလုပ်လုပ်ရတာ ပျော်လှတယ်မဟုတ်ဘူး။ ကိုယ့်ဒေသကလူတွေလို ထိုင်း သွား မလား၊ မလေးသွားမလား သွားချင်တာပေါ့။ ဒါမှမဟုတ်လည်း ဒီထက်လခကောင်းမယ့်အလုပ်မျိုး ရှာချင်တာပေါ့။ ခက်တာက အမိုး နဲ့အပါး။ လယ်အလုပ်ကမကောင်းတော့လို့သာ မြို့တက်လုပ် ခိုင်းတာ၊ ဝေးဝေးလည်းမလွှတ်ချင်၊ အန္တရာယ်များတဲ့အလုပ်ဆိုလည်း စိတ်မချ။ တစ်လောတုန်းက လုံခြုံရေးအလုပ်လုပ်မလားလို့ အမေးခံရတယ်။ အခုအလုပ်ထက် လခလည်းကောင်းတယ်။ ဒါ ပေ မယ့် အမိုးတို့က အန္တရာယ်များတယ်၊ မလုပ်ပါနဲ့ ဖြစ်ပြန်ရော။ ဒီလိုနဲ့ သန့်ရှင်းရေးအလုပ်မှာ မြဲနေ တာ နှစ်နှစ်ကျော်ပေါ့။ ဘာပဲဖြစ်ဖြစ် အမိုးတို့ဆီ တစ်လတစ်သိန်းလောက်ပြန်ပို့နိုင်တာကပဲ ဟုတ် လှပြီ။ ဒီငွေသာမရှိရင် အမိုးတို့လည်း ပျိုးဖိုး၊မြေဆီဖိုးနဲ့ ကြွေးပိနေမှာ။

ဒီအလုပ်က ပင်ပန်းလှတာတော့မဟုတ်ဘူး။ ဒါပေမယ့် ငြီးငွေ့ဖို့ကောင်းတယ်။ အခြေခံလစာက တစ်သိန်းခွဲ၊ ဒါပေမယ့် တစ်ပတ် ၆ ရက် လုပ်ရတယ်။ ရက်ပျက်ရင် လစာဖြတ်တယ်။ အချိန်ပိုဆင်း တာနဲ့ ဘာညာဆိုရင်တော့ တစ်လနှစ်သိန်းလောက်တော့ ရတယ်။ အလုပ်က မနက် ခြောက်နာရီ ကနေ နေ့လယ် နှစ်နာရီအထိတစ်ဆိုင်း၊ နေ့လယ် နှစ်နာရီကနေ ည ကိုးနာရီအထိ တစ်ဆိုင်း။ လုပ်ငန်းကတော့ ဟိုဆိုက်ပြောင်း၊ ဒီဆိုက်ပြောင်းပေါ့။ ဒီဂျင်မှာလုပ်နေရတာတော့ ခြောက်လ လောက်ရှိပြီ။ ဒီမှာလုပ်ရတာ ရုပ်ရှင်ရုံတွေ၊ ဈေးဆိုင်ကြီးတွေမှာ ဆင်းရတာထက်တော့ ကောင်း တယ်။ အနည်းဆုံး ရေကောင်းကောင်းချိုးရတာပေါ့လေ။

နေတာတော့ အလုပ်က ထားပေးတဲ့အဆောင်မှာပေါ့။ မြို့ထဲ တိုက်ခန်းထဲမှာ လူနှစ်ဆယ် ၊ အစိတ် စုနေရတာ၊ ပူလောင် စုတ်ပြတ်နေတာပဲ။ရေလည်းမလောက်၊ အိမ်သာက မအား၊ ဒါကျတော့ အလုပ်ထဲနေရတာ ဟုတ်နေပြန်ရော။ ဂျင်မှာ ရေချိုးရတာမိုက်တယ်။ ဆပ်ပြာလည်းမွှေးတယ်။ အဝတ်လည်း ဒီမှာပဲ လူရှင်းတဲ့ အချိန်ခိုးလေ ျှာ်၊စတိုခန်းထဲလှမ်းပေါ့။ အဆောင်မှာ ကိုယ်မရှိပဲ လှမ်း ထားခဲ့လို့ကတော့ ရေစက်သာကြိုချထားပေတော့။ တယ်လီဖုန်းပျောက်တဲ့သူတောင်ရှိတယ်။ ပုဆိုးလောက်ကတော့ စကားထဲ မထည့်ဘူး။

စားတော့လည်း ဆိုင်တစ်လှည့်၊ အဆောင်မှာတစ်လှည့်ပေါ့။ မနက်အဆိုင်းကျတဲ့နေ့ဆိုရင် ဂျင် အနား ဆိုင်တွေမှာသွားစားတယ်။ ထမင်းတစ်ပွဲ၊ ဝက်၊ ကြက်၊ ငါး နဲ့ ၁၂၀၀၊ အမဲသားနဲ့ ၁၅၀၀၊ ထမင်းလိုက်ပွဲတစ်ပွဲ တစ်ရာ၊ လိုက်ပွဲတစ်ပွဲဆိုတာက ငါးဇွန်း၊ ခြောက်ဇွန်းစာပဲရှိတာ။ ကိုယ့်တော သား ပါးစပ်နဲ့က လိုက်ပွဲနှစ်ပွဲဆိုရင်တောင် နံကြားမညပ်ဘူး။ ဒါပေမယ့် အဲဒီထက်လည်း ပိုမစားရဲ ဘူး။ ဒါတောင် မနက်စာနဲ့နေ့လည်စာ ပေါင်းစားတာ။ အကိုဆရာတစ်ယောက်ကတော့ အဲဒီလို စားတာကို ဘရပ်ဆိုလား၊ ဘရွတ်ဆိုလား ခေါ်တယ်ဆိုပဲ။ ညဆိုင်းကျရင်တော့ နေ့လည်စာကို အ၀ စားလာ၊ ညနေကျရင် ရခိုင်သုပ်တစ်ပွဲလောက်နဲ့ ပြီးလိုက်တာပေါ့။

အဆောင်မှာကတော့ တစ်ယောက် ရှစ်ထောင်စုထည့်ပြီး ဆန်ဝယ်ထားတယ်။ အားတဲ့ကောင်က ချက်ထားပေး။ ဟင်းကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်။ ငါးခြောက်၊ ကြက်ဥ နဲ့ အသားတုကတော့ ပင်တိုင်ပေါ့။ အသားတုကို ဆီသတ်၊ ငြုပ်သီးမှုန့်ထည့်၊ မန်ကျည်းရေဖျော်ထည့်၊ ချဉ်ချဉ်စပ်စပ် ကောင်းမှကောင်း၊ အသားတုတွေက ကင်ဆာဖြစ်တယ်လို့ပြောတာပဲ။ ဒါပေမယ့် လေးငါးရာ နဲ့ နှစ် နပ်လောက်စားလို့ရတာကလည်း ဒါပဲရှိတယ်ဆိုတော့ ကင်ဆာတွေ ဘာတွေလဲ မစဉ်းစားနိုင်ပါ ဘူး။ အဆောင်မှာ ဟင်းချက်ရတာကလည်း လွယ်တာမဟုတ်ဘူး။ အခြောက်အခြမ်း၊ချက်ပြီးသား ဟင်း အားလုံးကို လေးထောင့် ပလတ်စတစ်ပုံးထဲထည့်ပြီး သော့ခတ်ထားရတယ်။ အဝတ်ပုံးက တစ်ခု ၊ အစားပုံးကတစ်ခု၊ အဆောင်မှာ လူတစ်ကိုယ် ပုံးနှစ်ပုံးရှိမှ နေလို့ရတယ်။

တစ်ခါတစ်ခါတော့လည်း နည်းပြအကိုဆရာတွေကို ကြည့်ပြီးအားကျတယ်။ သူတို့လို နည်းပြ လုပ် ချင်တယ်။ ဒါပေမယ့် သူတို့ကလည်း တစ်နေ့ ကြက်ဥ အလုံးနှစ်ဆယ်လောက်စားရ၊ ဟို ပရိုတိန်း ဆိုလား ဘာလား ဘူးကြီးထဲက အမှုန့်တွေဖျော်သောက်ရနဲ့ မလွယ်ဘူး။ ဘူးကြီးတစ်ဘူးဆိုရင် ဈေးကလည်း ကိုယ့်လစာလောက်ရှိတယ်။ ဆရာတွေသာမဟုတ်ဘူး။ လာကျင့်တဲ့ ဧည့်သည် တွေလည်း ဝယ်စားတာပဲ။ ဗလထွက်မထွက်တော့မသိဘူး။ ငွေကတော့ အရင်ထွက်သွားတာသေ ချာတယ်။ အဲဒါတွေ စားပြီးကျင့်ရမယ်ဆိုရင်တော့ ဒီတစ်သက်နည်းပြလုပ်ဖို့ မဖြစ်နိုင်ဘူး။

ဂျင် (၂)

မှန်ကို အဝတ်နဲ့ပွတ်ရင် မှန်လုံခန်းထဲကို ငေးနေရတာ စိတ်ချမ်းသာတယ်။ အလုပ်လေး နည်းနည်း အားတာနဲ့ ဒီနေရာမှ မှန်လာတိုက်နေတာ ကြာရင် မှန်တောင်ပေါက်ထွက်တော့မယ်။ အခန်းထဲမှာ ဆရာမ လေးက ဦးဆောင်ပြီး လေ့ကျင့်ခန်းလုပ်နေတာလေ။ လေ့ကျင့်ခန်းဆိုပေမယ့် ဟို တီဗီထဲ ကလို ကနေတာပါပဲ။ သင်တန်းသားတွေက ဆရာမလေးနောက်က လိုက်လုပ်ပေါ့။ တစ်ချို့ အမ ငယ်ငယ်လေးတွေကတော့ တော်တော်လုပ်နိုင်တယ်။ ကြည့်လို့လည်းကောင်းတယ်။ အန်တီ ၀၀ကြီးတွေကတော့ ရေပူပေါင်းကြီး လို အိတုံ အိတုံပေါ့။ အကိုလေးတွေလည်းပါတယ်။ သူတို့ လည်းမဆိုးပါဘူး။ ဒါပေမယ့် မိန်းကလေး တစ်ယောက်လို နွဲ့တဲ့တဲ့ လှုပ်ရှားရတဲ့ ကကွက် တွေကျတော့ သူတို့ကို ကြည့်ပြီး မရယ်မိအောင် နေရတယ်။

သန့်ရှင်းရေးဆိုတာ အလုပ်တကာအလုပ်မှာ အောက်အကျဆုံးထင်ပါရဲ့။ ဒီဂျင်မှာ ဟိုသန့် ရှင်းရေး မောင်လေးတွေကသာ အမျိုးသားအဝတ်လဲခန်းထဲ ဝင်နားလို့ရတာ။ ကိုယ်တွေက အမျိုး သမီးအခန်းထဲမှာ နားလို့မရဘူး။ သန့်ရှင်းရေးလုပ်တဲ့အချိန်ပဲနေလို့ရတယ်။ ဒီအတိုင်းဝင်ထိုင် နေရင်ဧည့်သည်အမကြီးတွေက မကြိုက်ဘူး။ ဒါ့ကြောင့် အပြင်မှ မတ်တပ်ပဲ။ ဒါပေမယ့် ဟို ဈေး ဆိုင်ကြီးတွေမှာ တာဝန်ကျတာထက်တော့ သက်သာပါတယ်လေ။

ဒီအလုပ်ကိုတော့ ရေရှည်မလုပ်ချင်ဘူး။ စတိုးဆိုင်လေးဘာလေးမှာ အလုပ်ရရင်တော့ ပြောင်းမ လားလို့ စဉ်းစားတယ်။ ဒီသန့်ရှင်းရေးကုမ္ဗဏီမှာက ကောင်လေးတွေအတွက်အဆောင် ရှိပေမယ့် ကောင်မလေးတွေအတွက် အဆောင်မရှိဘူး။ အဆောင်ခ နှစ်သောင်းခွဲပေးတယ်။ ဒါပေ မယ့် လုံလုံခြုံခြုံ အဆောင်ဆိုရင် အဲဒီဈေးနဲ့မရဘူးလေ။ ဒီတော့ လစာ တစ်သိန်းခွဲ၊အဆောင်ခ နှစ် သောင်းငါးထောင်ဆိုပေမယ့် အဆောင်ခနဲ့ စားသောက်ပြီးရင် အိမ်အတွက်တစ်လ ငါးသောင်း ပို့ဖို့ တောင် အနိုင်နိုင်။ မဖြစ်သေးဘူး။

အိမ်မှာက အဖေကိုပဲ မှီခိုနေရတာ၊ အမေက ပျံကျအလုပ်လောက်လိုက်လုပ်ရတာ။ အဖေကလည်း အရင်က သဘောၤဆိပ်မှာ ကုန်ထမ်း။ ဒီဂျင်မှာသာ လူတွေက အလေးတွေမရင်း ဗလတွေကောင်း၊ လူတွေသန်မာလာတာလေ။ အဖေကတော့ ဆန်အိတ်၊ ပဲအိတ်တွေထမ်းရင်း လူက သေးသေး ပြီး ချိချိ လာလိုက်တာ အခုတော့ ဈေးထဲမှာ ကုန်စိမ်းခြင်းတောင် အနိုင်နိုင်၊ ဖျားလိုက်တာလည်း ခဏ ခဏ။ အဖေ့ကို ဟိုဦးလေးကြီးတွေ ဝယ်ဝယ်သောက်တဲ့ အားဆေးမှုန့်ဘူးကြီးဝယ်တိုက်ချင်လိုက် တာ။ ဒါမှမဟုတ် အမတွေစားတဲ့ ဝေဖာလိုအတောင့်လေးတွေကျွေးချင်တာ။ ပင်ပန်းလို့အဲဒါတွေ စား လိုက်ရင် ချက်ခြင်းအားပြည့်တယ်ဆိုတာပဲ။

ဂျင် (၃)

မှန်ထဲမှာ မြင်ရတဲ့ ကိုယ့်ပုံက ဘယ်လို မှ စိတ်ချမ်းသာဖို့မရှိ။ ဗိုက်ကပူ၊ လက်မောင်းတွေက တွဲကျ၊ ဂျင်မှာ ကစားတာ ခြောက်လကျော်ပြီ။ ကိုယ့်ကိုကိုယ် တိုးတက်လာတယ်လို့မခံစားရဘူး။ ဒါက လည်း ကိုယ့်အပြစ်ပဲလေ။ ဒီကပြန်တာနဲ့ ဆိုင်ထိုင်ပြီး ဘရိတ်ဖတ်စ်စားတာကိုး။ မုန့်ဟင်းခါးဆို နှစ် ပွဲ၊ လက်ဖက်ရည်ကပါသေး။ နေ့လည်ကျတော့ ဝက်ပုန်း၊ ဝက်ခြေထောက်စွတ်ပြုတ်များပါရင် နှစ်ပန်းကန်လောက်က အသာလေး။ ညနေ ကျတော့ အပေါင်းအသင်းကောင်း ရင် တစ်ခွက် တစ်ဖလား။ အပေါင်းအသင်းမကောင်းတဲ့ နေ့ ကလည်း မရှိသလောက်။

လူလည်းအရွယ်ရ၊ဗိုက်ကလည်း အရွယ်ရတာအတော်ခက်တာပဲ။ ဘောင်းဘီကလည်း ခြောက်လ တစ်ခါလောက် ပြောင်းရမလိုဖြစ်နေတယ်။ ဒီလိုနဲ့ ဂျင် ကိုရောက်လာတာပဲ။ ဂျင်ဆိုပေမယ့်လည်း တွေ့ရာနေရာဆော့လို့မဖြစ်ပြန်ဘူး။ နာမည်ကြားလိုက်တာနဲ့ လူရှိန်မယ့် ဂျင် လည်းဖြစ်ရဦးမယ်။ အဲ ဈေးကတော့ မသေးဘူးပေါ့။ ပြန်စဉ်းစားလိုက်တော့လည်း တကယ်ဝိတ်ကျချင်လို့ ကစား တာလား၊ ဒါမှမဟုတ် ကိုယ်လို လူတွေ ကြားမှာ ခေတ်စားနေလို့ လိုက်ကစားနေတာလား မကွဲပြား ဘူး။ ဒါပေမယ့် လူချင်းဆုံရင် ဂျင်က ပြန်လာတာဗျ၊ ဂျင်သွားမလို့၊ ဂျင်ကစားနေတယ် လို့ ပြောရတာ အရသာရှိသား။

ဂျင် ကစားတယ်ဆိုပေမယ့် ဘာမှထူးမလာဘူးဆိုရင်လည်း မဟုတ်သေးဘူး။ ဂျင် ကစားတဲ့ ပြဿနာက အဲဒါပဲ။ လေးငါးခြောက်လလောက်မှ ထူးမလာဘူးဆိုရင် ဂျင်သွားပြီး သူများတွေ က တာ ခုန်တာ ထိုင်ကြည့်နေတာလားလို့အမေးခံရမယ်။ ဒီတော့ အစားလေ ျှာ့မှ။ ပြီးရင် ကြွက်သား တွေ ကျစ်ကျစ်လစ်လစ်ဖြစ်ဖို့ ပရိုတင်းဖြည့်ရမယ်။ လိုအပ်ရင် ကိုယ်ပိုင် နည်းပြနဲ့ ကျင့်ရမယ်။

“ ဘူးကြီး တစ်ဘူးပေး” ဆိုသည့် အသံကြောင့် သန့်ရှင်းရေးကောင်လေး နဲ့ကောင်မလေး အကြည့် ချင်းဆုံသွားသည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုပေမယ့် တကယ်တော့ ငွေရှိမှ ကျန်းမာ တာပါလေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: