ဗဟိုအမျိုးသမီးဆေးရုံကြီးရှေ့တည့်တည့်မှာ နှင်းဆီကုန်းလမ်းဆိုတာရှိတယ်။ နီနီ ဆေးခန်း ရှိတဲ့ လမ်းဆိုရင်လူပိုသိတယ်။ အဲဒီလမ်းထဲမှာ အရုဏ်ဦး ဆိုတဲ့ စားသောက်ဆိုင်လေးရှိတယ်။ ဆိုင် နာမည်ကို အင်္ဂလိပ်လို Yangon Noodle Bowl လို့ရေးထားတယ်။ အရုဏ်ဦှး ရန်ကုန် ခေါက်ဆွဲဆိုင်လို့ ဆို ရမှာပေါ့။ ဆိုင်က နောက်ဘက်နည်းနည်းရောက် တယ်။ သစ်ပင်ကြီးတွေ လည်းရှိနေတော့ နေရာမသိတဲ့သူတွေဆိုရင် ကျော်သွားနိုင် တဲ့ ဆိုင်မျိုး။
ဒီဆိုင်ကို သိလို့သွားခဲ့တာမဟုတ်ဘူး။ နီနီဆေးခန်းဘက်ရောက်ရင်း တစ်ခုခု စားချင်လို့ Luckey Seven ဆိုင်ဘက်ကို သွားရင်း တွေ့ခဲ့တာ။ Noodle Bowl လို့ နာမည်ပေးထားပေမယ့် ဆိုင်းဘုတ်မှာပါတဲ့အတိုင်း မြန်မာ အစားအစာလေးတွေ စုံစုံလင်လင်ရတယ်။ ကော်ဖီ၊ လက်ဖက်ရည် နဲ့ အအေးလည်းရတယ်။
ထုံးစံအတိုင်းမုန့်ဟင်းခါးမှာစားတယ်။ ထင်တာထက်ပိုကောင်းပါတယ်။ လူပြောများလှတဲ့ အင်းလျားလမ်းက မုန့်ဟင်းခါးကို ကြိုက်တယ်ဆိုရင် အရုဏ်ဦး မုန့်ဟင်းခါးဟာ အဲဒီ လက်ရာ အတိုင်းပဲလို့ ပြောလို့ရတယ်။ ဈေးကတော့အများကြီးသက်သာတယ်။ အလွတ်တစ်ပွဲ ၁၀၀၀၊ ပဲကြော်က ၂၀၀၊ အိုးဘဲဥ ၅၀၀။
အချိုမှုန့်မသုံးဘူးလို့ ကြေညာထားတယ်။ စားကြည့်တော့လည်း အချိုမှုန့်သုံးထားတဲ့ ခံစားမှုမျိုး မရဘူး။ ငါးအရသာ ပြည့်ပြည့်၀၀ရတယ်။ ငရုတ်ကောင်းမှုန့် နိုင်းချင်းနဲ့ ချက်တာမျိုးလည်း မဟုတ် ဘူး။
ဒီဆိုင်လေးကို သဘောကျမိတာကတော့ ဆိုင်နဲ့ ဝန်ထမ်းတွေရဲ့ သန့်ရှင်းသပ်ယပ်မှုပဲ။ ဆံပင်တွေ အစားအသောက်ထဲမကျအောင် ခေါင်းစွပ်လေးတွေ ဝတ်ထားတာက တွေ့ရခဲတဲ့ ဝန်ဆောင်မှုပါ။ ငြုပ်သီးမှုန့်၊ နံနံပင်၊ သံပုရာသီး စတဲ့ အဆာပလာတွေ ထည့်ပေးတဲ့ခွက်လေး တွေကလည်း စားရတာ စိတ်သန့်စေတယ်။
ကျန်တဲ့အစားအသောက်တွေကတော့ နောက်တစ်ခါ ကြုံမှပဲ စမ်းကြည့်ရမယ်။ စနေ၊ တနင်္ဂနွေ ဆိုရင်တော့ အုန်းထမင်းရတယ်လို့ ကြေညာထားတာလည်းတွေ့ခဲ့တယ်။