“မိုးတွေရွာစွေ” မိုးဘွဲ့သီချင်းတွေထဲမှာ ထူးခြားလှတဲ့ ကိုခင်ဝမ်း ရေးဖွဲ့ခဲ့သော သီချင်းဖြစ်သည်။ ကိုခင်ဝမ်းသီချင်းခွေတွေထဲမှာ ထူးထူးခြားခြား အမျိုးသမီး အဆို တော် ပါဝင်သီဆိုခဲ့သောသီချင်းလည်းဖြစ်သည်။ အဆိုတော်အမည်ကလည်း မိုးမိုး ၊ မိုး ဆိုတဲ့ စကားလုံးကို ထပ်ကာ ထပ်ကာ ဖွဲ့သီထားသောသီချင်း
ကောင်းကင်ထက်မှာ ၊ ခြိမ်းကာ ခြိမ်းကာ ၊ လ ျှပ်စစ်ဝင်းလက်၊ ပြက်ကာ ပြိုးကာ
နက်မှောင် တိမ်ညို လွှမ်းခြုံမိုးနေ၊ ကိုင်းခက်လေဆောင် နွဲ့၍ ထိမ်းနေ
တိမ်းကာ ယိမ်းကာ မိုးတွေ ရွာစွေ xxx
မိုးရေ မိုးရေ မိုးတွေ ရွာစွေ ရွာစွေပါ မိုးရေ
သီတင်းကျွတ်မှာ နှုတ်ဆက်သွားပြီ၊ အပူတွေပဲထားခဲ့ပြီဟု ထင်ခဲ့သော ရန်ကုန်မိုးက ဆိုင်းမပါ ဗုံမဆင့် ပြန်ရောက်လာသည်။ အေးမြခြင်းတွေကို ပြန်လည်ယူဆောင်လာ ပြန်ပြီ။ ညကလည်း တစ်ညလုံး မိုးတွေ မိုးတွေ မိုးတွေရွာစွေ။
ဇနီးဖြစ်သူက ခရီးထွက်ဖို့ ရှိတော့ မိုးမနက်ခင်းက ပိုပြီးလွမ်းဖို့ကောင်းနေသည်။ အိမ်က ထွက်တော့ မနက်သုံးနာရီကျော်ကျော်၊ ၄၇ လမ်းထိပ် ဆုံရပ်ကို ပို့ပြီး အိမ်မပြန်သေးဘဲ ကားလေ ျှာက်မောင်းသည်။ လမ်းမကြီးတွေပေါ်မှာ နီယွန်မီးရောင်တွေ၊ မိုးစက်တွေ၊ ကား တစ်စီးစ၊နှစ်စီးစ၊ ရန်ကုန်မြို့ကြီးမနိုးသေးဘူး။
မြို့တော်ကြီး မနိုးသေးပေမယ့် မြို့တော်ကြီးရဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကတော့ မြို့တော် ကြီးကို အလှဆင်ဖို့ နိုးထနေပြီ။ မိုးရွာထဲမှာ တစ်ချို့က ပလတ်စတစ်တွေ ခြုံလို့၊တစ်ချို့ က အဆောင်းအကာ မပါ ဒီအတိုင်း။ အမှိုက်လှည်းတွေ၊ တံမြက်စည်းအဟောင်းတွေ၊ ဂေါ် တွေနဲ့။ မြို့တော်ဝန်တွေ ဘယ်လောက်ပြောင်းပြောင်း၊ ဌာနမှူးတွေ ဘယ်လောက်လဲလဲ၊ မြို့နယ်စည်ပင်တွေ ဘယ်လို ဖွဲ့ဖွဲ့၊ ဟောဒီမြို့ကြီး နည်းနည်းလေး သန့်ရှင်းသွားဖို့ အတွက် အခြေခံအကျဆုံးအလုပ်ကို လုပ်နေတဲ့ သူတွေပေါ့။ သင်္ကြန်မှာ မပျော်နိုင်ဘဲ ပျော် ခဲ့သူတွေ ရှုပ်ခဲ့သမ ျှ ရှင်းရတာလည်း သူတို့ပဲဖြစ်သည်။ တန်ဆောင်တိုင်၊သီတင်းကျွတ်၊ နှစ်သစ်ကူး ခေါင်းစဉ်အမျိုးမျိုးနဲ့ပွဲတော်တွေပြီးသွားတဲ့အခါ ကျန်ခဲ့သမ ျှ အမှိုက်တွေကို ရှင်းရတာလည်း သူတို့။ မိုးရွာရွာ နေပူပူ လမ်းတွေပေါ်မှာ သူတို့ရှိနေသည်။ ရှိနေတာ ကို သတိမထားမိပေမယ့် တစ်ခါတစ်လေ အကြောင်းကြောင်းကြောင့် ရှိမနေခဲ့ရင် အရင်ဆုံး အပြစ်တင်ခံရတာလည်း သူတို့ပဲဖြစ်သည်။
လမ်းပေါ်မှာ တက္ကစီကားတစ်စီး၊ နှစ်စီးသွားနေပြီ။ တစ်ချို့က လမ်းဆုံမှာ၊ ပုဂ္ဂလိဆေးရုံ တွေနားမှာ ဂိတ်ထိုးထားကြသည်။ ညအိပ်၊ ညနေ ဂိတ်ထိုးထားတတ်သော ဆိုက်ကားတွေ တော့ တွေ့ရတာအတော်နည်းလာပြီ။ အရင်ကတော့ ဂိတ်မှာ၊ လမ်းထောင့်တွေမှာ၊ ဈေး၊ ကားဂိတ်နားမှာ ညအိပ်ဂိတ်ထိုး၊ ဆိုက်ကားဆရာက ရှေ့ခုံလေးမှာ ကွေးကွေးလေးအိပ် နေတာကိုက မြို့ပြ မြင်ကွင်းဖြစ်သည်။
မြို့တော်အကြီးအကဲတစ်ယောက်ကတော့ ဆိုက်ကားဆိုတာ လူလူချင်းစီးတာဖြစ်လို့ ခေတ်နဲ့မညီတော့ဘူးလို့ ပြောတာကြားခဲ့ရသည်။ ထိုပုဂ္ဂိုလ်ကြီးကတော့ ဆိုက်ကားတစ် စီးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ပါးစပ်များ၊ ဗိုက်ဟောင်းလောင်းများကို မြင်ပုံမရ၊ တကယ် တော့ ရန်ကုန်မြို့လည်မှာ ဆိုက်ကားခေတ်မကုန်သေး။ ဆိုက်ကားကို လပြတ်ငှားပြီး က လေးကျောင်းပို့ကြိုလုပ်နေသူတွေ၊ဈေးသွား၊ဈေးပြန် ဆိုက်ကားစီးသူတွေ၊ ဖောက်သည် တွေဆီကို ပစ္စည်းပို့ခိုင်းတဲ့ဆိုင်တွေရှိနေဆဲဖြစ်သည်။ မိုဘိုင်းဖုန်းခေတ်မှာ ကိုယ့်ဖောက် သည် ဆိုက်ကားဆရာကို ဖုန်းဆက်ပြီး ဘယ်ဆိုင်က ပစ္စည်းသွားယူပေးပါလို့ ခိုင်းသူတွေ ရှိနေဆဲဖြစ်သည်။
ဆိုက်ကားဆရာတွေကို စိတ်ခုမိတဲ့အချိန်ကတော့ အခုလို ကထိန်ရာသီပဲဖြစ်သည်။ ဆိုက် ကားဂိတ်တွေမှာ အသံချဲ့စက်အကျယ်ကြီးဖွင့်၊အလှုခံကြ၊ကထိန်အတွက် ပြင်ဆင်ကြ ဆို ရင်တော့ “ ဒီလူတွေကွာ” လို့တွေးမိသည်။ ဒါပေမယ့် စဉ်းစားကြည့်တော့လည်း သူတို့ မှာ တစ်နှစ်တစ်ခါ ဒီတစ်ကြိမ်ပဲ အလှုအတန်းကြီးကြီးမားမားလုပ်နိုင်တာပါ။ တစ်ယောက် ချင်း၊တစ်အိမ်ချင်း ကထိန်ခင်းဖို့မဖြစ်နိုင်တဲ့ အောက်ခြေလူတန်းစားတွေအတွက် စုပေါင်း ကုသိုလ်လုပ်နေတာပဲလေ လို့တွေးမိတော့ အသံချဲ့စက်အသံက နားခံနိုင်စရာဖြစ်လာ သည်။ ကထိန်လှည့်တဲ့အချိန် ပျော်ပါးနေတာကိုလည်း နားလည်ပေးနိုင်လာသည်။
မနက်စောစော မြို့တော်ကြီးရဲ့ လမ်းတွေပေါ်မှာ အသစ်တိုးလာတာကတော့ အင်္ဂလိပ် နာမည် အမျိုးမျိုးနဲ့ စတိုးဆိုင်လေးတွေဖြစ်သည်။ တစ်ရက် ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက် မပျက်မကွက်ဖွင့်သည့်ဆိုင်တွေ။ သမားရိုးကျ အိမ်ဆိုင်လေးတွေအတွက် စိန်ခေါ်မှုဖြစ်ပေ မယ့် မြို့ပြလူထုအတွက်တော့ အတော်အဆင်ပြေသည်။ ဒီဆိုင်လေးတွေမှာ အလုပ်လုပ် နေသူအများစုက နယ်ကလာတဲ့ လူငယ်လေးတွေ။ ကျွန်တော်တို့တိုက်ခန်းနဲ့ မလှမ်း မကမ်းမှာ အဲဒီလူငယ်လေးတွေနေတဲ့ အခန်းတစ်ခန်းရှိသည်။ လုပ်ငန်းရှင်က ငှားပေးထား တာဖြစ်မည်။ မနက်ဆို တူညီဝတ်စုံလေးတွေနဲ့ထွက်သွားကြ၊ညနေပြန်လာကြ၊နောက်တစ် ဖွဲ့ထွက်သွားကြ၊ နာရီတစ်လုံးလို ပုံမှန်လည်ပတ်နေတဲ့ သူတို့ဘဝတွေအကြောင်း ပိုသိချင် မိသည်။ ညဘက်အလုပ်ဆင်းရတဲ့သူတွေအတွက် ဘဝလုံခြုံရေး၊ လစာ၊ နားရက်၊ အလုပ် သမားအခွင့်အရေး၊ သာရေး၊နာရေး၊မိသားစုဘ၀ ဘယ်လိုရှိမလဲ။ မီးရောင်ထိန်ထိန်လင်း နေသော စတိုးဆိုင်ထဲက ဘဝတွေကရော အလင်းရောင်ကို မြင်ရရဲ့လား။
ကားမောင်းရင်း နဲ့ လမ်းဘယ်ညာမှာ ရှာမိတာက အလင်းဆိုင်လို့ခေါ်တဲ့ဆိုင်လေးတွေ၊ ဆိုင်ခင်းနေသော လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင် ၊နှစ်ဆိုင်တွေ့သည်။ ဒါပေမယ့် ကျွန်တော်ထိုင်ချင်သောဆိုင်က အလင်းဆိုင်သေးသေးလေး။ ထမင်းကြော်နဲ့ ကြက်ဥ ကြော်၊ ဝက်သားဟင်း၊ အမဲသားဟင်း၊ချဉ်ပေါင်ကြော် စတဲ့ ထွေလီကာလီလေးတွေရောင်း တဲ့ဆိုင်။
၁၉ ၇၈ – ၁၉ ၈၆ ကာလမှာ စစ်တက္ကသိုလ်က ခွင့်ပြန်လာတဲ့အချိန်၊ တပ်ရင်းစစ်ဆင်ရေး က ပြန်နားလို့ခွင့်ရချိန်မှာ အမြဲဆုံဖြစ်သော သူငယ်ချင်းတစ်စုရှိသည်။ အမြဲစုအိပ်လေ့ရှိ သော အိမ်တစ်အိမ်လည်းရှိသည်။ ညနေဘက်ဆို ရီဝေကြ၊ ဂစ်တာတီးကြ၊ စကားဖောင်ဖွဲ့ ကြ၊ ပြီးရင် လှည်းတန်းမီးပွိုင့်နားက အလင်းဆိုင်လေးမှာ ထမင်းကြော်သွားစားကြ၊တစ်ခါ တစ်လေကျတော့ သူတို့ ချောင်းဆိုးနေတဲ့အခါ ကျွန်တော်တစ်ယောက်ထဲ ရီဝေေ၀။ အခု တော့ သူငယ်ချင်းတွေမဆုံဖြစ်တာကို အတော်ကြာခဲ့ပြီ။ ကိုယ့်ဘ၀ စက်ဝိုင်းနဲ့ ကိုယ် လည်ပတ်နေသော ကျွန်တော်တို့မှာ စိတ်ချင်းနီးပြီး လူတွေဝေးနေခဲ့တာကြာပြီပဲ။
အနော်ရထာလမ်းအတိုင်းမောင်းလာခဲ့တာ ဝါးတန်းလမ်းရောက်တဲ့အထိ ကျွန်တော် ထိုင် ချင်သော အလင်းဆိုင်လေးတွေကို ရှာမတွေ့သေး။ မတွေ့နိုင်ဘူးဆိုမှ ပိုလွမ်းလာသည်။ သူငယ်ချင်းတွေကို လွမ်းသည်။ ငယ်ဘဝကို လွမ်းသည်။ ဆရာစိုင်းခတ်လိတ်ရဲ့ အပူအပင် ကင်းတဲ့ ကလေးလေး ဘဝကို လွမ်းသည်။ ကြွေ နေတဲ့ ပန်းလေးတွေကို လိုက်ကောက် ခြင်းမှာ မပျော်ခဲ့ဘူးပေမယ့် မိုးရေထဲမှာ ပျော်ပျော်ကြီးကစားခဲ့တာကိုလွမ်းသည်။
မိုးက ပိုသည်းလာသည်။ ရေသုတ် တံက အရှိန်မြန်မြန်နဲ့ ကားရှေ့မှန်ပေါ်က မိုးရေ စက်တွေကို ဖယ်ရှားပေ မယ့် မိုးရေတွေပျောက်မသွား။ ကုန်မသွား။ ဖယ်ရှားဖို့ ကြိုးစား လေ ပိုများလေ။ နောက်ဆုံး ရှေ့မြင်ကွင်းကိုတောင် ကောင်းကောင်းမမြင်ရတော့။
စိတ်ကြေးမုံပြင်ပေါ်က လွမ်းမောဖွယ်အတိတ်တွေလည်း အချိန်ကာလ ရေသုတ်တံ နဲ့ ဖယ်ရှားပေမယ့် မေ့ပျောက်မသွား၊ ကြာလေ ပိုသတိရလေ။ ပိုလွမ်းလေဖြစ်သည်။
အလိုလိုနေရင်း ကားကို အရှိန်လျော့လိုက်မိသည်။နောက်တော့ လမ်းဘေးမှာ ထိုးရပ် လိုက်သည်။ ရန်ကုန် မိုးမနက်ခင်းမှာ ကိုယ်တစ်ယောက်တည်း။
ပြုံးပျော်ခဲ့တယ်၊ မိုးရေထဲမှာ၊ xx
မိုးရေ၊ မိုးရေ၊ သဲပါ၊ သဲပါ၊ မိုးတွေရွာစွေ
ဦးရဲရေ ဒီထိတော့လိုက်လာပီ ။ဦးရေးတာတွေ ဖတ်လို့ကောင်းလို့ပါ။ ဒီထဲမှာတော့ နီပေါတွေမရှိဘူးမလား
LikeLike