ဆိတ်ငြိမ်ရာ (၂)


ရန်သူမျိုးငါးပါးထဲမှာ အသံ တစ်ပါး ထပ်တိုးထားတဲ့ ရန်သူမျိုးခြောက်ပါး ရှိရာရန်ကုန်ကနေ ခရီးထွက်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်က နားအေးပါးအေးနေချင်ရင် ပေါက်ခေါင်း ၊ အုတ်တွင်း လမ်းပေါ်က Bago Yoma Eco Resort ကိုသွားလို့ အကြံပေးတယ်။ အနီးဆုံးရွာနဲ့ ငါးမိုင် လောက် ဝေးတယ်။ အခန်းထဲမှာ ဖုန်းမမိဘူး။ အင်တာနက်မရဘူး။ တီဗီမရှိဘူး။ သူပြောတဲ့ ဘာမှ မရှိဘူးဆိုတာနဲ့တင် အဲဒီအပန်းဖြေစခန်းသာလေးကို သွားဖို့ လုံလောက်သွားပြီ။
ဒီခရီးမှာ ရည်ရွယ်ချက်သုံးခုရှိတယ်။ ပထမတစ်ခုက စိတ်အေးလက်အေး နားအေး ပါးအေး နားဖို့၊ ဒုတိယတစ်ခုက ကိုယ့်ရဲ့ ခရီးဝေး ကားမောင်းနိုင်စွမ်းကို စမ်းသပ်ချင်လို့၊ နောက်ဆုံးတစ် ချက်က တော့ တောတောင်ထဲမှာ ခြေလျင်ခရီးကြမ်းနှင်ဖို့ဖြစ်ပါတယ်။
လမ်းကြောင်း
ရန်ကုန်ကနေ ဒီအပန်းဖြေစခန်းကို လာဖို့ လမ်းကြောင်းသုံးခုရှိတယ်။ ပထမတစ်ခုကတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအတိုင်းလာပြီး အုတ်တွင်းလမ်းခွဲကနေ လာတာ ဖြစ်ပါတယ်။ တောင်အတက်အဆင်းများတယ်၊ အကွေ့အကောက်များတယ်။ တောင်ပေါ် လမ်းကို ငါးနာရီလောက်မောင်းရမယ်။ မသွားသင့်ဘူး။
ဒုတိယလမ်းကြောင်းကတော့ ရန်ကုန်- ပြည် – ပေါက်ခေါင်း လမ်းအတိုင်းလာတာဖြစ်ပါတယ်။ ပေါက်ခေါင်းကနေ ဟိုတယ်အထိ မိုင်နှစ်ဆယ်ကျော်ပဲ တောင်တက်လမ်းရှိတယ်။ အကွေ့ အကောက်ရှိပေမယ့်အတက်အဆင်းမကြမ်းဘူး။ ကျွန်တော် သုံးတာ ဒီလမ်းကြောင်းဖြစ် ပါတယ်။ ဟွန်ဒါ ဖစ် ကလေးနဲ့ ကောင်းကောင်းလာလို့ရပါတယ်။ ပြည်ကနေ ဆိုရင် ဟိုတယ်အထိ ၄၃ မိုင် ရှိတယ်။
တတိယလမ်းကြောင်းကတော့ ရန်ကုန် – ပြည်လမ်းအတိုင်း ပေါင်းတည်ကျော်ရင် ပုတီးကုန်း- သဲကုန်း- ဆင်မြီးဆွဲ လမ်းအတိုင်းဝင်လာပြီး ဆင်မြီးဆွဲ- ပေါင်းတလည်- ပေါက်ခေါင်း ကနေ ဟိုတယ်ကို သွားတာဖြစ်ပါတယ်။ ပြည်ကို ဝင်ဖို့မရှိရင် အဲဒီလမ်းအတိုင်းသွားတာကောင်းတယ်။ ၄၅ မိနစ်လောက် အချိန်သက်သာတယ်။ ကျွန်တော် ကတော့ ဒီလမ်းအကြောင်းမသိလို့ အပြန် ကျမှ သုံးခဲ့ပါတယ်။ လမ်းကောင်းပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ အသွားမှာ သဲကုန်းလမ်းခွဲကနေသွား။ အပြန်မှာ ပြည် တစ်ဝိုက်က ပျုယဉ်ကျေးမှုအမွေအနှစ်တွေကို ဝင်လေ့လာပြီးမှ ရန်ကုန်ကို ခရီးဆက်တာ ဖြစ် ပါတယ်။ တစ်ခု သတိထားသင့်တာက အသွားမှာ ဟိုတယ်ကို ညနေ ငါးနာရီ မထိုးခင်အရောက်သွား နိုင်ဖို့ပါပဲ။ ညဘက်ရောက်ရင် တောင်ပေါ်လမ်းမှာ ကားမောင်းရတာ အရမ်းခက်ခဲတယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။
အဝေးပြေးကားနဲ့ ပြည် ဒါမဟုတ် ပေါက်ခေါင်းကို လာပြီး ဟိုတယ်ကို ကားကြိုခိုင်းရင်လည်း ရတယ်။ ကားခတော့ ထပ်ပေးရမယ်။ ဟိုတယ်နဲ့ ကြိုညှိထားရမယ်။
ဟိုတယ်
ဒီဟိုတယ်ဟာ ဗိသုကာလက်ရာအရရော ၊ ဝန်ဆောင်မှုအရရော၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားတယ်။ ပုပ္ပါးတောင်မကြီးပေါ်က အပန်း ဖြေ စခန်းသာဟိုတယ်မှာလည်း နေခဲ့ဖူးတယ်။ အဲဒီဟိုတယ်က မြင်ရတဲ့ ရှုခင်းက ဒီဟိုတယ်ထက် ပိုကောင်းတယ်။ ဒါပေမယ့် ပုပ္ပါးတောင်ကလပ်ဘက်က လာတဲ့ လော်စပီကာသံတွေကြောင့် စိတ် ပျက်ရတယ်။ တောတောင်ထဲမှာ နေရတယ်ဆိုတဲ့ ခံစားမှုကို မရဘူး။
ဒီဟိုတယ်ကတော့ တောင်ကြားချိုင့်ဝှမ်းလေးထဲမှာ ဆောက်ထားတာဆိုတော့ ဟိုး အဝေးကြီးက မြင်ကွင်း ကို ကြည့်လို့မရဘူး။ တောအုပ်ထဲမှာ ထိုင်နေတဲ့ ခံစားမှုမျိုးကိုပဲပေးနိုင်တယ်။ သူ့ရဲ့ အားသာချက်ကတော့ တိတ်ဆိတ်ငြိမ်သက်မှုပဲ။ အခန်းတွေထဲမှာ ရုပ်မြင်သံကြားစက်မရှိဘူး။ ဖုန်းလိုင်း မမိတဲ့အတွက် ဖုန်းအကျယ်ကြီးအော်ပြောနေသူတွေ မရှိဘူး။ ငှက်သံက အစ သစ်ရွက်လေ တိုး သံအထိကြားရတယ်။ အလိုက်မသိတဲ့ ဧည့်သည်တွေသာ မရှိ ဘူး ဆိုရင် ၉ ဝ% တိတ်ဆိတ်တယ်လို့ ဆိုနိုင်တယ်။
အိပ်ခန်းတွေကတော့ ကြယ်သုံးပွင့်ဟိုတယ်တစ်ခုမှာ ရှိသင့်ရှိအပ်တဲ့ အရာအားလုံးပြည့်စုံ တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ စဉ့်အိုးထဲက ရေကို ခပ်ချိုးရတာ ပါပဲ။ ရေပန်းလည်းရှိပေမယ့် ခေါင်းကနေ တဗွမ်းဗွမ်းလောင်းချိုးရတာလောက် အရသာမရှိဘူး။ နောက် ထူးခြားချက်တစ်ခုကတော့ ခြင် ကိစ္စပဲ။ ညတိုင်း ဝရန်တာမှာ ထွက်ထိုင်ပေမယ့် ခြင်ကိုက်မခံရ ဘူး။ ရန်ကုန်ကမှာ ခြင် ပိုပေါသေးတယ်လို့ ဆိုရမယ်။ ဟိုတယ်ပတ်ဝန်းကျင်က ရေအိုင်တွေကို ပုံမှန်ဆေးခတ်ပေးတာကြောင့်ဖြစ်မယ်ထင်တယ်။
ဟိုတယ်က အခန်း သုံးဆယ်ကျော်ပဲရှိတယ်။ လေးခန်း၊ ငါးခန်းတွဲအဆောင်တွေရှိတယ်။ လုံးချင်းအိမ်လေးတွေရှိတယ်။ Suite အဆောင်နှစ်ခုရှိတယ်။ ကျွန်တော်ကတော့ လုံးချင်း အဆောင်လေးမှာနေခဲ့တယ်။ အဆောင်နံပါတ် ၂၀၁ နဲ့ ၂၀၅ က အစွန်ကျတဲ့အတွက် ပိုပြီး နေလို့ကောင်းတယ်။
မီးက ည ၇ နာရီကနေ မနက် ၇ နာရီအထိတစ်ကြိမ်၊ နေ့လည် ၁ နာရီကနေ ၄ နာရီ အထိ တစ်ကြိမ်ပေးတယ်။ အခန်းထဲမှာ လေအေးပေးစက်ရှိတယ်။ ကျွန်တော် ကတော့ ပြူတင်း ပေါက် တွေဖွင့်ပြီးအိပ်တယ်။ ခြင်ဆန်ခါ တပ်ထားတဲ့အတွက် ပိုး မွှား အန္တရာယ်မရှိဘူး။ ညမှာ ပိုးကောင်လေး ေ တွရဲ့ အသံနဲ့အိပ်ပြီး မနက်ခင်းမှာ ငှက်လေး တွေ အသံ နဲ့ နိုးရတာ စိတ်ချမ်းမြေ့စရာပဲ၊ တောထဲမှာ တံခါးအလုံပိတ်ပြီး လေအေးစက်နဲ့အိပ်ရတာဟာ သဘာဝက ပေးထားတဲ့ အကောင်းဆုံးလက်ဆောင်ကို လွှင့်ပစ်တာနဲ့ အတူတူပဲ။ ညဘက် ရာသီဥတုက လည်း အရမ်းမပူပါဘူး။ ရှေ့ရှောက်ဆောင်းတွင်းဆိုရင် ပိုတောင်နေလို့ကောင်း မယ်။
ဘာလုပ်မလဲ
တောတောင်ထဲက ဒီဟိုတယ်မှာ ဘာလုပ်ရမလဲလို့ မေးစရာရှိပါတယ်။
အကောင်းဆုံးကတော့ အလုပ်တွေ ဒါမှမဟုတ် အလုပ်မဟုတ်ပေမယ့် အလုပ်လို့ ထင်ပြီး ကိုယ့်ကို ဖိစီးနေတဲ့ အရာ တွေကနေ ရုန်းထွက်ပြီး ဘာမှမလုပ်ပဲ နေခြင်းနဲ့ အနားယူပါ။ ဖုန်းတွေ၊ အင်တာနက်တွေကနေ ဝေးဝေးနေပါ။ အခုခေတ်မှာ ဒါတွေမရှိရင် နေလို့မရဘူူးလို့ပြောနေပေ မယ့် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒါတွေမရှိဘဲ နေထိုင်ခဲ့တာပဲမဟုတ်လား။
တစ်ခုခုတော့ လုပ်ချင်သေးတယ်ဆိုရင် စာအုပ်တွေယူသွားပါ။ တောတောင်ထဲမှာလမ်းလေ ျှာက် ပါ။ ကားလမ်းအတိုင်း တောင်ပေါ်ကရင်ရွာလေးတွေကို သွားပါ။ ဒေသစာတွေကို မြည်းစမ်းကြည့် ပါ။ ဒေသခံတွေနဲ့ စကားပြောပါ။ ကျွန်းစိုက်ခင်းတွေအကြောင်းလေ့လာပါ။ ငှက်ကြည့်ပါ။ တောင်ပေါ်ကနေ နေဝင် ချိန်ကို ကြည့်ပါ။
ကိုယ့်မှာ အဖော်ပါတယ်ဆိုရင်လည်း စကားနည်းနည်းပဲပြောပါ။ မြို့ မှာ ရှိနေချိန်မှာ စကားတွေအများကြီးပြောခဲ့ပြီးပြီပဲ။ အတူတကွ ရှိနေခြင်းကိုသာ ခံစားပါ။ သဘာဝမှာ ပျော်မွေ့ပါ။
ပြန်ချုပ်လိုက်ရင်တော့ မြို့မှာ လုပ်လို့ရတာတွေ အားလုံး ဘာမှမလုပ်ပါနဲ့ ၊ ဒီနေရာ ဒီဒေသမှာပဲ ခံစားလို့ရမယ့် အရာအားလုံးကို အပြည့်အဝခံစားပါ။
ပြုပြင်စရာ
သဘာဝအပန်းဖြေစခန်းသာလေးဟာ သဘာဝပတ်ဝန်းကျင်ကို အကောင်းဆုံးထိန်းသိမ်းပေး ထား တယ်။ ဧည့်သည်တွေကို အေးချမ်းဆိတ်ငြိမ်မှုပေးနိုင်အောင် အစွမ်းကုန်ကြိုးစားထားတယ်။ ဒါပေမယ့် ပြုပြင်စရာလေးတွေလည်း ရှိသေးတယ်။
ပထမတစ်ချက်ကတော့ အသံဆူညံမှု၊ အမှိုက်လွှင့်ပစ်မှုနဲ့ပတ်သက်ရင် ဟိုတယ်ရဲ့ စည်းကမ်းကို အတိအကျထိန်းသိမ်းဖို့ပါပဲ။ အထူးသဖြင့် ရုံးပိတ်ရက်ရှည်တွေမှာ အဲဒီ ပြဿနာရှိတဲ့ အကြောင်း ကြားခဲ့ရတယ်။ ကျွန်တော်ကတော့ ရုံးဖွင့်ရက်ကို ရွေးသွားခဲ့တဲ့အတွက် အဲဒီပြဿနာနဲ့ မကြုံခဲ့ ရ ဘူး။ ဧည့်သည်ဟာ အမြဲမမှန်ပါဘူး။ ကျွန်တော်တို့လူမျိုးကလည်း မျက်နှာဖြူဖွင့်တဲ့ ဟိုတယ် ဆိုရင် ခြေသုတ်ပုဆိုး၊ ကိုယ့်လူမျိုးပိုင်တဲ့ ဟိုတယ်ဆိုရင် မခန့်လေးစား လုပ်ချင်တယ်။
ဒုတိယအချက်ကတော့ ဟိုတယ်ဝန်ထမ်းတွေရဲ့ စကားပြောစက်တွေပါ။ အမြဲတမ်းဖွင့်ထား တဲ့ အဲဒီ စကားပြောစက်တွေကနေ ထွက်နေတဲ့ ဂျီးဂျီး ရှဲ ရှဲ အသံတွေ၊ မကြားရလို့ အော်ပြောနေတဲ့ စကား သံတွေဟာလည်း အသံညစ်ညမ်းမှုပဲ။ မလေးရှားက အပန်းဖြေစခန်းတစ်ခုမှာ စကားပြောစက်သုံး တဲ့ ဝန်ထမ်းတွေက နားကြပ်လေးတွေတပ်ထားတာ၊ တိုးတိုးလေးပြောတာ သတိထားမိတယ်။ အခု ဟိုတယ်မှာလည်း အဲဒီ စနစ်လေးကို ကျင့်သုံးနိုင်ရင် ပိုပြီး ပြည့်စုံသွားမှာပါ။
နောက်တစ်ခုကတော့ ဧည့်ကြိုကောင်တာက ဖုန်းသံပဲ။ ဒီဟိုတယ်ရဲ့ ဧည့်ကြိုကောင်တာ အပေါ်ထပ်မှာ ရှိတဲ့ စာဖတ်ခန်းဟာ စာဖတ်လို့ အနားယူလို့ကောင်းတယ်။ ဒါပေမယ့် ဒီဟို တယ်ရဲ့ တစ်ခုတည်းသော ဖုန်းရဲ့ ဖုန်းမြည်သံဟာ စာဖတ်နေသူအတွက် အနှောင့်အယှက် ဖြစ်တယ်။ အသံကျယ်သလို အသံကလည်း ဆိုးလှတယ်။ အဲဒီအသံအစား ငှက်အော်သံလေးဖြစ်ဖြစ်၊ ဒါမှမဟုတ် မီးနီလေးပဲ လင်းအောင်လုပ်ထားရင် အတော် ကောင်း မယ်။
ကိုယ့်အမြင်
ဆရာစိုင်းခမ်းလိတ်ရေးဖွဲ့သလို လူတွေနဲ့ ဝေးဝေး ဝေးတဲ့ နယ်မြေ ကို သွားမယ်၊ တောရဲ့ ရင်ခွင်မှာ ပျော်မယ်ဆိုရင်တော့ ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာဟာ မရောက် ရောက် အောင်သွားသင့်တဲ့ နေရာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: