ICJ , ICC နဲ့ အာဂျင်တီးနား (၃)

အာဂျင်တီးနား

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးတစ်ခုမှာ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေ ကအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ဖို့ လေ ျှာက်ထား ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကိုလည်း အမှုတွဲအဖြစ် တင်သွင်းထားတယ်လို့ သတင်းတွေမှာ ပါတယ်။

ဒီတရားစွဲဆိုမှုကိုဦးဆောင်တဲ့သူကတော့ မြန်မာရိုဟင်ဂျာအဖွဲ့ ( ယူနိုက်တက်ကင်းဒမ်း) Burmese Rohingya Organization UK (BROUK) ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ ။ ဒီအဖွဲ့ ရဲ့ ရှေ့နေ အဖြစ်ဆောင်ရွက်ပေးတာကအရင်မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တား နား ပါ ။ ကင်တာနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဆောင်ရွက်ပြီး လက်ရှိအချိန်မှာ မြောက်ကို ရီးယား နိုင်ငံ ရဲ့ လူ့အခွင့်အရေးအခြေအနေ စုံစမ်းရေးမှူးတာဝန်ကိုထမ်းဆောင်နေပါ တယ်။ သူဟာ အာဂျင်တီး နားနိုင်ငံနဲ့ လက်တင်အမေရိကနိုင်ငံတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွေမှာ လည်း ပါဝင် ဆောင်ရွက် နေတာ ၁၄ နှစ်ကျော်ရှိခဲ့ပါပြီ။

ဒီတရားစွဲဆိုမှုမှာ အဓိက စွပ်စွဲချက်ကတော့ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာ တွေ အပေါ် ပြစ်မှုကျူးလွန်တာတွေကို တားဆီးနိုင်ဖို့ အတွက် သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့အာဏာကို အသုံး ပြုဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါ တယ်။လေ ျှာက်ထားသူတွေက ဒေါ်အောင်ဆန်း စုကြည်ဟာ တရားဝင် အစိုးရအဖွဲ့ခေါင်းဆောင်၊နိုင်ငံခေါင်းဆောင်မဟုတ်ပေမယ့် မြန်မာနိုင်ငံ မှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က သူဟာသမ္မတအထက်မှာရှိတယ်လို့ ပြောခဲ့တဲ့စကားက တရားစွဲသူတွေ အတွက် အကောင်းဆုံးသက်သေဖြစ်နေပါတယ်။

အာဂျင်တီးနားနိုင်ငံမှာ မြန်မာနိုင်ငံကခေါင်းဆောင်တွေကို တရားစွဲဆိုတာဟာ “ကမ္ဘာ့ နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့် ” ( Universal Jurisdiction ) ဆိုတဲ့ အခြေခံမူအရ တရားစွဲတာ ဖြစ်ပါတယ်။

ဒီအခြေခံမူ က လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်များအပေါ် ပြစ်မှုကျူးလွန်မှု၊စစ်ရာဇဝတ်မှု ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်။ ဒါ့ကြောင့် သက်ဆိုင်ရာနိုင်ငံတွေက အရေးယူဆောင်ရွက်မှု မရှိရင် ကမ္ဘာ့မိသားစုဝင်အခြားနိုင်ငံတွေမှာ တရားစီရင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကနေပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဒီအယူအဆက အသစ်အဆန်းတော့မဟုတ်ဘူး။ ၁၈ ရာစု၊ ၁၉ ရာစုလောက်က ပင်လယ်ဒါးမြ တွေဟာ လူသားအားလုံးရဲ့ ရန်သူဖြစ်တယ်။ သူတို့ကို ဘယ်သူဖြစ်ဖြစ် တွေ့တဲ့နေရာမှာ ဖမ်းဆီး အပြစ်ပေးလို့ရတယ်ဆိုတဲ့အယူအဆကနေပေါ်လာတာပဲ။

စစ်အေးခေတ်လွန်ကာလမှာတော့ စပိန်၊ ကနေဒါ၊ နယူးဇီလန် ၊ သြစတေးလျ၊ ဘယ်လ်ဂျီယံ ၊ ဖင်လန် စတဲ့နိုင်ငံတွေမှာတော့ ဒီအခြေခံမူကို ကျင့်သုံးပြီး တရားစီရင်နိုင်ဖို့အတွက် လိုအပ် တဲ့ ဥပဒေတွေသီးခြားပြဋ္ဌာန်းထားတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ရှိပြီး ပြည်တွင်းဥပဒေတွေကို အသုံးပြုပြီးတရားစွဲတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် စစ်တမ်းတစ်ခုမှာတော့ ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ၁၉ ၃ နိုင်ငံအနက် ၁၆၃ နိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု ၊ စစ်ရာ ဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အကျုံးဝင်တဲ့ ပြစ်မှုအားလုံး ဒါမှမဟုတ် အချို့ကို ရာဇဝတ် မှု အဖြစ်သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒါ့ကြောင့် “ကမ္ဘာ့ နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့် ” ကို အသုံး ပြုပြီး တရားစီရင်မယ်ဆိုရင် တရားစီရင်လို့ရတယ်လို့ဆိုတယ်။

အာဂျင်တီးနားတရားရုံးတွေမှာ အခုလို တရားစွဲတဲ့ ဖြစ်စဉ်မျိုး အရင်ကလည်း ရှိခဲ့ဖူးတယ်။ ထင်ရှားတဲ့ အမှုနှစ်ခုကတော့ စပိန်အာဏာရှင် ဗိုလ်ချုပ်ကြီးဖရန်ကိုလက်ထက်က လူ့အခွင့် အရေးဆိုင်ရာ ပြစ်မှုတွေနဲ့ပတ်သက်ပြီးတရားစွဲတဲ့ အမှုနဲ့ ဖန်လောင်ဂေါင်း ဘာသာရေး ဂိုဏ်း ဝင်တွေအပေါ် နှိပ်စက်ညှင်းပန်းမှုနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကို တရားစွဲတဲ့ အမှုဖြစ် ပါတယ်။ အမှုနှစ်မှုလုံးမှာ အာဂျင်တီးနားတရားရုံးက တရားစွဲတာကိုလက်ခံတယ်၊ အမှုလိုက်ရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်။ ပြီးတော့ ဖမ်းဝရမ်းထုတ်ခဲ့ဖူးတယ်။ ဒါပေမယ့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရခဲ့ဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ကြိုး စားတာ ပထမဆုံးအကြိမ်တော့မဟုတ်ဘူး။ ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ သြစတေးလျ နိုင်ငံရောက် ရိုဟင်ဂျာအသိုင်းအဝန်းက ဒေါ်အောင်ဆန်းစုကြည်ကို လူသားမျိုးနွယ်စုအပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုများအတွက် တရားစွဲဆိုခွင့်ရဖို့ လေ ျှာက် ထားခဲ့တယ်။ သြစတေးလျနိုင်ငံ ရဲ့ ဥပဒေအရ အဲဒီလို တရားစွဲဖို့အတွက် သြစတေးလျရှေ့နေချုပ်ရုံးရဲ့ သဘောတူညီမှုလိုတယ်။ အဲဒီ လျောက်ထားချက်နဲ့ပတ်သက်ပြီး သြစတေးလျရှေ့နေချုပ်ရုံးက သဘောမတူဘူးလို့ အကြောင်းပြန်ခဲ့တယ်။

ဒါပေမယ့် ရိုဟင်ဂျာတွေဘက်က သြစတေးလျ တရားရုံးချုပ်ကို အယူခံတက်တယ်။ အဲဒီ အယူခံကို တရားရုံးချုပ်တရားသူကြီးတစ်ဦးက ၂၀၁၈ အောက်တိုဘာလ ၃ ရက်နေ့မှာ စပြီး ကြားနာတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ တရားရုံးချုပ် စုံညီတရားရုံး နဲ့ ကြားနာ ဆုံးဖြတ် ဖို့အမိန့်ချတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာတရားရုံးချုပ်က ရှေ့နေချုပ်ရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး ရိုဟင်ဂျာတွေရဲ့ အယူခံကို ပယ်ချခဲ့တယ်။

အခု အာဂျင်တီးနားနိုင်ငံမှာ တရားစွဲဆိုထားမှုနဲ့ပတ်သက်ပြီး တရားရုံးက ရှေ့နေချုပ်ရုံးက အစိုးရ ရှေ့နေတွေရဲ့ သဘောထားကိုတောင်းခံထားတယ်။ အဲဒီ သဘောထားရဖို့အတွက် နှစ် ပတ်လောက်အချိန်ယူရမယ်လို့ သိရတယ်။

ဒီနေရာမှာ တရားရုံးက တရားစွဲမှုကိုလက်ခံရင် ဒေါ်အောင်ဆန်းစုကြည်ကို ဆင့်ခေါ်လို့၊ ဝရမ်း ထုတ်လို့ရမလားလို့မေးစရာရှိပါတယ်။ အဲဒီလိုလုပ်လို့မရပါဘူး။ နိုင်ငံတကာ ဥပဒေနဲ့ ကျင့်ထုံး များအရ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံတော်အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကို သူ့နိုင်ငံက တရားရုံး နဲ့နိုင်ငံတကာတရားရုံးတွေကပဲ ဝရမ်းထုတ်လို့ရပါတယ်။ အခြားနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းတရားရုံးတစ်ခုခုက ဝရမ်းထုတ်ပြီး ဖမ်းလို့၊ဆင့်ခေါ်လို့မရပါ ဘူး။

သြစတေးလျ ရှေ့နေချုပ်ရုံးက ရိုဟင်ဂျာတွေရဲ့ လေ ျှာက်ထားချက်ကို ပယ်ချတာကလည်း အဲဒီ အခြေခံမူကြောင့်ဖြစ်ပါတယ်။ ဒီအခြေခံမူကို နိုင်ငံတကာ တရားရုံးက ၂၀၀၀ ပြည့်နှစ် ကွန်ဂို ဒီမို ကရက်တစ် သမ္မတနိုင်ငံနဲ့ ဘယ်လ်ဂျီယံအမှုမှာ ထပ်ပြီးအတည်ပြုခဲ့သလို ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့မှာ တင်သွင်းတဲ့ ကုလသမဂ္ဂအစီရင်ခံစာ “Preliminary report on immunity of State officials from foreign criminal jurisdiction, by Roman Anatolevich Kolodkin, Special Rapporteur , Document A/CN.4/601” မှာလည်း ထပ်ပြီးအတည်ပြုထားပါတယ်။

မြန်မာအစိုးရ တုန့်ပြန်ချက်

နိုဝင်ဘာ ၂၃ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာတော့ မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် နဲ့ဦးကျော်တင့်ဆွေက

၁။ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်ကို မြန်မာနိုင်ငံကိုယ်စားလှယ် (ICJ အသုံးအနှုန်းအရ Agent) ၊ ဦးကျော်တင့်ဆွေ ကို ပူးတွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတယ်။ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းမယ်။

၂။ ICC ကတော့ မြန်မာနိုင်ငံဟာ ရောမသဘောတူညီချက်အဖွဲ့ဝင်မဟုတ်တဲ့အတွက် စီရင်ပိုင်ခွင့် မရှိဘူး။ ဒါ့ကြောင့် တရားဝင်ဆက်သွယ်ထိတွေ့ဖြေရှင်းမှာမဟုတ်ဘူး။

၃။ အာဂျင်တီးနားမှာ တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းမှာ မဟုတ်ဘူးလို့

ပြောကြားခဲ့ပါတယ်။

2 thoughts on “ICJ , ICC နဲ့ အာဂျင်တီးနား (၃)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: