ဦးပေါက်

ဦးပေါက်၊ မှတ်ပုံတင်ထဲက နာမည်က မြင့်ရွှေ၊ ဒါပေမယ့် အဖေက ချစ်လို့ ငယ်ငယ်ထဲက “ ပေါက် ကလေး၊ ပေါက်ကလေး” နဲ့ခေါ်လာတာ။ ကြီးတော့ ပေါက်ကြီး ၊ဒီလိုနဲ့ အခု အသက်ခြောက်ဆယ် အထိ ဦးပေါက်ကြီး ဆိုမှပဲ လူသိတော့တယ်။ မြင့်ရွှေ ဆိုရင် ဘယ်သူမှမသိဘူး။

ဦးပေါက်ရဲ့ ချစ်ဇနီးက မကရင်မ။ သူ့မှတ်ပုံတင်နာမည်က မစန်းတင်။ ဒါပေမယ့် သူကို မွေးတဲ့အချိန် မှာ အဖေက အစိုးရရဲ့ ခြောက်ပင် ကျွန်းစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့အချိန်။ ကရင်ရွာတွေနားမှာ မွေးလို့လား၊ ကရင်မလေးနဲ့တူလို့လားမသိဘူး။ ငယ်ငယ်ထဲက ကရင်မလို့ခေါ်လိုက်တာ အခု ထိ ကရင်မပဲ။ ခြောက်ပင်ကျွန်းခင်းက ကျွန်မနဲ့ မွေးဘက် လို့ ဆိုတယ်။

ဦးပေါက် ဇာတိက အိုးတင်းကုန်းရွာ၊ မကရင်မ အဖေက ကလည်း အိုးတင်းကုန်းသားပဲ။ ကျွန်းစိုက် ခင်းမှာလုပ်လို့သာ နေရာတွေပြောင်းနေရတာ။ သူတို့အိမ်ထောင်ကျတော့ အိုးတင်းကုန်းမှာပဲ နေ တယ်။ ၁၉ ၈၅ ခုနှစ်ကျတော့ တောင်နဝင်းဆည်ဆောက်တယ်။ ၈၈အရေးအခင်းပြီး နှစ်နှစ်၊ သုံး နှစ် လောက်ရှိတော့ဆည်ရေပိတ်တယ်။သူတို့ရွာတွေရွှေ့ရတယ်။အိမ်ရွှေ့ရတဲ့အတွက် လျော်ကြေးရတယ်။ ဒါပေမယ့် လုပ်စားဖို့လယ်မရှိတော့ဘူး။ ရွာသားအများစုက မိုးတွင်းမှာ တံငါ လုပ်တယ်။ နွေစပါးအတွက် ရေပေးရလို့ ဆည်ရေကျသွားရင် သောင်ခုံတွေမှာ ကွမ်းစိုက် တယ်။ ကွမ်းဈေးကောင်းတော့ အလုပ်ဖြစ်တယ်။

ဦးပေါက်ကတော့ အသက်ကြီးလာတဲ့အခါ တံငါမလုပ်ချင်တာနဲ့ ညောင်ဝန်းဘက်ကို ရွှေ့လာ တယ်။ ဒီလိုနဲ့ ၂၀၀၇ ခုနှစ်မှာ ပုဂ္ဂလိက ကျွန်းစိုက်ခင်းတွေပေါ်လာတော့ ကျွန်းစိုက်ခင်းမှာ အလုပ်ဝင်လုပ်တယ်။ မိုင်တိုင် ၄၃ အကျော်က ပြည်လုံးချမ်းသာ ဘုရားလေးရှိတဲ့ ကျွန်းစိုက်ခင်းက ဦးပေါက် စလုပ်ခဲ့တဲ့အခင်းပဲ။ တောရှင်း၊ ငုတ်ဖော်၊ အပင်စိုက်၊ ပေါင်းရှင်း အတွက် လုပ်ခရတယ်။ ရိက္ခာငွေရတယ်။ ကျွန်းပင်တွေကြားထဲမှာ တောင်ယာစပါး၊ နှမ်းနဲ့ အသီးအနှံတွေစိုက်လို့ရတယ်။ အဲဒါတွေက အပိုဝင်ငွေပေါ့။ ၂၀၁၇ ခုနှစ်မှာ ကျွန်းစိုက်တဲ့လုပ်ငန်းရှင်က ဟိုတယ်ဆောက်တော့ ဦးပေါက်ကို ဟိုတယ်ကို ရေပေးတဲ့ရေထွက်နေရာကို စောင့်ရှောက်ဖို့ဆိုပြီး တာဝန် ပေးတယ်။ ရေထွက်ဘေးမှာ ကိုယ်ပိုင်စိုက်ခင်းလေးစိုက်ပြီး ဟင်းသီးဟင်းရွက်တွေကို ဟိုတယ်ကို ပြန်သွင်း တယ်။ ဒီနေရာကို ရောက်နေတာ နှစ်နှစ်လောက်ရှိတော့မယ်။

ကျွန်တော်က ဟိုတယ်ကို ရေပေးနေတဲ့ ရေထွက်ကို ကြည့်ချင်တယ်ဆိုတော့ ဟိုတယ်က လုံခြုံ ရေး ဝန်ထမ်းတစ်ယောက်ထည့်ပေးပြီး လိုက်ပို့တယ်။ ရေထွက်ကိုရောက်တော့ စိုက်ခင်းထဲမှာ အလုပ် လုပ်နေတဲ့ ဦးပေါက်နဲ့ တွေ့ပြီး ချက်ခြင်း အဖွဲ့ကျသွားတယ်။ ဦးပေါက်က လိုက်ရှင်းပြပြီးတဲ့ အခါ ကျတော့ သူတဲကိုလိုက်နားဖို့ခေါ်တယ်။

သူ့တဲက မလှမ်းမကမ်းက တောင်ကုန်းလေးပေါ်မှာ။ တဲ ပတ်ဝန်းကျင်မှာရော၊ တောင်စောင်းမှာပါ ရာသီသီးနှံပင်တွေစိုက်ထားတယ်။ သဘောၤ၊ ဂွေးတောက် ၊ ပြည်ပန်းညို စတဲ့အပင်တွေကတော့ အခုမှအရှိန်ယူတုန်း။ မုံညင်း၊ ဂေါ်ဖီ စတာတွေ စိုက်ဖို့ ဘောင် တွေပြင်ထားတယ်။ စမ်းချောင်းဘေးမှာ ကန်လေးလုပ်ပြီး စိုက်ထားတဲ့ ကန်စွန်း ခင်း ကို မြင်တော့ ရန်ကုန်မြို့ပတ်ရထားလမ်းဘေးက ကန်စွန်းခင်းတွေကို သတိရမိတယ်။

ဟိုတယ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို အတော်ပညာ ပေးထားပုံရတယ်။ အော်ဂဲနစ် ဆိုတဲ့စကား ဦးပေါက်ပါးစပ်ဖျားက မချဘူး။ ကျွန်တော့်စိုက်ခင်းက အော်ဂဲနစ်၊ ဆေးမသုံးဘူး။ မြေဆီမသုံးဘူး။ သူ့အတိုင်းပဲစိုက်တာ။ ရေကလည်း ရေသန့် ၊ စမ်း ပေါက်ကထွက်တာ လို့ ရှင်းပြတယ်။

ဦးပေါက်နဲ့ မကရင်မမှာ သမီးသုံးယောက်၊ သားတစ်ယောက်ရှိတယ်။ ကလေးတွေက မူလတန်း ပဲ ပြီးတယ်။ အလယ်တန်းတက်ဖို့ကျတော့ ဆည်ကို ဖြတ်ပြီး လက်လှော်လှေနဲ့ ရေတစ်တန်၊ မိုး တစ်တန်ကျောင်းတက်ရမှာဆိုတော့ မထားဖြစ်တော့ဘူး။ သမီးနှစ်ယောက်ကတော့အိမ်ထောင်ကျ သွားပြီ။ လယ်ပိုင်၊ ယာပိုင်မရှိပါဘူး။ ကြုံရာကျပန်းပေါ့။ တံငါလုပ်တဲ့အခါလည်းလုပ်ပေါ့။ သမီး အငယ်နဲ့ သားငယ်ကတော့ ကျွန်းစိုက်ခင်းမှာအလုပ်လုပ်တယ်။ သားငယ်က အဖေ၊ အမေနဲ့နေပြီး သမီးကတော့ စိုက်ခင်းက အပျိုဆောင်မှာနေတယ်။

သားသမီးတွေကို ပညာရေးဆုံးခန်းရောက်အောင် မသင်ပေးနိုင်ခဲ့တဲ့ ဦးပေါက်တို့က အခုတော့ သမီးအကြီးကမွေးတဲ့မြေးမလေးကို ပညာတတ်အောင် သင်ပေးနေရတယ်။ အဖေ၊ အမေက လည်းထောက်၊ အဖိုး၊အဖွားကလည်း ဆန်အိတ်လေးပို့လိုက်၊ ငွေလေးပို့လိုက်ပေါ့။ သမီး တို့ရွာက ပေါက်ခေါင်းနဲ့ မဝေးလှဘူး။ ရွာကကလေးတွေ စုပြီး ပေါက်ခေါင်းအထက်တန်းကျောင်း မှာကျောင်းတက်တယ်။ ကျောင်းကားဆိုပြီးကားလေးတစ်စီးရှိတယ်။ ကလေးတစ်ယောက် တစ်နှစ် ကို တစ်သိန်းနှစ်သောင်းပေးရတယ်။ ရွာကနေ ကျောင်းတက်တဲ့ ကလေးဆယ်ယောက်လောက် ရှိ တယ်။

မြေးမလေးအကြောင်းပြောတဲ့အခါ အဖိုး၊အဖွားမျက်နှာက ပီတိလွှမ်းနေတယ်။ အင်္ဂလိပ်ကျွမ်းတယ်။ အမြဲတမ်း “ အေ” ရတယ်၊ ပညာရေးကောင်းတယ်။ အခုတောင် ကွန်ပျူတာလက်မှတ်ရနေပြီ၊ မြန်မာစာ အားနည်းတယ်။ နောက် ဘာဘာသာမှန်းတော့မသိဘူး။ နှစ် ဘာသာအားနည်းတယ်။ ဒ့ါကြောင့် သုံးဘာသာကျူရှင်ယူနေရတယ်။ ရှစ်တန်းအောင်တော့ လက်စွပ်တစ်ကွင်း လုပ်ပေး လိုက်တယ်။ ဆယ်တန်းအောင်ရင် ဆွဲကြိုးလုပ်ပေးမယ်လို့ တွန်းထား တယ်။ ဆယ်တန်း အောင် ရင်တော့ ပညာရေးကောလိပ်တက်မှာ။ အဖိုး ဦးပေါက်ရဲ့ အသံက ရွှင်နေတယ်။ အဖွား မကရင် မ ကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ စကားထောက်ပေးနေလေရဲ့။

ပထမတော့ တဲပေါ်တက်ပြီး နားရင်းနဲ့ စကားပြောတာပါပဲ။ လိုက်ပို့တဲ့ဟိုတယ်ဝန်ထမ်းကတော့ ပြန်သွားပြီ။ စကားပြောရင်းနဲ့ မကရင်မက ထမင်းစား သွားလို့ ပြောတယ်။ ကျွန်းစိုက်ခင်းထဲ သွားတဲ့ ဝန်ထမ်းတွေ ကြုံရင် ဝင်စားလို့ရအောင် အမြဲတမ်း တစ်ယောက်စာ ထမင်းပို ချက်ထား သတဲ့။ ဦးပေါက်က အများကြီးမလှုနိုင်လည်း တစ်ယောက်တော့ လှုရတာပေါ့လို့ ဆို တယ်။

တောထမင်း၊ တောဟင်းကို ကြိုက်တဲ့ ကျွန်တော်ကလည်း နှစ်ခါမခေါ်ရဘူး။ စားမယ်ပေါ့။ မကရင် မ က အခင်းထဲက ခူးထားတဲ့ ငရုတ်သီးစိမ်းတွေကို သီတံထိုးပြီးမီးကင်၊ ထောင်းတယ်။ အခင်းထဲ ဘူးညွှန့်၊ဖရုံညွှန့် မုံညင်း စတာတွေဆင်းခူးပြီး ဟင်းချိုချက်တယ်။ ဘူးညွှန့်ကြော်တယ်။ ဝါးယောင်း မှိုကို ကောက်ညှင်းဆန်နဲ့အချဉ်တည်ထားတဲ့ မှိုချဉ်က အအီပြေပေါ့။ တို့စရာကတော့ ခြံထွက် အရွက်မျိုးစုံ။ ကြက်ဥတစ်လုံးကို ပြုတ်၊ နှစ်ခြမ်းခြမ်းပြီး ကင်ပွန်းချဉ်ရွက်နဲ့ချက်ထားတဲ့ ဟင်းက တော့ Main Dish ပေါ့လေ၊ မနက်ထဲက ချက်ထားပုံရတယ်။ ကြက်ဥကို မစားရက်လို့ ကင်ပွန်း ချဉ်အနှစ်နဲ့ပဲစားမယ်။ ကြက်ဥကိုတော့ မောင်နဲ့မယ်ပဲ တစ်ခြမ်းစီစားပါလို့ပြောလိုက်တယ်။

မကရင်မက ဟင်းချိုထဲ ကို ကြာဆံနဲ့ ကြွက်နားရွက်မှိုခပ်တယ်။ ငါးပိနည်းနည်းထည့်တယ်။ ဟင်းချိုမှုန့်မသုံးဘူး။ ရှိလည်း မရှိဘူး။ သူတို့ ဆရာက ဟင်းချိုမှုန့်တွေ့ရင်ဆူတယ်တဲ့။ အချိန် အတော်ကြာကြာရှာပြီးတဲ့နောက် ငရုတ်ကောင်းမှုန့် ပုလင်း ကို ရှာတွေ့ပြီး ဖြူးလိုက်တယ်။ ထမင်း ကတော့အေးနေပြီ၊ မနက်ထဲက ထချက်ထားတာ လို့ တောင်းပန်တယ်။ ကိစ္စမရှိဘူး။ မနက်စာ၊ နေ့လည်စာ ပေါင်းချက်တာ တောသဘာဝပဲလေ။

ဧည့်သည်အတွက် တစ်ခုတည်းသော ကြွေပန်းကန်ပြားကို ထုတ်လာတယ်။ မလိုဘူး။ သူတို့ နည်းတူ ဇလုံ နဲ့ ပဲ တွယ်မယ်လို့ပြောလိုက်တယ်။ ထမင်းကို ကင် ပွန်းချဉ် အနှစ်နဲ့အားပါးတရနယ်၊ ငရုတ်သီးထောင်းနဲ့ တို့စရာကို မြှုပ်၊ ထမင်းလုတ်ကြီးကြီးကို အားရပါးရစား၊ ဟင်းချိုပူပူကို မှုတ်သောက်။ ဘူးညွှန့်ကြော်က နောက်ဆက်တွဲ။ ဘာပြောကောင်းမလဲ။ ပြောလို့ပြောတာမဟုတ် ဘူး။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီး ချက်ထားတဲ့ ဟင်းသီး ဟင်းရွက် တွေရဲ့ အရသာကို စားဖူးမှသိနိုင်တာပါ။ ဒီလိုနဲ့ နှစ်ဇလုံ ကုန်သွားတယ်။ မကရင်မကတော့ စားသာစား၊ ဒီလိုမှ စားပါ့ မလားလို့ စိုးရိမ်နေတာဆိုပြီး အားပေးရှာပါတယ်။

ထမင်းစားပြီးတော့ ပဲစင်းငုံကို လှော်ပြီး ဆီစိမ်ထားတာနဲ့ ဧည့်ခံတယ်။ ပဲစဉ်းငုံက မာတယ်။ ဒါ ပေမယ့် ဖြည်းဖြည်းခြင်းဝါးလေ စိမ့်ပြီး အရသာရှိလေ၊ စားပြီးရင်း စားချင်လေပဲ။ ဗိုက်တင်းတော့ မျက်လုံးက စင်းလာတယ်။ ဦးပေါက်က ပလတ်စတစ်ဖျာတစ်ချပ်ခင်းပြီး အိပ်ချင်အိပ်လေလို့ ပြော တယ်။ ဒါပေမယ့် နှစ်နာရီခွဲမှာ ဆင်လဲအိုင်ရေတံခွန်ဘက်သွားဖို့ရှိတော့ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။

ဦးပေါက်က ယာခင်း အစပ်ထိလိုက်ပို့ရှာတယ်။ မကရင်မကတော့ ကပြင်ကနေ ရပ်ကြည့်နေလေ ရဲ့။ အပြန်မှာလမ်းသာပေမယ့် လေးတွဲ့နေတဲ့ ခြေလှမ်းတွေကြောင့်ခရီးမတွင်ဘူး။ နေက ခေါင်း ပေါ် ရောက်နေပြီ။ ပူလိုက်တာလည်း ကျွတ်ဆတ်နေတာပဲ။ နောက်ပြန်လှည့်ကြည့် တော့ တောရိပ်တောင်ရိပ်တွေကြားက အေးရိပ်မြုံယာတဲလေးကို လှမ်းမြင်ရတယ်။

မရှိပေမယ့် ပြည့်စုံနေတဲ့သူတွေထံကနေ ရှိပေမယ့် မပြည့်စုံတဲ့သူတစ်ယောက်ပြန်လာခဲ့ တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: