ပဲခူးရိုးမတောင်ခြေက ကြိုးပြင်တောတွေမှာရော၊ ကြိုးဝိုင်းထဲမှာပါ ယာကွက်လေးတွေ ရှိ တယ်။ အဓိကကတော့ ရွာပတ်လည်မှာ လယ်မြေသစ်ထွင်ဖို့ နေရာမရှိတော့တဲ့အတွက် တောထဲ ရောက် လာတာပါပဲ။ တောင်ကြားလွင်ပြင်တွေမှာ ၊ တောင်စောင်းတွေမှာ ခုတ်ထွင်ရှင်းလင်းပြီး လုပ်ကိုင် လာကြတာ နှစ်လေးငါးခြောက်ဆယ်ရှိတော့မယ်။ ဗကပတွေ ချုပ်ငြိမ်းသွားထဲက တစ်ဖြေးဖြေး နဲ့ ရွှေ့လာကြတာပေါ့။ အကို၊ ညီ နဲ့ ညီမ သုံးယောက်ပေါင်း ၁၅ ဧကလောက်ရှိတဲ့ တောင်ကြား လွင်ပြင်ကို ခွဲဝေလုပ်ကိုင်နေတာလည်းတွေ့ရတယ်။
တစ်ချို့ကတော့ မိသားစုနဲ့ကိုယ် လယ်ထဲမှာ အမြဲနေတယ်။ တစ်ချို့ကတော့ သွားလိုက်၊ ပြန် လိုက်ပေါ့။ တောင်ကြားရေရတဲ့နေရာမှာ စပါးစိုက်တယ်။ စပါးစိုက်လို့မကောင်းတဲ့နေရာမှာ နှမ်း စိုက်တယ်။ နှမ်းရိတ်ပြီးတာနဲ့ မြေပဲဆက်စိုက်တယ်။ ချောင်းဘေးနေရာတွေကတော့ နှမ်းနဲ့ မြေပဲ အဓိကပေါ့။ တောင်စောင်းတွေကတော့ ပဲစင်းငုံစိုက်တယ်။
ကျွန်တော်ရောက်တဲ့အချိန်မှာတော့ စပါးတွေရိတ်နေပြီ၊ နှမ်းက ရိတ်ပြီးလို့ မြေပဲပြန်စိုက်ဖို့ မြေပြင်နေပြီ။ ပဲစင်းငုံတွေ ဆွတ်နေပြီ။ တောင်သူတွေ အလုပ်များတဲ့အချိန်ပေါ့။ တဲတစ်တဲမှာတော့ နတ်တလင်းဘက်ရောက်နေတဲ့ သမီး နဲ့သားမက်က စပါးရိတ်ဖို့ အကူရောက်နေတာလည်းတွေ့ခဲ့ရတယ်။
ဒီအရပ်မှာတော့ ဓာတ်မြေသြဇာသုံးတာမရှိသလောက်ပဲ။ စပါးအတွက် နွားချေး ချတာပဲ ရှိ တယ်။ စိုက်ပျိုးရေးကတော့ ရာသီဥတုကို မှီပြီး လုပ်စားနေရတာပါပဲ။ စပါးကလည်း ကောင်းကင်ကျ ( မိုးရေ) ၊ နှမ်း ၊ ပဲကလည်း ကောင်းကင်ကျပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာက တောင်ကျရေကြမ်းလို့ နှမ်းခင်းတွေ အတော်ပျက်သွားတယ်။ ပေါက်ခေါင်း – အုတ်တွင်း ကားလမ်းပေါ်က ညောင်ဝန်းတံတား ကျိုးတဲ့ ရေပေါ့။
ကျွန်တော်ထိုင်စကားပြောခဲ့တဲ့အခင်းကတော့ လယ် တစ်ဧကကျော်ကျော်ရှိမယ်။ ကျန်တာ က နှမ်း နဲ့ မြေပဲပေါ့။ မိုးလေမှန်ရင် စပါးက တင်းတစ်ရာကျော်၊ နှမ်းက ၁၅ တင်းလောက်၊ မြေပဲက တင်းခြောက် ဆယ်လောက်ရတယ်လို့ဆိုတယ်။ ခင်ဗျား သူဌေးပေါ့ဗျာလို့ ပြောတော့ အမယ် လေး ခုခေတ်က ပိုက်ဆတ်အသုံးမခံဘူး။ စူးဖာ ပြီးမနည်းသုံးရတယ်လို့ ပြန်ပြော တယ်။ စူးဖာ ဆိုတာက ဒေသိယစကား၊ ခြစ်ခြစ်ခြုတ်ခြုတ်သုံးရတယ်လို့ ဆိုလိုပါတယ်။
