ရန်ကုန် – ပြည်ကားလမ်း နတ်တလင်း နဲ့ ပေါင်းတည်ကြား လမ်းဘေးဝဲယာမှာ ပြောင်းဖူးမီးဖုတ် ရောင်းတဲ့ဆိုင်လေးတွေရှိတယ်။ သစ်ရိပ်ကောင်းကောင်းအောက်မှာ ခနော်ခနဲ့ တဲလေး၊ ခြင်း ကြား ဒါမှမဟုတ် ယိုင်နဲ့နဲ့ ဝါးစားပွဲလေးပေါ်မှာတင်ထားတဲ့ ဗန်းထဲက ပြောင်းဖူးမီးဖုတ်တွေ၊ ကတ္တရာပုံး သံပြားနဲ့လုပ်ထားတဲ့ မီးဖို။ မနက် ၇ နာရီလောက်ဆိုရင် မီးခိုးတစ်လူလူနဲ့ ဒီဆိုင် လေးတွေကို မြင်ရပြီ။
ဒီဆိုင်လေးတွေက ပြောင်းဖူးမီးဖုတ်က ရန်ကုန်မှာလိုမဟုတ်ဘူး။ အခွံ မခွာပဲ မီးဖုတ်ထား တဲ့ အတွက် အခွံခွာလိုက်တဲ့အခါ အနံလေးမွှေးနေတယ်။ ပိုပြီးနူးညံ့တယ်။ ရန်ကုန်မှာက မီးခိုး စော် နံတယ်။ မီးကျွမ်းတဲ့အပိုင်းတွေပိုများတယ်။ ပြောင်းဖူးတွေက ဒီနေ့ခုတ်၊ ဒီနေ့ မီးဖုတ်ရောင်းဆို တော့ လတ်ဆတ်ပြီး ချိုဆိမ့်နေတာပဲ။ နောက် နေ့ထားရင် အချိုပေါ့သွားလို့ စားမကောင်း တော့ဘူးတဲ့။ ဟုတ်လောက်တယ်။ ဝယ်လာတဲ့ ပြောင်းဖူးတွေကို နှစ်ရက်လောက်နေမှ ပြုတ် စား ကြည့်တာ လမ်းဘေးမှာ ချက်ခြင်းစားတာလောက် စားမကောင်းတော့ဘူး။
ပြောင်းဖူးအမျိုးအစားကလည်း မတူဘူး။ ရန်ကုန်မှာက သကြားပြောင်းလို့ခေါ်တဲ့ ပြောင်း။ ဒီဘက် မှာ သကြားပြောင်းဆိုရင်မရောင်းရဘူး။ စားရတာချိုပေမယ့် စားပြီးရင် ဖန်တွတ်တွတ်ကြီး မကောင်းဘူးတဲ့။ ဒီဘက်မှစိုက်တဲ့ ပြောင်းက ပိုဆိမ့်တယ်။ ပြောင်းအမျိုးအစားကတော့ မျိုးစေ့အိတ်ကတံဆိပ်ကို ကြည့်ပြီးခေါ် တယ်။ အခုရောင်းနေတဲ့ပြောင်းအမျိုးအစားက ပန်ဖြူ လို့ခေါ်တယ်။ အစေ့က အဖြူရောင်၊ အစေ့ ရောင်စုံပါတဲ့ပြောင်းဖူးတွေက ပန် ကာလာဖိုက်လို့ခေါ်တယ်။
ပြောင်းဖူးသည်တွေက ကိုယ်ပိုင်အခင်းရှိတာမဟုတ်ဘူး။ မြေမရှိ၊ လယ်မရှိ အမျိုးသား တွေက ကျပန်းလုပ်၊ ဆိုင်အတွက်လိုအပ်တဲ့ ပြောင်းဖူးတွေ အခင်းဆင်းဝယ်၊ အမျိုးသမီးတွေက ထိုင် ရောင်းပေါ့။ ပြောင်းကလည်း သုံးလေးခင်း ပုတ်ပြတ်ယူထားရတယ်။ ဒါမှာ အလှည့် ကျ ခုတ် နိုင်ပြီး ပစ္စည်းမပြတ်မှာ။ ဒီတစ်ဝိုက်မှာ ပြောင်းဖူးသည်က လက်ညှိုးမလွဲဘူးဆိုတော့ ပြောင်းဖူး ကို လုဝယ်နေရတာ။ စရန်ပေးထားရတဲ့အပြင် ခုတ်ပြီးရင် လက်ငင်းရှင်း။ အခင်းရှင်က ပြောင်းဖူး ရပြီ လို့ ပြောရင် သွားခုတ်ပေတော့ ၊ မခုတ်နိုင်ရင် နောက်လူကို ရောင်းလိုက်တာလည်း ရှိတယ်။
မနက်အစောကြီးထ ၊ ဒီနေ့ခုတ်ရမယ့်အခင်းကို သွား၊ ပြောင်းဖူးခုတ်၊ မနက် ၇ နာရီလောက် ဆို စရောင်းပြီ၊ တစ်နေ့ အဖူး နှစ်ရာလောက်ခုတ်တယ်။ အခြေအနေကြည့်ပြီး ထမင်းစားချိန်လောက် မှာ နောက်ထပ်တစ်ရာလောက်ခုတ်သင့်ရင်ခုတ်ပေါ့။ တစ်နေ့သုံးရာရောင်းရတယ်ဆိုတာက အာဏာကုန်ပါပဲ။
ပြောင်းဖူးက အခုရာသီဆိုရင် အခင်းပိုင်ရှင်တွေဆီက ဆယ်ဖူးကို ၁၃၀၀ ကနေ ၁၅၀၀ အထိ ဝယ်ရတယ်။ အခင်းရှင်တွေကို ဈေးကြီးတယ်လို့လည်း အပြစ်တင်လို့မရဘူး။ အရင်ကတော့ ပြောင်းဆိုတာ မိုးတွင်းမှ စိုက်တာ။ အခုတော့ ဆည်ရေရလို့ ဆောင်းနဲ့ နွေမှာပါ ရေတင်ပြီးစိုက်နေပြီ။
နွေဆိုရင် ရေက တစ်ပတ်တစ်ခါလောက်တင်ရတယ်။ တစ်ခါ တင်ရင် နှစ်ချိုး ကွက် ( ဧကဝက်) ဆို ခုနှစ်နာရီ၊ ရှစ်နာရီတင်ရတယ်။ သူများစက်ငှားတင်ရင် စက်ကြီးဆိုရင် တစ် နာရီ သုံးထောင့်ငါးရာ၊ စက်လေးဆိုရင် သုံးထောင်။ စစိုက်တဲ့အချိန်ကနေ အဖူးရတဲ့အထိ အနည်းဆုံး ၇ ခါ လောက် ရေတင်ရတယ်။ ပေါင်းထိုး၊ ဘောင်တင်အလုပ်အတွက် အလုပ်သမားကလည်း မငှားလို့မရဘူး။ လုပ်သားခက မနက် ခြောက် နာရီကနေ ဆယ်နာရီအထိ နှစ်ထောင်၊ နေ့လည် နှစ်နာရီကနေ ညနေ ခြောက်နာရီအထိ နှစ် ထောင်။
အဲဒီတော့ မျိုး၊ မြေဆီ၊ ဆေး၊ ရေတင် နဲ့လုပ်သားခပေါင်းလိုက်ရင် စိုက်သမားလည်း သုံးပုံ တစ်ပုံ ကျန်ကံကောင်း၊ မိုးတွင်းဆိုရင် ရေမတင်ရလို့ ကုန်ကျစရိတ် နည်းနည်းသက်သာတယ်။ ဒီလိုပဲ နွေ၊မိုး၊ ဆောင်း အမြတ်နည်းလိုက်၊များလိုက် လှည့်သွားတာပေါ့။ ပြီးတော့ စိုက်ပြီး ပြီးချင်း ပြောင်းဖူးထွက်တာမဟုတ်တော့ သုံးလလောက်က ထိုင်စား နေ ရသေးတယ်လေ။ ကိုယ်က ထည့်တော့ ငွေက အလုံးအရင်းလိုက်၊ ရောင်းလို့ပြန်ရတာက လက်လီစိတ်။ မျိုးဖိုး၊ မြေဆီဖိုးအတွက် ငွေချေးပြီးစိုက်ရရင် အတိုးကရှိသေး။ စိုက်သမားလည်း စိုက်သမားအပူနဲ့ပဲ။
ပြောင်းဖူးသည်ကတော့ အစိမ်းရောင်း၊ မီးဖုတ်ရောင်း တစ်ရာကုန်ရင် နှစ်ထောင်လောက်တော့ ကျန်တယ်။ ဒါပေမယ့် တစ်ရာကုန် နှစ်ထောင်၊ တစ်နေ့ သုံးရာကုန်တော့ ခြောက်ထောင်ဆိုပြီး ပုံ မှန်တွက်လို့မရဘူး။
ရုံးပိတ်ရက်လို ရောင်းကောင်းတဲ့နေ့တွေရှိသလို တစ်ချို့နေ့တွေကျတော့ ရောင်းမကောင်း ဘူး။ နေမကောင်းလို့ မရောင်းနိုင်တာရှိတယ်။ သာရေး နာရေး အတွက် နားရတာရှိတယ်။ ပြောင်းဖူး ကလည်း ဝယ်ထားပြီးရင် နောက်နေ့အထိ ထားလို့မကောင်းတော့ တစ်နေ့စာ တစ်နေ့ မကုန်ကုန်အောင် ဈေးလေ ျှာ့ရောင်းရတာလည်းရှိတယ်။ မကုန်လို့နောက်နေ့ သွားမခုတ်ဘူးဆိုရင်လည်း အခင်း ရှင်က နောက် မရောင်းတော့မှာလည်း စိုးရိမ်ရတယ်။ ဒါ့ကြောင့် ကုန်အောင်ဖြုန်းပေးရတယ်။ ပြောင်းဖူးကလည်း ခေါင်ဖူးရှိသလို ကျသွားတဲ့အချိန်မှာ အဖူးသေးသွားတာလည်းရှိတယ်။ ရောင်းသူက ကြီးကြီး သေးသေး သူ့ဈေးနဲ့သူ ကုန်အောင်ရောင်းရတာပဲ။ ဒါမှလည်း စိုက်ခင်း ရှင် နဲ့ ဆက်ဆံရေးကောင်းမှာ။
ဝယ်သူဆိုတာကလည်း ကားနဲ့သာ လာတာ၊ ဈေးဆစ်ချက်က လက်ကုန်ပဲ။ မိန်းမတွေ ဈေး ဆစ် တယ်ဆိုတာ ဘာဟုတ်သေးလဲ။ ယောက်ျားတွေဈေးဆစ်ရင်ပိုဆိုးတယ်။ ပြောင်းဖူးမီးဖုတ် လေး ဖူး ဝယ်လို့ တစ်ဖူး အဆစ်ပေးရင် နှစ်ဖူးတောင်းတယ်။ မီးသွေးဖိုးလည်း ကုန်တာမဟုတ်ဘဲနဲ့၊လမ်း ဘေးက ထင်းခြောက်နဲ့ ဖုတ်တာပဲ လေ ျှာ့ပါဦးလို့ဆိုတယ်။
အစိမ်းဆယ်ဖူးကို နှစ်ထောင်ဆိုရင် တစ် ထောင်ဆစ်တယ်။ အခင်းထဲသွားခုတ်ရင်တောင် အဲဒီဈေးမရဘူးလို့ ပြောချင်ပေမယ့် မပြောရဲဘူး။ တစ်ခါတစ်လေ သူတို့မိန်းမ တွေကတောင်အားနာပြီး မဆစ်ပါနဲ့ လို့ ယောကျ်ားကို တောင်းပန်ရတယ်။ အဲဒါမျိုးတွေကြုံ ရတော့လည်း ဈေးသည်လုပ်ရတာ စိတ်ပျက်စရာပဲ။
ဒါပေမယ့် ပြောင်းဖူးပဲဆက်ရောင်းနေရဦးမှာပဲ။ ဒါမလုပ်ရင် ဘာလုပ်စားမလဲ။ ဒီတစ်သက် လယ်ပိုင်၊ ယာပိုင်ဖြစ်ဖို့က ထီပေါက်မှာပဲဖြစ်မှာ။ တော်ရုံ တစ်ချိုးကွက် ( တစ်ဧက လေးပုံ တစ်ပုံ) တောင် ဆယ်သိန်းလောက်ဖြစ်နေပြီ။ ဒါတောင် လမ်းဘေး နီးနီးမဟုတ်ဘူး။ ဒီတော့ သူများ အခင်းမှာ နေ့စားလုပ်တာထက်စာရင်တော့ နေရိပ်ထဲမှာရောင်းရတယ်၊ အိမ်နား နီး နီး ကလေးတွေ ပြန်ကြည့်လို့ရတယ်ဆိုပြီး ရောင်းနေကြရတာပဲ။
ဗန်းပေါ်မှာတင်ထားတဲ့ ပြောင်းဖူးမီးဖုတ်လေးတစ်ခုရဲ့နောက်ကွယ်မှာလည်း အရင်းအနှီး၊ ကုန် ကြမ်း၊ ဈေးကွက် ၊ ရောင်းလိုအား၊ ဝယ်လိုအား၊ အလုပ်အကိုင်အခွင့်အလမ်း ဆိုတဲ့ ပြဿနာ တွေအများကြီးပါပဲ။ နောက်တစ်ခါ ပြောင်းဖူးဝယ်လို့ ဈေးဆစ်မယ်ဆိုရင် နည်းနည်းစဉ်းစား ကြ ပေါ့။