မသိဘူး စီးမယ် (၂)


ဒီဇင်ဘာလ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲများနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်များရဲ့ ခရီးစဉ်မှာ အသုံးပြုဖို့အတွက် ကျည်ကာ ယာဉ် ခြောက်စီး ကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ အစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက တင်ပြခဲ့တယ်။ (ပုံ ၁)
ဒုဝန်ကြီးရဲ့ တင်ပြချက်အရ ကားခြောက်စီးအတွက် ဒေါ်လာ ၇ သိန်းကျော် ကုန်ကျမယ်။ အဲဒီ ကား တွေကို ဥပဒေနဲ့ အညီ အခွန်ပေးရရင် နောက်ထပ် ဒေါ်လာ လေးသိန်းကျော် ထပ်ကုန်မယ်။ ဒါ့ကြောင့် အခွန်ကင်းလွတ်ခွင့်ပေးဖို့တင်ပြရတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ကျည်ကာယာဉ် ( Bullet Proof ) ကို ၂၀၁၄ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အသုံးပြုဖို့အတွက် ဝယ်ခဲ့ဖူးတယ်။ အဲဒီလို ဝယ်ယူမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနဲ့ လွှတ် တော်ကြားမှာ အတော်အငြင်းပွားခဲ့ရတယ်။
သမ္မတစီးမှာ စိုးရိမ်လို့
၂၀၁၃-၂၀၁၄ ခုနှစ်အတွက် အမျိုးသား စီမံကိန်းဥပဒေကြမ်း ကို ရေးဆွဲတဲ့အခါ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန် ယူချိန်မှာ ကျင်းပမယ့်ထိပ်သီးအစည်းအဝေးတွေ ၊ ဝန်ကြီးအဆင့် အစည်း အဝေးတွေ နဲ့ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွေမှာ ဧည့်ကြိုယာဉ်တွေ ဝယ်ယူဖို့ လျာ ထားခဲ့တယ်။ အဲဒီထဲမှာ မာစီးဒီး ကျည်ကာယာဉ် ငါးစီးလည်းပါတယ်။
အဲဒီမော်တော်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ် တော်မှာ ဆွေးနွေးတဲ့အခါ ပြည်ခိုင်ဖြိုးပါတီ ဒိုက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက ကျည်ကာကား ငါးစီးအပါအဝင် မော်တော်ယာဉ်ဝယ်ယူဖို့ လျာထားတဲ့ ငွေကို ၅၀% ဖြတ်တောက်ဖို့၊ ကျည်ကာယာဉ်တွေဝယ်ဖို့မလိုဘူး။ စီးချင်တဲ့ ဧည့်သည့်တော် နိုင်ငံ့ခေါင်းဆောင် တွေ အိုဘားမားလိုပဲ သူတို့ အစီအစဉ်နဲ့ သူတို့ ယူလာပါစေလို့ ဆွေးနွေးခဲ့တယ်။
အစိုးရအဖွဲ့ဘက်က ပြည်ထောင်စုဝန်ကြီး ဦးကံဇော်က အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ထိပ်သီး အစည်းအဝေးများအတွက် ဧည့်ကြိုယာဉ်များစီစဉ်ပေးမှုအခြေအနေ၊ လုံခြုံရေးလိုအပ်ချက် ကြောင့် အချို့နိုင်ငံများရဲ့ နိုင်ငံတော်အကြီးအကဲများကို ကျည်ကာယာဉ်မဖြစ်မနေ စီစဉ်ပေးဖို့ လို အပ်တဲ့အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်။
အမျိုးသားစီမံကိန်းဥပဒေကြမ်းကို မဲခွဲတဲ့အခါမှာတော့ ကျည်ကာယာဉ်တွေဝယ်ယူတာကို ကန့်ကွက်တဲ့ ဦးမင်းဆွေရဲ့ အဆိုရှုံးသွားတယ်။ ဒါပေမယ့် ကျည်ကာယာဉ်တွေဝယ်တာနဲ့ပတ်သက် တဲ့ ကန့်ကွက်မှုတွေက ရပ်မသွားဘူး။
အမျိုးသားစီမံကိန်းဥပဒေကို အတည်ပြုပြီးတဲ့အခါ အဲဒီစီမံကိန်းကို အခြေခံပြီးရေးဆွဲထားတဲ့ အစိုးရ ဘတ်ဂျက် ( အရအသုံးခန့်မှန်းခြေငွေစာရင်း) ကို လွှတ်တော်က အတည်ပြုနိုင်ဖို့အတွက် ဝန်ကြီး ဌာနတွေနဲ့ လွှတ်တော်ကော်မတီတွေကြားဆက်ဆွေးနွေးရတယ်။
အဲဒီလိုဆွေးနွေးတဲ့အခါ စီမံ/စီးပွား ဝန်ကြီးဌာနအသုံးစရိတ်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အချိန်မှာ ကျည်ကာယာဉ်တွေအတွက်လျာထားတဲ့ငွေအပါအဝင်မော်တော်ယာဉ်ဝယ်ယူဖို့ ငွေတွေကို ဖြတ် တောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်ပြောလာတယ်။
အဲဒီအစည်းအဝေးတွေမှာ ကော်မတီဝင် လွှတ် တော်ကိုယ်စားလှယ်အချို့က ကျည်ကာကား တွေကို အာဆီယံအစည်း အဝေး ပြီးရင် သမ္မတနဲ့ ဒုသမ္မတတွေ စီးချင်လို့ ဝယ်တယ် ဆိုတဲ့ စကားတွေပြောလာခဲ့တယ်။ ဒီလိုနဲ့ ကျည်ကာယာဉ်ဝယ်ယူရေးကိစ္စဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော် ကြားမှာ အပြန်အလှန် ဆွေးနွေးရတဲ့အခြေအနေကို ရောက်သွားခဲ့တယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ အစိုးရဘက်ကလည်း ကျည်ကာယာဉ်တွေဟာ သမ္မတစီးဖို့မဟုတ်ဘူး။ သမ္မတ ဦးသိန်းစိန်ဟာ ကျည်ကာယာဉ်စီးရမှာ လုံခြုံတယ်လို့ ထင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာ မျိုး လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပြန်ပြောရတဲ့အဆင့်ထိဖြစ်ခဲ့တယ်။ ကောင်းတော့ မကောင်း ဘူးပေါ့။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကြားကသွေးထိုးပေးတာကို ယုံနေတော့ မပြောမဖြစ်ပြောခဲ့ရတာပဲ။
ချုပ်ပြောရရင် နောက်ဆုံးတော့ မာစီးဒီးကျည်ကာယာဉ် လေးစီးဝယ်ခွင့်ရတယ်။ ဒါပေမယ့် တစ် ကယ်ဝယ်တော့ နှစ်စီးပဲ ဝယ်ဖြစ်တယ်ထင်တယ်။ ဝယ်တာတော့ ဂျာမနီဆိုင်ရာ မြန်မာသံရုံးကနေ ဝယ်လိုက်တာလို့မှတ်သားမိတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန ( စီမံ/ဘဏ္ဍာ/ စက်မှု) မှာတော့ မှတ်တမ်းအတိအကျရှိမှာပါ။
အဲဒီအချိန်က အင်န်အယ်လ်ဒီပါတီကလည်း လွှတ်တော်ထဲရောက် နေပြီဖြစ်တဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့လည်း အဲဒီအကြောင်းတွေသိနိုင်တဲ့အခြေအနေမှာရှိပါတယ်။
ဝယ်မှာလား
တကယ်လို့ ကျည်ကာယာဉ်တွေ အရင်က ဝယ်ထားပြီးသား ရှိတယ်ဆိုရင် အခု ထပ်ဝယ်ဖို့ လို မလို စဉ်းစားသင့်ပါတယ်။ အာဆီယံထိပ်သီးအစည်း အဝေးလို နိုင်ငံစုံအစည်းအဝေးတွေ မရှိတော့ တဲ့ အတွက် နိုင်ငံတကာခေါင်းဆောင်တွေလာရင်လည်း တစ်ဦးချင်းပဲလာဖို့ရှိပါတယ်။ နောက်ထပ် ကားခြောက်စီးမလိုပါဘူး။
နိုင်ငံအကြီးအကဲတွေအတွက်ဆိုရင်လည်း သမ္မတ၊ သမ္မတအထက်မှာရှိတယ်လို့ ပြောနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ဒုသမ္မတ နှစ်ဦး စုစုပေါင်း လေးဦးပဲ ရှိပါတယ်။ အဲဒီလေးဦးလုံး တစ်ပြိုင် တည်း ခရီးသွားဖို့တော့ရှိမယ်မထင်ဘူး။ တစ်ခုတော့ရှိတယ်။ နိုင်ငံ့အကြီးအကဲတွေ သွားမယ့် မြို့ မှန်သမ ျှ ကျည်ကာယာဉ်ပို့ထားမယ်ဆိုရင်တော့ ခြောက်စီးနဲ့လည်းမလောက်နိုင်ဘူး။
အခု တင်ပြတဲ့ ကျည်ကာယာဉ်တွေနဲ့ပတ်သက်လို့ ၂၀၁၈-၁၉ အမျိုးသားစီမံကိန်းဥပဒေနဲ့ ဘတ် ဂျက် ဥပဒေတွေဆွေးနွေးတဲ့ အချိန်မှာ ဆွေးနွေးတာမတွေ့မိဘူး။ ဒုဝန်ကြီးရဲ့တင်ပြချက်မှာ နိုဝင်ဘာ ၂၂ အစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်တယ်ဆိုတော့ ခေါင်းစဉ်ပြောင်းသုံးတာမျိုး လည်း ဖြစ်နိုင်ပါတယ်။
ကျည်ကာယာဉ်ခြောက်စီး ဝယ်သင့်လား၊ ဝယ်တယ်ဆိုရင်အခွန်ကင်းလွတ်ခွင့်ပေးသင့်လား ဆိုတာ ကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အဆုံးအဖြတ်ပါပဲ။
သေချာတာတစ်ခုကတော့ အာဏာရှင်လို့ စွပ်စွဲခံရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော၊ စစ်သား တစ်ပိုင်း အရပ်သားသမ္မတလို့ အခေါ်ခံရတဲ့ ဦးသိန်းစိန်ရော ကျည်ကာယာဉ် မစီးခဲ့ဘူး။ သူတို့ နှစ်ယောက်လုံး မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်လို ကားကို လုံခြုံရေးတွေ လက်ချင်း ချိတ်ခြံရံပြီး မသွားခဲ့ဖူးဘူး။

One thought on “မသိဘူး စီးမယ် (၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: