အင်း ပုံပြင် (၂)

မိုးယွန်းကြီး အင်းကို လာတဲ့သူအများစုက ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ဖို့လာတာများတယ်။ အနည်း စုက ဒေသခံရေပျော်ငှက်တွေ၊ ဆောင်းခိုငှက်တွေကို ဓာတ်ပုံရိုက်ကြတယ်။ ဒါပေမယ့် မိုးယွန်းကြီး အင်းပတ်လည်မှာနေထိုင်နေတဲ့ ရေလုပ်သားတွေ ဘဝကို ဓာတ်ပုံရိုက်တဲ့သူကတော့ လက်ချိုးရေ လို့ရမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ငှက်ရော၊ ရေလုပ်သားတွေ ဘဝကိုရော ဓာတ်ပုံရိုက် ဖို့ အတွက် မိုးယွန်းကြီးကိုရောက်ခဲ့တယ်။

မိုးယွန်းကြီးရောက်တော့ ဟိုတယ်က စီစဉ်ပေးတဲ့စက်လှေသမားက ကိုထွန်းထွန်းနိုင် တဲ့။ ကံ ကောင်းတာက ကိုထွန်းထွန်းနိုင်က ဒေသခံဖြစ်တဲ့အပြင် ငှက်တွေအကြောင်းလည်းသိတယ်။ အင်း သမားတွေနဲ့လည်းသိတယ်။ သူကပဲ တာဂွဘက်မှာ အင်းဖော်ဖို့ရှိတယ်။ သွားကြည့်လို့ရတယ် လို့ သတင်းပေးတယ်။

အင်းဖော်တဲ့အချိန်က ပျော်စရာအကောင်းဆုံးအချိန်ပါ။ ရွံ့ထဲမှာ ငါးဆင်းဖမ်းရတာ ပျော်ဖို့ကောင်း သလို၊ လတ်လတ်ဆတ်ဆတ်ငါးတွေချက်စားရတာလည်း ဘယ်မှာမှမရနိုင်တဲ့အရသာပဲ။ ငယ်ငယ် က ခန္တီး မှာနေတော့ အခုလိုအချိန်ဆိုရင် နားမေတ္တာရွာနားက လယ်ကွင်းတွေထဲမှာ မြောင်းလေးတွေကို ပိတ် ပြီး ငါးပက်ကြတယ်။ ကလေးတွေဆိုတော့ ငါးရတာ မရတာတာထက် ရွံ့ထဲမှာဆင်းဆော့နေ ရတာကိုက ပျော်စရာပဲ။ တပ်မတော်မှာတာဝန်ထမ်းဆောင်တော့လည်း နယ်မြေအခြေအနေပေါ် မူ တည်ပြီး အခြေအနေပေးတိုင်း ငါးပက်ရင်း ဟင်းစားရှာခဲ့ရတယ်။ ဒီတော့ အင်းဖော်မယ်ဆိုတဲ့ အသံကြားတဲ့အခါ အဲဒီကို ချက်ခြင်းထပြေးတော့တာပဲ။

အင်းသားကြီးတဲကို ရောက်သွားတော့ ရှစ်နာရီကျော်နေပြီ။ တာဘောင်ပေါ်ကနေ လှမ်းခေါ်လိုက် တော့ လက်လှော်လှေတစ်စီးလာကြိုတယ်။ တဲထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ် ယောက်ထမင်းစားနေတယ်။ ခွေးတစ်ကောင်က ကပြင်ကို မေးတင်ပြီး ထမင်းဝိုင်းကို ကြည့်နေ တယ်။ တစ်ဖက်ရပ်တဲထဲမှာ အမျိုးသမီးလေးယောက်ရှိတယ်။ အမျိုးသားသုံးယောက် ရှိတယ်။ အမေအိုတစ်ယောက်ရှိတယ်။ မွေးကင်းစ ကလေးလေးရှိတယ်။ သမီးလေး၊ ရက်တစ်ရာတောင် မပြည့်သေးဘူး။ ဒါပေမယ့် အမေရော၊ ကလေးပါ အင်းထဲမှာ။ ဘဝက လူတွေရဲ့ ကိုယ်ခံစွမ်း အား ကို ပိုကောင်းစေတယ်ထင်ပါရဲ့။ အမျိုးသားအများစုကတော့ စားသောက်ပြီး အင်းဖော်မယ့် နေရာ ကို သွားကြပြီ။

စက်လှေသမားက တဲထဲက လူတွေကို ဧည့်သည်ပါတယ်လို့ မိတ်ဆက်ပေးတယ်။ ဧည့်သည်လို့ မိတ်ဆက်လိုက်တာနဲ့ ပထမဆုံးပြောတဲ့စကားက ထမင်းဝင်စား ဆိုတဲ့စကားပဲ။ ဒီအရပ်မှာတော့ ဧည့် သည် လို့ ပြောရင်လုံလောက်ပြီ။ နာမည်၊ နေရပ်၊ အလုပ်အကိုင်တွေ ဘာ တွေမလိုဘူး။ စက်လှေ သမား ကိုယ်တိုင်လည်း ကျွန်တော့်နာမည်ကို မသိဘူး။ အင်းမှာ နှစ်ရက်နေတာ ဘယ်သူ ကမှ နာမည်မမေးဘူး။ စကားပြောရင် ဟေ့လူ လို့ခေါ်တယ်။ ဒါမှမဟုတ် လက်တို့တယ်၊ ဒါမှ မဟုတ် ကိုယ့်ဘက်ကြည့်ပြီးပြောရင် ကိုယ့်ကိုပြောတယ်လို့မှတ်ရတယ်။

ကျွန်တော်က စားလာခဲ့ပြီလို့ပြောတော့ ထပ်စားဦး၊ အင်းဖော်တာက ကြာမှာ လို့ပြောတယ်။ ထမင်းစားနေတဲ့အမျိုးသမီးက လာစမ်းပါ။ ဒီမှာ ငါးကြော်နဲ့ ငါးပိရည်နဲ့ လို့ ခေါ်တယ်။ အင်းသား ကြီး ဇနီးကလည်း အားမနာနဲ့ ဆန်အိတ်ထောင်ထားတယ်။ တဲကိုလာတဲ့သူတိုင်းစားပြီးမှ ပြန်တာ၊ သူလည်း အခုစားတော့မှာ လို့ ဆိုတယ်။ တကယ်လည်း ကပြင်ပေါ်မှာ ဆန်အိတ်တစ်အိတ်တင် ထားတယ်။

ငါးပိရည်နဲ့ ငါးကြော်လို့ ကြားထဲက ခြေတစ်လှမ်းပြင်နေတဲ့ကျွန်တော်က နောက်တစ်ခွန်းခေါ် တာ နဲ့ ထမင်းဝိုင်းထဲရောက်သွားတယ်။ ကလေးလေး စားပြီးလို့ ထသွားတဲ့ နေရာမှာ ဝင်ထိုင်တယ်။ စတီးဇလုံနဲ့ထမင်းရောက်လာတယ်။ ငါးကြော်နဲ့ ငါးပိရည်ထပ်ဖြည့်ပေးတယ်။ ငါး ခြောက် ဖုတ် ကတော့ ရှေ့လူတွေစားသွားလို့ ဇလုံထဲမှာ ဆီပဲကျန်တော့တယ်။ တို့စရာကတော့ လယ်ကန်စွန်း ရွက် ပြုတ် နဲ့ သခွားသီး။ ငါးက ညက လူးကျင်းထဲကျတဲ့ငါးတွေကို လတ်လတ်ဆတ်ဆတ် ကြော် ထားတာ ဆို တော့ ကောင်းမှကောင်း၊ ငါးပိရည်ကလည်း ကိုယ်တိုင်သိပ်ထားတဲ့ ငါးပိရည် ဆိုတော့ ဘာပြော ကောင်းမလဲ။ ငါးခြောက်ဖုတ်လက်ကျန်ဆီကို ဆမ်း၊ ငါးပိရည်လောင်းထဲ့၊ ငါးကြော်ကို ဖဲ့ပြီး အားပါး တရ လွေးတော့တာပေါ့။

အင်းသားကြီးဇနီးက မဇာနည်စန်းတဲ့။ ထမင်းစားရင်းနဲ့ အင်းတဲ ဆိုတာ တံခါးအမြဲဖွင့်ထားတာ။ ဘယ်သူလာလာ ထမင်းကျွေးတာပဲ။ ငါးဝယ်တဲ့သူလာလည်း ကျွေးလိုက်တာပဲ။ တစ်တင်းခွဲ တစ်အိတ်ကို လေးရက်ပဲ ခံတယ်လို့ရှင်းပြတယ်။ ဟင်းကတော့ ထူးထူးခြားခြားမဟုတ်ပါဘူး ငါးပိရည်နဲ့ ငါးဟင်း၊ဒါမှမဟုတ် သီးစုံဟင်းပေါ့။

ကျွန်တော်တို့ ထမင်းစားနေတုန်း လူငယ်တစ်ယောက် အထုတ်အပိုးတွေနဲ့ရောက်လာတယ်။ ရွာမှာ ကလေးမီးထွက် ကျွေးလို့ အုန်းနို့ခေါက်ဆွဲလာပို့တာတဲ့။ အုန်းနို့ခေါက်ဆွဲဆိုပေမယ့် မုန့် ဖတ်က ညှပ်ခေါက်ဆွဲဖတ်တွေ။ တဲထဲကလူတွေထစားကြတယ်။ အတူထမင်းစားနေတဲ့ အမကြီး နှစ်ယောက်ကလည်း ထမင်းကို လက်စသတ်ပြီး ထစားတယ်။ သူတို့စားတာ အားရစရာ၊ အကြော် တွေ၊ နံနံပင်တွေ ၊ သံပုရာသီးတွေဘာမှမလိုဘူး။ ကြွတ်ကြွတ်အိတ်ထဲက ခေါက်ဆွဲဖတ် ကို လက်နဲ့ ဆွဲမ၊ ဇလုံထဲထည့်၊ ဟင်းရည်လောင်း၊ ငရုတ်သီးမှုန့်တွေကို မုန့်ဖတ်ပေါ်ပုံလိုက်၊ ပြီး ပြီ။ ကျွန်တော်ကတော့ မနိုင်တော့လို့ လက်ကာပြပြီး တောင်းပန်ရတယ်။

ထမင်းစားပြီးတော့ တဲနံရံမှာ ချိတ်ထားတဲ့ ကြွတ်ကြွတ်အိတ်ကို ဖြုတ်ပြီး လာချပေးတယ်။ ကြွတ်ကြွတ် အိတ်ထဲမှာ ကော်ဖီမစ်ထုတ်တွေ၊ မုန့်တွေရှိတယ်။ ဒီဘက်မှာ ကော်ဖီမစ်ဆိုရင် ပရီမီယာပဲသုံးတယ်တဲ့။ နက်စ်တွေ၊ ဆူပါတွေ မရှိဘူး။ ဆေးလိပ်တစ်ထုတ်လာချတယ်။ ကြယ်တာ ရာ (တောင်ငူ) ဆေးလိပ်။ ပဲခူးနားနီးပေမယ့် ဒီဘက်မှာ ဘဲ တို့ ကျားတို့ ဆိုတဲ့ ပဲခူးဆေးလိပ်တွေ သောက်တာနည်းတယ်။

ပရီမီယာတစ်ထုတ်နဲ့ ထမင်းလုံးစီပြီးတော့ ကျွန်တော်တို့ကို ကိုအောင်မင်းစိန် ဆိုတဲ့လူက အင်း ဖော်မယ့်နေရာကို ခေါ်သွားတယ်။ သူက အင်းသားကြီးရဲ့ ယောက်ဖ၊ အင်းဖော်မယ့် နေရာမှာ တဲလေးတစ်လုံးရှိတယ်။ ညစောင့်အိပ်တဲ့နေရာပေါ့။ အဲဒီမှာ အင်းသားကြီးရယ်၊ အင်းသားကြီး အဖေ ဦးအောင်ဌေးရယ်အပါအဝင်ခြောက်ယောက်ရှိတယ်။ ထုံးစံအတိုင်း ဧည့်သည်လို့ မိတ်ဆက် ပေးတော့ ပြုံးပြတယ်။ တဲဖက်ကို မေးငေါ့ပြတယ်။ ထိုင် ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် မထိုင် ဖြစ် ပါဘူး။ အင်းဖော်ဖို့အတွက် ပြင်ဆင်နေတာတွေကိုပဲ လိုက်ကြည့်ဖြစ်တယ်။

One thought on “အင်း ပုံပြင် (၂)

  1. ဒေသအလိုက်ဖွံဖြိုးရေး နိုင်ငံတော်အဆင့်
    စီမံချက် မဟာဗျူဟာ နည်းဗျူဟာတွေ မရှိသေးသ၍ အခြေခံအကြောင်း တရား မညီမျှမှုတွေ ရှိနေဦးမှာ ဆိုတဲ့ပြရုပ်ကလေးတွေပါ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: