အင်းထဲရောက်ရင် ပထမဆုံး လုပ်ရတဲ့အလုပ်ကတော့ ဖိနပ်ချွတ်ဖို့ပဲ။ ကန်သင်းရိုးတွေပေါ်မှာ၊ ဗွက်တောတွေထဲမှာ ဖိနပ်နဲ့အဆင်မပြေဘူး။ ရွံ့တွေနဲ့ ချော်နေတဲ့ ကန်သင်းရိုးပေါ်မှာ ခြေမ လေးနဲ့ ကုတ်ပြီး ထိန်းသွားမှအဆင်ပြေတယ်။ ခြေဗလာနဲ့ဆိုရင် ဗွက်ထဲ ဖိနပ်ကျန်ခဲ့မှာ မပူရဘူးပေါ့။
အင်းသားကြီးတို့က ရေစုတ်ထားတဲ့အကန့်မှာ ပိုက်ဆွဲဖို့ပြင်နေပြီ။ သူတို့အင်းချောင်းရဲ့ ဒီအပိုင်းက တာဘောင် ပြင်တဲ့အချိန်မှာ ဘက်ဟိုးတူးထားလို့ မြောင်းဖြစ်နေ တယ်။ အောက်မှာလည်း စမ်းပေါက်ပြီးရေလိုက်နေလို့ ရေကုန်အောင်အတော်အချိန်ယူရတယ်။ ဒီနေ့ကတော့ ပိုက်ဆွဲမယ်၊ နောက်နေ့ ရေခန်းသွားရင် ကျန်တဲ့ငါးတွေကို ထပ်ဖမ်းမယ်လို့ အင်းသားကြီးက ရှင်းပြတယ်။
ကျွန်တော်က ပိုက်ဆွဲတာကို မြင်ချင်နေပေမယ့် အင်းသားကြီးတို့ကတော့ အေးအေးဆေးဆေးပဲ။ အင်းသားကြီးကိုယ်တိုင်ဦးစီးပြီး အင်းချောင်းဘေးမှာ ပိုက်ဖြန့်ပြီး ပိုက်ပေါက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖာထေးပြုပြင်နေတယ်။ ပိတ်ထားတဲ့ အကန့်ထဲက ငါးတွေက ဘယ်အချိန်ဖမ်းဖမ်းရတယ်။ ဒါပေမယ့် ဖမ်းမယ့်ပိုက်က ငါးတွေ ထွက်ပေါက်မရှိအောင် လုံခြုံနေဖို့လိုတယ်။ သူတို့လုပ်ကိုင်နေတာကို မြင်တော့ “ ပြင်ဆင်မှုကို အချိန်ယူလုပ်၊ ပြီးရင် အမြန်ချီ၊ အမြန်တိုက်” ဆိုတဲ့ သင်ကြားမှုကို သတိရမိတယ်။ အင်းချောင်းထဲက ငါးတွေကတော့ မကြာခင် အသက်လုပွဲ ဆင်နွဲရတော့မယ်ဆိုတာသိပုံမရဘူး။
ပိုက်ဖာတာလည်း စိတ်တိုင်းကြပြီ၊ လူလည်းစုံပြီဆိုတော့ ပိုက်ဆွဲဖို့ပြင်တယ်။ ရေထဲမှာ အင်းသား ကြီး အပါအဝင်ငါးယောက်။ ကမ်းတစ်ဖက်တစ်ချက်မှာ နှစ်ယောက်ဆီ။ တစ်ယောက်က ပိုက်ရဲ့ ခေါင်းကြိုး( အပေါ်ကြိုး) ကို ဆွဲတယ်။ တစ်ယောက်က ဗိုက်ကြိုး( အောက်ကြိုး)ကို ဆွဲတယ်။ ကလေး တစ်ယောက်က အောက်က ပစ်တင်ပေးတဲ့ငါးတွေကို ကောက်ဖို့ အသင့်စောင့်နေတယ်။
ကျွန်တော့်ကိုတော့ ရေထဲမဆင်းဖို့တောင်းပန်တယ်။ ရွံ့တွေပေမှာ စိုးရိမ်လို့မဟုတ်ဘူး။ မလုပ် တတ် လုပ်တတ်နဲ့ ဝင်လုပ်ရင် ပိုက်အောက်စလွတ်ပြီး ငါးတွေ ထွက်ကုန်မှာ စိုးရိမ်တာရယ်။ ငါးကျည်းသွားဖမ်းမိရင် ဆူးစူးပြီး အဆိပ်တက်မှာရယ်ကို စိုးရိမ်တာကြောင့်ပါ။ ကျွမ်းကျင်ရာ လိမ္မာပဲလေ။ ဒီတော့ ကိုယ့်နေရာကိုယ်သိပြီး ကမ်းပေါ်က ဓာတ်ပုံရိုက်တဲ့အလုပ်ပဲလုပ် တော့ တယ်။
အင်းချောင်းထဲမှာ ရေကတော့ မနက်ဘူး။ ဒါပေမယ့် နွံတွေက ပေါင်လည်လောက်အထိ ရှိတယ်။ ကမ်းပေါ်က လူတွေကပိုက်ကို ဖြေးဖြေးလေးဆွဲသွားချိန်မှာ ရေထဲမှာ ရှိတဲ့လူတွေက ပိုက်အောက် နားစတွေကို ဖိထားကြတယ်။ ပိုက်ကိုတိုးပြီးထွက်ဖို့ ကြိုးစားတဲ့ ငါးရှိရင် ရေငုတ်ပြီး စမ်းတယ်။ မိရင် ဖမ်းပြီး ကမ်းပေါ် ပစ်တင်ပေးတယ်။
ခေါင်းကြိုးတင်းထား
အောက်ကြိုးလေ ျှာ့ဦး
ဟ ဟ ငါးဘတ်ကြီး၊ မိပြီ
မရလိုက်ဘူးဟေ့။ နွံ့ထဲတိုးသွားပြီ
ဟေ့ကောင် မင်းဘက်ကို သေသေချာချာလုပ်ပါဟ
အင်းချောင်းထဲမှာ အင်းသားကြီးတို့ရဲ့ ပိုက်ဆွဲတေးတွေ စီစီညံနေတယ်။ ဖိုးသား နဲ့ ကောက်ရ ဆိုတဲ့ ခွေးနှစ်ကောင်ကလည်း မြူးပြီးပတ်ပြေးနေတယ်။ တမံပိတ်ထားတဲ့တစ်ဖက်စွန်းကနေ ဆွဲ လာလိုက်တာ နောက်တစ်ဖက်စွန်းအနားရောက်လာတော့ ပိုက်ကိုဝိုက်ပြီး ကမ်းဖက်ကို ဆွဲယူ လိုက်တယ်။ အဲဒီအချိန်မှာ ပိုက်ထဲမှာ ငါးသေးသေးလေးတွေ၊ ငါးကြီးကြီးတွေ အခြေအနေ မကောင်းတော့ဘူးဆိုတာ သိလာကြပြီ။ ပိုက်ထဲမှာ ခုန်တိုးနေကြပြီ။ ဒီအချိန်က အရေးအကြီးဆုံး အချိန်ဆိုတော့ နောက်ထပ်လူတွေရောက်လာပြီး ပိုက်ကူဆွဲကြတယ်။
ကမ်းနားရောက်တော့ ပိုက်ကို အစတစ်ဖက်က မပြီး ဆွဲတင်တယ်။ ပိုက်ထဲမှာငြိနေတဲ့ ငါးအသေး လေးတွေကို တုတ်လေးတစ်ချောင်းနဲ့ ရိုက်ချတယ်။ ပိုက်အောက်မှာ စုနေတဲ့ငါးတွေကို ပုံးနဲ့ ကျုံး ခပ်ပြီး ငါးတောင်းထဲကိုထည့်တယ်။ ငါးတောင်းပြည့်တော့ လှေပေါ်တင်ပြီး တဲဆီကို သယ်တယ်။ တဲရောက်မှ ငါးတွေကို အမျိုးအစားခွဲတယ်။
ပိုက်ထဲမှာ မိနေတဲငါးနဲ့ ရေထဲမှာ ဖမ်းမိပြီး ကုန်းပေါ်ပစ်တင်ခံရတဲ့ငါးတွေကို ဓာတ်ပုံရိုက်ရင်း ဒီပုံ တွေကို ဖေ့စ်ဘွတ်မှာတင်လိုက်ရင် ငါးလေးတွေ သနားစရာလို့ မှတ်ချက်ပေးတဲ့သူတွေ အများကြီးရှိမှာပဲလို့တွေးမိတယ်။ ဒါပေမယ့် အမဲသား၊ ဝက်သားမစားသူရှိပေမယ့် ငါးမစားသူ မရှိဘူး။ ငါးရံ့အူတို့၊ ငါးမြင်းဗိုက်သားတို့ဆို “လာထား အာဘွား” ဆိုတဲ့သူတွေ အများကြီးပဲ ဆိုတာလည်း တွေးမိပြန်တယ်။
တမံပိတ်ပြီး ပိုက်နဲ့ ဆွဲတယ်ဆိုပေမယ့် ငါးအကုန်မိတာတော့မဟုတ်ဘူး။ ဒီနေရာမှာလည်း တံငါသည်နဲ့ ငါးသုံးကောင်ပုံပြင်ထဲကလို ငါးနဲ့ လူ ပညာပြိုင်ကြတာပဲ။ အတင်းခုန်တိုးနေတဲ့ငါးက အရင်မိပြီး ကမ်းပေါ် ပစ်တင်ခံရတယ်။ မထူးပါဘူးဆိုပြီး နေတဲ့ငါးကလည်း ပိုက်ထဲပါ သွားပြီး ခြင်းထဲ ရောက်သွားတယ်။ အခြေအနေကြည့်ပြီး နွံထဲတိုးနေတဲ့ငါးတော့ လွတ်သွားတာ ပေါ့။
အင်းသားကြီးတို့ဘက်ကလည်း လွယ်လွယ်နဲ့ အလေ ျှာ့ပေးတာတော့မဟုတ်ဘူး။ပိုက်က သုံးခါပြန်ဆွဲမှာ၊ မနက်ဖြန်ရေခန်းသွားရင်လည်း လူနဲ့ ဆင်းဖမ်းဦးမှာ။ ဒါပေမယ့် ဘယ်တော့ မှ ငါးအကုန်မမိပါဘူး။ အင်းသမားကြောင့် ငါးမျိုးမတုန်းဘူး။ ကျင်စက်နဲ့ ဆေးချတာကြောင့် ငါးမျိုးတုန်းတာ လို့ ပြောကြတာပဲ။
ပိုက်တစ်လားဆွဲပြီးတော့ ၁၂ နာရီလောက်ရှိပြီ။ ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ အင်းထဲမှာ နေရ တာမပျော်လို့မဟုတ်ဘူး။ ဟိုတယ်က ငှားလာတဲ့ စက်လှေက တစ်နာရီကို နှစ်သောင်းပေးရ တော့ မကိုက်ဘူး။ နောက်နေ့တော့ ဆိုင်ကယ် ကယ်ရီနဲ့ပဲလာမယ်လို့ ဆုံးဖြတ်လိုက်တယ်။
အင်းအဖွဲ့တွေကို နှုတ်ဆက်တော့ မနက်ဖြန် ငါးရံ့မီးဖုတ်နဲ့ ဧည့်ခံမယ်လို့ ပြောတယ်။ ကျွန်တော်က သောက်ဖို့တစ်ခုခုဝယ်ခဲ့မယ်။ အပြင်းလား လို့မေးတော့ နေပူထဲ ငါးဖမ်းရမှာ အပြင်း မလုပ်ပါနဲ့၊ အပျော့လောက်လုပ်ပါတဲ့။ ဒါနဲ့ ဘီယာဝယ်ခဲ့မယ်လို့ပြောလိုက်တယ်။ တဲက အမျိုး သမီးတွေကလည်း ကျုပ်တို့ဖို့လည်း တစ်ခုခု ဝယ်ခဲ့လို့ မှာတယ်။ အမျိုးတွေပဲ ယူခဲ့ရမှာ ပေါ့လို့ ပြောပြီး နှုတ်ဆက်ခဲ့တယ်။