အင်း ပုံပြင် (၄)

မနက် ၇ နာရီခွဲလောက် အင်းထဲက ဘော်ဒါတွေ အတွက် ဘီယာတစ်ဖာ၊ အင်းသူတွေအတွက် လက်ဖက် အစိတ်သား၊ အကြော်စုံအထုပ်ကြီးတစ်ထုပ်နဲ့ အတူ ဆိုင်ကယ် ကယ်ရီနဲ့ ထွက် ခဲ့ တယ်။ ကျွန်တော်က ဆိုင်ကယ်တစ်စီး၊ ကျွန်တော်ညီဝမ်းကွဲလေးနဲ့ စက်လှေသမား ကိုထွန်းထွန်း နိုင်က တစ်စီး၊ ဘီယာဖာက ကျွန်တော့်ဆိုင်ကယ်ကယ်ရီရဲ့ ရှေ့ခွင်ထဲမှာတင်လာတယ်။ အဲဒီမှာ ပစ္စည်းတင်လို့ရအောင်ခုံလေးလုပ်ထားတယ်။ ဆိုင်ကယ်ကယ်ရီဆရာရဲ့ နာမည်က ကိုမောင်ဝင်း တဲ့။

မိုးယွန်းကြီးအင်းလမ်းခွဲကနေ ညာဘက်ကို ချိုးပြီး နှစ်မိုင်လောက်မောင်းလိုက်ရင် တာဆုံ ကိုရောက်တယ်။ တာဆုံထိပ်မှာ “ ပုကိုင်တာ (အဆုံး) အလျား ၁၇ မိုင် ၊ ၄ ဖာလုံ ” ဆိုတဲ့ ဆိုင်း ဘုတ်ကြီးရှိတယ်။ တာဘောင်အတိုင်း ဆိုင်ကယ်နဲ့သွားတဲ့အခါ ညာဘက်အခြမ်းက မိုးယွန်း ကြီး အင်း၊ ပဲခူးမြို့နယ်အပိုင်၊ ဘယ်ဘက်အခြမ်းက လယ်ကွက်တွေများတယ်၊ ဒိုက်ဦးမြို့နယ် အပိုင်၊ တစ်ချို့နေရာတွေမှာတော့ အင်းချောင်း တွေရှိတယ်။ ကုန်းကျတဲ့လယ်တွေက ရိတ်သိမ်းပြီးပြီ။ အင်းချောင်းစပ်က လယ်တွေ ကတော့ ရေကျ နောက်စိုက်စပါးတွေ စိုက်နေတုန်းပဲ။

တာဘောင်ပေါ်မှာ၊ တာဘောင်အခြေက လယ်ကွင်းစပ်တွေမှာ ဆိုင်ကယ်လေးတွေရပ်ထားတယ်။ အရင်ကတော့ လယ်လုပ်ဖို့၊အင်းလုပ်ဖို့ ရွာကနေ ခြေလျင်လာရပေမယ့် အခုတော့ ဆိုင်ကယ်နဲ့ လာနိုင်ပြီပေါ့။ ဒီဘက်မှာတော့ တရုတ်ဆိုင်ကယ်တွေပဲ အသုံးများတယ်။ တရုတ်ဆိုင်ကယ်က ဝန်ပိုတင်နိုင်တယ်၊ အဆွဲအရုန်းပိုကောင်းတယ်တဲ့။ ထိုင်းဘီးတွေ ကတော့ မြေပြန့် အလှစီးပဲကောင်းတယ်လို့ ဆို တယ်။

လယ်ကွင်းတွေထဲမှာတော့ နွားတွေအစား လက်တွန်းထွန်စက်တွေရောက်နေပြီ။ စက် ထွန် ရေး နောက်က ဗျိုင်းတွေကလိုက်လို့။ ဖုန်း၊ ဆိုင်ကယ်နဲ့ ထွန်စက်ကြောင့် ကျေးလက် လူထု တွေရဲ့ လူမှုစီးပွားဘဝမှာ ဘာတွေ အပြောင်းအလဲဖြစ်ကုန်သလဲဆိုတာ စစ်တမ်းကောက် လေ့လာသင့်တယ်။

အင်းတဲကိုရောက်တော့ ငါးကောက်ဖို့အတွက် အ သင့်ဖြစ်နေကြပြီ။ ယူလာတဲ့ ဘီယာကို တဲမှာ ရှိတဲ့ ငါးလှောင်ရေခဲပုံးထဲကိုထည့်၊ လက်ဖက်၊ အကြော်စုံတွေကို အမျိုသမီးတွေလက်ထဲကို အပ် ပြီး အင်းပက်နေတဲ့နေရာကို လိုက်သွားတယ်။ နောက်မှာ အမျိုးသမီးတစ်ယောက်က ဘီယာ တစ်ဖာလောက်များ ကျူပ်တစ်ခါသောက်ရှိတယ် လို့ လှမ်းအော်သံကြားရတယ်။

အင်းပက်တဲ့နေရာမှာ အင်းသားကြီးတို့က အပေါ်တမံကနေ ရေစိမ့်နေလို့ ထူးပေါက်ပိတ်နေကြ တယ်။ အောက်ဘက်ကတမံနေရာမှာတော့ ရေစုတ်စက်အသေးလေးနဲ့ ရေစုတ်ထုတ်နေတယ်။ ပိုက်အထွက်ဘက်မှာ ငါးတွေပါမသွားအောင် ခြင်းတစ်လုံးစွတ်ထားတယ်။ အဲဒီထဲမှာ ငါးသေး သေး လေးတွေတင်နေတယ်။

ပိတ်ထားတဲ့အင်းချောင်းထဲမှတော့ ရေစပ်စပ်ပဲရှိတော့တယ်။ မနေ့က ပိုက်ဆွဲထားတာတောင် ငါး အတော်ကျန်နေသေးတယ်။ ရေစပ်စပ်ထဲမှာ ရုန်းကန်နေတဲ့ငါးတွေကို မြင်ရတာ “အမိမဲ့သား ရေနဲ ငါး” ဆိုတဲ့ စကားကို ကောင်းကောင်းနားလည်သွားတယ်။ တစ်ချို့ငါးတွေက ရေစုတ်စက်က ပြန် ကျလာတဲ့ရေစီးကြောင်းအတိုင်းအတင်းတိုးတက်နေကြတယ်။ အပေါ်မှာ ရေကန်ရှိမယ်ဆိုတဲ့ ယုံ ကြည်ချက်နဲ့ပေါ့။ ဒါပေမယ့် ယင်းထိပ်မြောင်းထဲမှာ ပိတ်မိနေပြီး ခြင်းထဲကောက်ထည့်ခံလိုက်ရ တယ်။ တစ်ချို့ငါးတွေကတော့ ရွံ့စပ်စပ်ထဲမှာ လူးနေကြတယ်။ တစ်ချို့က လမ်းမှားပြီး နွံစပ်မှာ တင်နေတယ်။ ပြန်ဆင်းလို့မရတော့ဘူး။ တစ်ချို့ကတော့ ခေါင်းလေးပဲဖော်ပြီး ရွံ့ထဲမှာ ငြိမ်နေတယ်။ နွံအောက်ထဲ တိုး ဝင်နေတဲငါးတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့လည်း ကြာကြာမနေနိုင်ဘူး။ ရေခန်းလာတဲ့အခါ မွန်းလာတဲ့အတွက်အပေါ် တက်လာရတာပဲ။

အင်းသားကြီးတို့အဖွဲ့ကတော့ မြောင်းအတိုင်း တန်းစီပြီး ငါးဖမ်းလာကြတယ်။ ငါးကောက်ထည့် ဖို့ ခြင်းက နောက်ကလိုက်လာတယ်။ မနေ့က ပိုက်ဆွဲ၊ ငါးရွေးလုပ်တဲ့ အမကြီးနှစ်ယောက်လည်း ဒီနေ့တော့ မြောင်းထဲ ဆင်းပြီး ငါးဖမ်းနေတယ်။ ဓာတ်ပုံ ရိုက်မယ်ဆိုတော့ လိုင်းပေါ်တင်မယ်ဆိုရင် လှလှလေးနေပေးမယ်ဆိုပဲ။ ဒီမှာတော့ ဖေ့စ်ဘွတ်ကို လိုင်း လို့ပဲ ပြောကြတယ်။ ဘယ်အချိန်များသုံးကြလဲတော့မသိဘူး။ ကျွန်တော်ရှိနေတဲ့အချိန်မှာတော့ ရွံ့ထဲကကို တက်ရတယ်မရှိဘူး။ အမျိုးသားတစ်ယောက်ကတော့ “ လိုင်းပေါ်မှာ ကြူတာ မိသွားလို့ မိန်းမက ဖုန်းသိမ်းထားတယ်” လို့ ရယ်ကြဲကြဲနဲ့ပြောတယ်။ ဘယ်သူနဲ့ ကြူတာ တုန်းလို့မေးတေ့ာ “ အို ပုံလှလှ ဆိုရင် ကြူတာပဲ” တဲ့။ ဆရာကျပါပေတယ်။

အင်းသားကြီးတို့အဖွဲ့က နွံပေါ်တင်နေတဲ့ငါး၊ ရွံ့လူးနေတဲ့ငါးတွေကို အရင်ဖမ်းတယ်။ ခေါင်းလေး ပေါ်ရုံဖော်ထားတဲ့ငါးတွေကိုတော့ ပူစီဖောင်းလေးတွေတက်နေတာကို ကြည့်ပြီးဖမ်းတယ်။ နွံအောက်ထဲရောက်နေတဲ့ငါးတွေကိုတော့ ခြေထောက်နဲ့ စမ်းပြီး တွေ့တာနဲ့ နှိုက်ဖမ်းတယ်။ နွံထဲ က ငါးကိုဖမ်းရတာလည်း ပညာပါတယ်။ ငါးကျည်းလို ငါးမျိုးက ဆူးစူးရင်သေလောက်အောင်ခံရ တယ်။

ကျွန်တော်တို့ရှေ့မှာပဲ တစ်ယောက် လက်မကို ငါးကျည်းဆူးစူးပြီးချက်ခြင်းယောင်လာလို့ အံကြိတ်ခံနေရတယ်။ ဒီမှာတော့ အဲဒီလိုဆူးရင် အကိုက်အခဲလည်းသက်သာ၊ ဖျားတာလည်း ကာကွယ်ပြီးသားဖြစ်အောင် “အော်ဆီဖက်” ဆိုတဲ့ဆေးကိုသောက်သတဲ့။ ဆေးလည်းမမြင် ရတော့ နာမည်အစစ်ကို ဘာလဲမသိဘူး။ သူတို့ အသံထွက်တဲ့အတိုင်းရေးပြရတာ။ အခု တော့ အော်ဆီဖက် မရှိလို့ ပရိုကိုးသောက်ပြီး နားနေရတယ်။ ဘီယာတောင် မသောက်နိုင်ရှာဘူး။

ဒါမျိုးဖြစ်ရင် မေတ္တာရှင်ဆိုတဲ့တိုင်းရင်း ဆေးလည်းကောင်းတယ်ဆိုပဲ။ ဒါပေမယ့် မေတ္တာ ရှင် ဆေးကို မသုံးသင့်ဘူးလို့ အစိုးရကကြေညာထားသတဲ့။ ဒါပေမယ့်လည်း သုံးတာပဲလို့ ပြော တယ်။ ဘာ့ကြောင့်လဲဗျ လို့မေးတော့ “ အိုး ဘာတွေပါမှန်းမသိတဲ့ အင်္ဂလိပ် ဆေးတောင်သောက် နေရတာပဲ၊ မြန်မာဆေးလည်းသောက်ရမှာပေါ့။ ပျောက်လည်း ပျောက် တာပဲ” လို့ဖြေတယ်။ ကိုယ်တောင် “အောင်တမန်” “ ကွမ်းရွက်ပုံ” တို့ နဲ့မကင်းနိုင်တော့ သူ့ လောဂျစ်ကို မေးခွန်းမထုတ်တော့ဘူး။ တိုင်းရင်းဆေးထုတ်လုပ်သူတွေအနေနဲ့ အန္တရာယ် ကင်းတဲ့ဆေးတွေ၊ စံချိန်မီမီထုတ်ပါစေကြောင်းပဲ ဆုတောင်းတော့တယ်။

၁၁ နာရီထိုးတော့ အင်းသားကြီးက ရေစုတ်စက်ကို ခဏရပ်လိုက်တယ်။ ငါးကောက်တာကို နား လိုက်တယ်။ ဇာတ်တိုက်ထားသလိုပဲ တဲဘက်က လှေနဲ့ ဘီယာတွေရောက်လာတယ်။ အင်းချောင်းထဲက လူတွေ ကုန်းပေါ်ရောက်လာပြီ။ တာဘောင်ဘေး အရိပ်လေးနည်းနည်း ရှိတဲ့ နေရာမှာ စုကြပြီ။

အင်းသားကြီးက ဟိုနား သည်နားက ထင်းခြောက်၊ ဝါးခြောက်တွေကောက်တယ်။ ဒီဇယ်လောင်းပြီး မီးမွှေးတယ်။ လောလောလတ်လတ် ဖမ်းထားတဲ့ အထဲက အကြီး ဆုံးငါးရံ့ နှစ်ကောင် ဟာ ကံဆိုးသူမောင်ရှင်ဖြစ်သွားတယ်။ ခုန်ပျံနေတဲ့ ဒီနှစ်ကောင်ကို ငြိမ်သက်အောင် ပြုစုလိုက်ပြီးတဲ့အခါ မီးဖိုပေါ်ကို ရောက်သွားတယ်။ အကြေးခွံသင်ဖို့မလို၊ ရင်ခွဲဖို့မလို၊ ရွံ့အုံ ဖို့ မလို။

ငါးမီးဖုတ်နေတဲ့အချိန်မှာ အချဉ်ရည်တွေရောက်လာတယ်။ ငါးရံ့မီးဖုတ်နဲ့ အလိုက်ဖက်ဆုံးက “တမာဖို” လို့ခေါ်တဲ့အချည်ရည်ပဲ။ ဘာ့ကြောင့် တမာဖို လို့ခေါ်သလဲ ဘယ်သူမှ ရှင်းမပြနိုင် ဘူး။ ဒါပေမယ့် တမာဖိုကို မန်ကျည်းသီးအနှစ်ကို ရေနွေးလေးနည်းနည်းနဲ့ ဖျော်၊ ဂျင်း၊ ကြက်သွန်ဖြူ /နီ ထောင်းနဲ့ရော၊ ဆား၊ အချိုမှုန့်သင့်သလိုထည့်ပြီးရင် ငရုတ်သီးအကျက်မှုန့်ထည့် စပ်ရတယ် လို့တော့ ရှင်းပြတယ်။ ငရုတ်သီးစိမ်းမသုံးရဘူး။ အခန့်မသင့်ရင် ဗိုက်နာတယ်တဲ့။

အမျိုးသမီးတွေက အချဉ်ရည်သုံးမျိုးပို့လိုက်တယ်။ တစ်ခုက တမာဖို၊ နောက်တစ်ခုက ယိုးဒယား ငရုပ်ဆီ ၊ နောက်ထပ်တစ်ခုက တမာဖိုကို ငရုတ်ဆီရောထားတာ။ ကြိုက်တာနဲ့စား။

ခဏနေတော့ ငါးရံ့မီးဖုတ်ထားတဲ့ အနံလေးသင်းလာတယ်။ ဒါဟာ အချိန်ကျပြီလို့ အချက်ပြလိုက် တာပဲ။ အင်းသားကြီးက ငါးရံ့နှစ်ကောင်ကို ဖိုထဲက ဆွဲထုတ်တယ်။ တုတ်တစ်ချောင်းနဲ့ အကြေးခွံ တွေကို ခြစ်ပစ်လိုက်တယ်။ စတီးဇလုံထဲကို ထည့်တယ်။ ပြီးတော့ဘီယာတစ်ပုလင်း ယူ၊ ဂတ်စ်မီးခြစ် ဖင်နဲ့ထောက်ပြီး ရိုက်ဖွင့်တယ်။ (ကိုယ်တွေလုပ်ကြည့်တယ်မရဘူး။ ) ပြီးတော့ ငါးရံ့ဇလုံ နဲ့ ဘီယာပုလင်းကို ယူသွားပြီး အဖိုး ကို ဆက်တယ်။

အဖိုးဆီက ပြန်စွန့်လာပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့အလှည့်ပေါ့။ စတီးဇလုံကို အလယ်မှာ ချ၊ ဘီယာခြင်းကို ဘေးမှာထောင်၊ ဝိုင်းဖွဲ့ပြီပေါ့။ ဇလုံထဲက ငါးရံ့ကို တစ်ယောက်တစ်လက် ဝိုင်းဖဲ့စား၊ လက်ဆေးဖို့လား။ ဘယ်သူမှ သတိမရဘူး။ ကျွန်တော်လည်းမဆေး ဘူး။ ဘောင်းဘီနဲ့သုတ် ဒါမှမဟုတ် မြက်နဲ့ ပွတ်ပေါ့။ ခဏနေတော့ ကန်စွန်းပလိန်းတစ်ပွဲရောက်တယ်။ လတ်လတ်ဆတ်ဆတ်၊အင်းတဲနား မှာ ပေါက်နေတဲ့ ကန်စွန်းကို ကြော်ထားတာ။

တမာဖို ဆိုတဲ့အချဉ်ရေက ပြောသလောက်ကောင်းတယ်။ စပ်နည်းသိပေမယ့် လက်ဆမသိတော့ ကိုယ်တိုင်စပ် သူတို့ လက်ရာကို မီမှာမဟုတ်ဘူး။ ငါးရံ့တွေကုန်တော့မယ်ဆိုတော့ သူတို့ နေရာ ကို ငါးဖီးမ နှစ်ကောင်နဲ့အစားထိုးလိုက်တယ်။ ငါးဖီးမဆိုတာက တီလာဗီးယားကို ခေါ်တာပါ။

ဘီယာဝိုင်းက အချိန်မကြာပါဘူး။ စားသုတ်သုတ်၊ သောက်မြန်မြန်ပဲ။ ငါးဖမ်းရမယ့်အလုပ်က ရှိသေးတာကိုး။ ဘီယာပုလင်းကုန်တာနဲ့ အင်းသားကြီးတို့ ရွံ့ထဲပြန်ဆင်းတယ်။ ကျွန်တော်က ရေကျိုငါးပိဝယ်ဖို့ တာဆုံဘက်ကို ထွက်ခဲ့တယ်။ ပြီးရင် ရန်ကုန်ပြန်တော့မှာဖြစ်လို့ အင်းသား ကြီး တို့ ကို နှုတ်ဆက်တယ်။ ကျွန်တော့်ကို ငါးရံ့မီးဖုတ်တစ်ကောင်ယူသွားပါလားလို့ပြောတယ်။ ဟင့် အင်းလို့ ငြင်းခဲ့တယ်။ ငါးရံ့မီးဖုတ်ဟာ ဒီလို လွတ်လပ်ပြီး အရိုင်းဆန်တဲ့ဒေသမျိုးမှာ လတ်လတ် ဆတ်ဆတ်စားမှ အရသာရှိမှာလေ။ လောကမှာ တစ်ချို့အရာတွေက သူ့နေရာ၊ သူ့အချိန်မှာပဲ ခံစားလို့ရတယ်။

အပြန်ကျတော့ ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးရတယ်။ တစ်ဖြေးဖြေး ဝေးကျန်ခဲ့တဲ့ အင်းတဲ လေးကို လှမ်းကြည့်ရင်း ဆုံခဲ့တဲ့ နှစ်ရက်တာကာလမှာ သူတို့ဘ၀ နဲ့ ပတ်သက် လို့ မေးတဲ့ အခါ အခက်အခဲတွေကို ပြောပြပေမယ့် ဘယ်သူ့ကြောင့်၊ ဘာ့ကြောင့်လို့ ငြီးငြူ တာ အပြစ်တင်တာ မကြားခဲ့ရတာကို သတိရမိတယ်။ အခက်အခဲဆိုတာ သူတို့ ကျော်ဖြတ်ရမယ့် ကိစ္စပဲလို သဘောထားတာကို သူတို့ စကားတွေထဲမှာမြင်ရတယ်။ ဒါပေမယ့် ရှားရှား ပါးပါး ပျော်စရာကိစ္စလေးတွေကိုတော့ မှတ်မှတ်သားသားတန်ဖိုးထားပြောနေပြန်ရော။ ဘ၀ နေနည်း အနုပညာကို သင်စရာမလိုပဲ ဘဝပေးအသိနဲ့ တတ်မြောက်နေသူတွေပေါ့။

ချိုင့်ထဲကျပြီး စောင်းသွားတဲ့ ဆိုင်ကယ်ကြောင့် အတွေးစပြတ်သွားတယ်။ ဆိုင်ကယ် ဆရာက ဘာ မှမဟုတ်ပါဘူး။ ဒီလမ်းမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်လို့ အားပေးတယ်။ ဟုတ်သားပဲ။ သူ့ခေါင်းပေါ် က နေကျော်ကြည့်လိုက်တော့ တာဘောင်လမ်းက ဖြူးနေတာပဲ၊ချိုင့်က နည်းနည်းပါးပါးပါ။

One thought on “အင်း ပုံပြင် (၄)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: