မိုးယွန်းကြီးအင်းကို ၁၉ ၈၈ ခုနှစ်မှာ ဒေသခံရေပျော်ငှက်တွေနဲ့ ဆောင်းခို ငှက်တွေအတွက် ဘေးမဲ့ တော အဖြစ်သတ်မှတ်ခဲ့တယ်။ မိုးယွန်းကြီးအင်းက သဘာဝအင်းမဟုတ်ပါဘူး။ ၁၉ ၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့လူလုပ်အင်းဖြစ်ပါတယ်။စတုရန်းမိုင်လေးဆယ်လောက်ကျယ်တယ်။ မူလ ရည်ရွယ်ချက်ကတော့ ပဲခူး-စစ်တောင်း တူးမြောင်း အတိုင်းရေယာဉ်တွေ၊သစ်ဆွဲဖောင်တွေ သွားနိုင် ဖို့ လိုအပ်တဲ့ရေကို ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အခုတော့ ပတ်ဝန်းကျင်က လယ်ကွင်းတွေကို ရေချိုဖြန့်ဝေပေးနေပါတယ်။
မိုးယွန်းကြီးအင်းကို နှစ်စဉ်ဆောင်းခိုငှက် နှစ်သောင်းလောက်လာတယ်လို့ ဆိုတယ်။ ဒေသခံ ရေပျော်ငှက်တွေ လည်းရှိတယ်။ မိုးယွန်းကြီးအင်းကို ကျွန်တော် လာရတဲ့အကြောင်းအရင်းထဲမှာ ရေပျော် ငှက် တွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်ချက်လည်းပါတယ်။
ဒါပေမယ့် ကျွန်တော်ဓာတ်ပုံရိုက်ဖူးတဲ့ ငှက်ဆိုတာက တိရိစ္ဆာန်ရုံထဲက ငှက်တွေ။ အခုလို သဘာဝပတ်ဝန်း ကျင်မှာ လွတ်လွတ်လပ်လပ်နေတဲ့ငှက်တွေကို ဓာတ်ပုံရိုက်တဲ့ အတွေ့အကြုံ မရှိဘူး။ ငှက်အုပ်တွေ ကလည်း သိတဲ့အတိုင်းပဲ။ တစ်ကောင် နှစ်ကောင် လန့်ပျံရင် ဘာမသိ ၊ ညာမသိ အားလုံးလိုက်ပျံတာဆိုတော့ ငှက်ကြည့်တဲ့အတွေ့အကြုံ ၊ ဓာတ်ပုံရိုက်တဲ့ အတွေ့ အကြုံမရှိရင် အတော်အခက် အခဲဖြစ်တယ်။
ဒါ့အပြင် ငှက်အမျိုးအစားတွေကို မသိသေးတော့ ရိုက်လာတဲ့ဓာတ်ပုံတွေကို မိုးယွန်းကြီးအင်းဟိုတယ်က ငှက်ကြည့်အတွေ့အကြုံရှိတဲ့ ဝန်ထမ်း ကိုဇော်မျိုးေ၀ နဲ့ ကိုထွန်းထွန်းနိုင် ကို ပြပြီး နာမည်တွေမေးရတယ်။ သူတို့ကို မေးခွင့်မရ တဲ့ငှက်တွေကျတော့ အင်တာနက် မှာလိုက်ရှာကြည့်ရတယ်။ ဒီခရီးစဉ်ကတော့ ငှက်တွေနဲ့ ပတ်သက်ပြီး သင်တန်းဆင်း တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် ကျွန်တော်တင်ထားတဲ့ ပုံတွေမှာ ငှက်အမျိုး အစား၊အမည်တွေမှားနေရင်၊ လိုအပ်ချက်တွေရှိနေရင် လည်း သိသူများ ကပြင်ပေး စေချင် ပါတယ်။
အင်းထဲမှာ စတွေ့တာတော့ စစ္စလီတွေ၊ဘဲတွေပါ။ အကောင်ရေလေးငါးထောင်လောက်ရှိမယ်။ ဒါ ပေမယ့် အကပ်မခံဘူး အဝေးကပဲလှမ်းရိုက်ခဲ့ရတယ်။ ဆောင်းခိုငှက်တွေရောက်ရှိမှုကို မှတ်တမ်း တင်နေတဲ့ သစ်တောဦးစီးဌာနက လှေတစ်စီးလည်းတွေ့တယ်။
ထပျံနေတဲ့ ဘဲအုပ်ထဲမှာ သေသေချာချာကြည့်ရင် အမြီးပိုင်း အဖြူနဲ့ ကောင်တွေက ဆောင်းခို ဖို့ရောက်နေတဲ့ စစ္စလီ Fulvous Whistling Duck ဖြစ်ပြီး ဒေသခံ စစ္စလီငှက်တွေနဲ့ရောနေတယ်။ အဲဒီအထဲမှာ ဒုံးငှက် garganey duck တွေလည်းပါတယ်။ ငှက်ကြည့်ကျွမ်းကျင်တဲ့သူတွေက တော့ ပျံတဲ့ပုံစံကို ကြည့်ပြီးခွဲခြားနိုင်တယ်လို့ဆိုပါတယ်။