လွတ်လပ်ရေးနေ့ လမ်းလေ ျှာက်ခြင်း

အိမ်ကနေ ထွက်တော့ နေ့လည်တစ်နာရီ။ ရန်ကုန်မြို့လမ်းတွေမှာ ကားနည်းနည်းပဲ ရှိတယ်။ ပလက်ဖောင်းတွေပေါ်မှာ လူတွေ၊ လမ်းဘေးဈေးဆိုင်တွေကလည်း ကျိုးတိုးကျဲတဲ။ အပန်းဖြေ တယ်ဆိုတာ စိတ်ရော လူပါ အေးအေးချမ်းချမ်း အနားယူတယ်ဆိုတာကို သဘောမပေါက်တဲ့ သူတွေကတော့ ကားတွေပြည့်ကျပ်နေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ၊ ဈေးကြီးသလောက် စား လို့မကောင်းတဲ့ဆိုင်တွေမှာ၊ ရာသီအမီဈေးမြှင့်ထားတဲ့ ဟိုတယ်ခန်းတွေမှာ၊ လူပင်လယ်တွေ၊ လူ ကမ်းခြေတွေမှာ အပန်းဖြေတယ်ဆိုပြီး ရုန်းကန်သွားလာနေကြတယ်။

အမြင်ကျယ်တဲ့ ရန်ကုန် သားတွေကတော့ ကားရှင်း၊ လူရှင်းတဲ့ ရန်ကုန်မြို့မှာ အေးအေးဆေးဆေး ဇိမ်ခံနေကြတယ်။ သူ တို့ကို အနှောင့်အယှက်ပေးတာဆိုလို့ လော်စပီကာသံပဲရှိတယ်။ ဒါတောင် လွတ်လပ်ရေးနေ့ တစ်ရက်ပါပဲ။

မြို့ထဲက လမ်းတိုတွေ အတော်များများ လမ်းပိတ်ပြီး လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ နေ ကြတယ်။ မနက်ပိုင်းပွဲတွေပြီးသွားပေမယ့် တစ်ချို့လမ်းတွေထဲမှာ ကလေးတွေက ပွဲဆက်နေတုန်း ပဲ၊ တစ်ချို့လမ်းတွေကတော့ ညနေပိုင်း ပွဲတွေရှိသေးလို့ လမ်းဆက်ပိတ်ထားတယ်။ ဒါကို အပြစ် တင်လို့တော့မရဘူး။ အပြစ်တင်မယ်ဆိုရင် ရပ်ကွက်တွေထဲက အများပြည်သူနဲ့ဆိုင်တဲ့ ပန်းခြံ တွေ၊ ကစားကွင်းတွေ၊ ကွက်လပ်တွေကို အမြတ်ထုတ်သွားခဲ့တဲ့ တီကောင်လို လူတွေကို ပဲ အပြစ်တင်ရတော့မယ်။

လမ်းငါးဆယ်အလယ်ဘလောက်က သွားဆေးခန်းကို ခဏဝင်တယ်။ အရင်က တန်းစီစောင့်ရတဲ့ ဆေးခန်းမှာ ဒီနေ့လူရှင်းနေတယ်။ ကိုယ့်ရှေ့မှာတစ်ယောက်ပဲရှိတယ်။ ခဏစောင့်ပြီးတော့ ခုံပေါ် တက်ပြီး ကုသမှုခံယူတယ်။ အပြောကောင်းတဲ့ ဆရာဝန်က သွားကို ကုသပေးနေရင်းနဲ့ သွားအခြေအနေက ဘယ်လို၊ ဘာဆေးထဲ့တယ်၊ အခုဆိုရင် ဘာလုပ်နေပြီ ဆိုပြီး မပြတ် ပြောပေးနေတာ ရေဒီယိုက ဘောလုံးပွဲနားထောင်ရသလိုပဲ။ ဘာတွေလုပ်နေမှန်းမသိဘဲ ပါးစပ်ကြီးဟနေရတာထက်စာရင် ဒီလိုကြေညာပေး နေတာက လူနာအတွက် အတော် အဆင်ပြေ တယ်။ ဒါ့ကြောင့်လည်း ဆရာ့ဆီမှာ လူနာ များတာဖြစ်မယ်။

သွားဆေးခန်းက ပြန်ထွက်ပြီး အနော်ရထာလမ်းအတိုင်းလေ ျှာက် ၄၇ စီတီးမတ်နားက အာလူးကြော်ဆိုင်မှာ ထမင်းချိုးကြော်ဝယ် တယ်။ ဆိုင်ရှင်က အပင်အောက်မှာ အာလူးကြော်နေရာကနေ လာပြီးရောင်းပေးတယ်။ ဒီဆိုင်က ချိုးကြော်က ကျွန်တော်ဖေးဖရိတ်ပေါ့။ ထမင်းချိုးကြော်ဆိုပေမယ့် တကယ်တော့ ထမင်းခြောက် ကြော်ပါ။ ထမင်းကိုခပ်ပျော့ပျော့လေးချက်၊ ပိတ်စထဲမှာ ထည့်ပြီး နည်းနည်းလေး ညှစ်လိုက်၊ ထွေး ထွေးလေးဖြစ်သွားမှ အပြားလေးတွေလုပ်ပြီး နေလှမ်းပြီးကြော်ထားတာပါ။ ဒီဆိုင် ကတော့ တောင်ဒဂုံဘက်မှာ ချက်တာ၊ နေလှမ်းတာ၊ ကြော်တာလုပ်ပြီးမှာ ဒီကို ယူလာ ရောင်းတာ။ နေလှမ်းတဲ့အခါ ငှက်တွေမစားအောင်၊ အမှိုက်တွေမကျအောင် အစိမ်းရောင် ပိုက်တွေနဲ့အမိုးအကာလုပ်ထားရတယ်လို့ ပြောပြတယ်။

တကယ့်ထမင်းချိုးဆိုတာက ဒယ်အိုး၊ ဒန်အိုးတွေနဲ့ ထမင်းကို ချက်တဲ့အခါ အိုးအခြေ မှာ ကပ်နေတာကို ပြောတာ။ ကလေးဘဝက တပ်ရင်းလူပျိုရိပ်သာ မှာ ထမင်းချက်တဲ့အချိန် ဆို သွား စောင့်နေရတယ်။ ထမင်းတွေကို တောင်းထဲ သွန်ထည့်ပြီးတဲ့အခါ ဒယ်အိုးဖင်မှာ ကပ်နေ တဲ့ ထမင်းချိုးတွေကို ဦးလေးရဲဘော်ကြီးတွေက ခွာပေးတယ်။ အဲဒီထမင်းချိုးပူပူကို လက်ဖဝါးပေါ် တင်၊ ဆားဖြူး ပြီး စားရတာမှ တကယ့် ထမင်းချိုးအစစ်။

ဝန်ကြီးများရုံးဝင်းထဲမှာတော့ လူငယ်လေးတွေ၊ ဓာတ်ပုံရိုက်ကြ၊ ကော်ဖီဆိုင်တွေမှာထိုင်ကြ၊ ခြံ စည်းရိုးမှာတော့ သမိုင်း ဝင်အဆောက်အဦ ဖြစ်သော ဝန်ကြီးများရုံးထဲက မြန်မာ လက်မှု ပစ္စည်း တွေ၊ အမှတ်တရပစ္စည်းတွေနဲ့ စားသောက်ဆိုင်တွေကို အခမဲ့ ဝင်ရောက်ကြည့် ရှု အားပေးဖို့ ကြော်ငြာထားတယ်။

ဗိုလ်အောင်ကျော်လမ်းထိပ်နားက ပြည့်ဖြိုးကျော် ဆိုင်ကတော့ နေရာရွှေ့သွားပြီး လမ်းလေးဆယ် ထဲရောက်သွားပြီ။ အရင်ကတော့ ညနေဆို ဒီဆိုင်ရှေ့ပလက်ဖောင်းမှာ ထမင်း နဲ့ လက်ဖက်သုပ် မှာစား နေတဲ့ လူငယ်၊ လူလတ်လေးတွေအများကြီးရှိတယ်။ ဆိုင်ဘေးက လှေကားရင်း ရေစက်ခုံ ပေါ်မှာ လူတစ်ယောက် ကွာစေ့ထုပ် ကို ဘေးချပြီး အေးအေးဆေးဆေးထိုင်နေတယ်။ သူ့ခြေရင်းမှာ ကွာစေ့ခွံတွေဖွေးနေတယ်။ အမှိုက်ပစ်ခွင့်လိုင်စင်ရထားပုံရတယ်။ ဒီအမှိုက်တွေအတွက် စိတ်ပူပုံ မရဘူး။ ပြန်ကောက်မယ့်ပုံစံလည်းမရှိဘူး။ အနော်ရထာလမ်းပေါ်ကို ငေးရင်း ပါးစပ်က စည်း ချက် မှန်မှန် တစ်ဖြောက်ဖြောက်ဝါးနေတယ်။

လမ်းလေးဆယ်ထဲမှာလည်း အားကစားပွဲကျင်းပနေတယ်။ လမ်းထဲက လူငယ်လေးနှစ်ယောက် ထွက်လာတယ် ။ ဘောင်းဘီတို နဲ့ တီရှပ်နဲ့၊ တီရှပ်အဖြူနဲ့ လူငယ်လေးရဲ့နောက်ကြောမှာ တော့ “ ကျောက်တံတားမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူနဲ့ အတူစုပေါင်းညီ၊ ပြောင်း လဲ ပြုပြင်ဆောင်ရွက်မည်“ လို့ စာတမ်းရေးထားတယ်။ ၂၀၁၅ လက်ကျန်လား၊ ၂၀၂၀ အတွက် အသစ် လားမသိဘူး။

ပန်းဆိုးတန်းထောင့် မှာ ဘာမဆို ဆိုတဲ့ ဖုန်းဆိုင်လေးရှိတယ်။ ဆိုင်နာမည်ကို “Barmaso” လို့ ရေးထားတယ်။ ကဲ ဘာမဆို ရတယ်ဆိုရင် ငါ့ဖုန်းအတွက် ကာဗာရှိမလားလို့ ဝင်ရှာ တယ်။ ကျွန်တော့ဖုန်းက ဗီယက်နမ်လုပ် Bphone 3 ဖုန်း။ အိုင်ဖုန်းတွေ ဈေးကြီးလာလို့ Bphone ကို ပြောင်းသုံးတာ။ သူ့ဈေးနဲ့သူအတော်တန်တဲ့ဖုန်း။ ဒါပေမယ့် ကွက်ပျောက်ဖုန်းဆိုတော့ ကာဗာ ရှာရခက်တယ်။ ဒါပေမယ့် ဘာမဆို ဆိုင်ကလည်း ဟင့်အင်းပဲ။

လမ်းဆက်လေ ျှာက်တယ်။ မဟာဗန္ဓုလပန်းခြံလမ်းထိပ်မှာ လိုက်ထရပ်ကားတစ်စီးရပ်ထား တယ်။ ကားဘေးက ဗီနိုင်းပိုစတာမှာ “ အောင်မြန်မာထမင်းဆိုင်၊ လမ်းထဲမှ လမ်းမကြီးပေါ်တက်ပြီ” “ မဟာဗန္ဓု လပန်းခြံလမ်း (အလယ်)နှင့် ၃၄ လမ်းကြား၊ အနော်ရထားလမ်း လို့ ရေးထားတယ်။ ကြော်ငြာစာသားကို သဘောကျသွားတယ်။ ဆက်လေ ျှာက်တော့ ၃၄ လမ်း မရောက်ခင် အောင်မြန်မာထမင်းဆိုင်ဆိုတဲ့ဆိုင်းဘုတ်တွေ့တယ်။ ဆိုင်းဘုတ်မှာတော့ မြန်မာ ထမင်းဟင်း အပြင်၊ မြင်းခွာရွက်သုပ်၊ ရှောက်သီးသုပ်၊ လက်ဖက်သုပ် ဆိုတဲ့ အသုပ်မျိုးစုံ၊ မာ လာရှမ်းကော နဲ့ ရှမ်းခေါက်ဆွဲပါရတဲ့အကြောင်းရေးထားတယ်။ ဆိုင်အဝင်၀ ဘေးက ဝှိုက်ဘုတ် မှာတော့ လက်ရေးနဲ့ “ကြိုက်တာနဲ့ စား ၁၅၀၀၊ ငါးခြောက်၊ ဘဲဥ၊ ထမင်းဖြူ ၁၂၀၀၊ ဆိတ်ပဲ ဟင်းရပြီ“ လို့ရေးထားတယ်။ ဆိုင်ထဲမှာလည်း လူများသားပဲ။ တစ်နေ့မှ လာစားကြည့်ဖို့ တေး ထားလိုက်တယ်။

ဆူးလေကုန်းကျော်တံတားပေါ်တက်တယ်။ အတက်လှေကားမှာ အကျီ ၤ အဝါ နဲ့အနက်ကွက် ၊ ဂျင်းဘောင်းဘီ ဆင်တူဝတ်ထားတဲ့ လူငယ်စုံတွေလေး ဓာတ်ပုံ ရိုက် နေတယ်။ ထုံးစံအတိုင်း ကောင်မလေးက ပုံစံအမျိုးမျိုးနဲ့ အလှပြ၊ ကောင်လေးက ချွေးတစ်လုံး လုံး နဲ့ ဓာတ်ပုံရိုက်ပေါ့။ တစ်ချိန်ကတော့ ကင်မရာတစ်လုံးရှိတဲ့လူငယ်လေးက အကောင်ပဲ။ ကောင်မလေးတွေနဲ့ တရုန်းရုန်းပေါ့။ အခုတော့ မိုဘိုင်းဖုန်းတွေ ကြောင့် လူငယ်လေးတိုင်းဟာ ကိုယ့်ချစ်သူအတွက် အကောင်းဆုံးဓာတ်ပုံဆရာဖြစ်နေပြီ။

တံတားပေါ်က ဆင်းတော့ ဂတ်စ်ဖြည့်၊ နာရီမှန်ကပ်တွေလုပ်တဲ့ဆိုင်တစ်ဆိုင်တွေ့တယ်။ အခုတော့ နာရီမှန်အစား ဖုန်းမှန်တွေ၊ နောက်ဘက်တွေကို စတစ်ကာတွေ ဒီဇိုင်းဖော်ပြီး ကပ် ပေးတယ်။ ကာဗာဝယ်မရတဲ့အတူတူ ဒီဆိုင်မှာပဲ ကြောဘက်ကို စတစ်ကာကပ်လိုက် တယ်။ ၂၀၀၀ ပေးရတယ်။

ပန်းဘဲတန်းမြို့နယ်ထဲမှာလည်း လွတ်လပ်ရေးပျော်ပွဲရွှင်ပွဲတွေလုပ်တယ်။ တစ်ချို့လမ်းတွေက ကစားနေတုန်းပဲ။ ရွှေဘုံသာလမ်းတောင်လမ်းအလယ်မှာ ကန့်ပြီး ကစားနေကြတယ်။ ဒီမြို့နယ် က လွတ်လပ်ရေးနေ့ပွဲတွေကြည့်ရတာ အရောင်အသွေးပိုစုံတယ်။ သူတို့ကိုမြင်ရတော့ ဒီလို ချစ်ခင်စည်းလုံးတဲ့စိတ်ကို လမ်းမိသားစုတွေကနေတဆင့် တိုင်း၊ ပြည်နယ်အနှံ့ပြန့်ပွားပါစေ လို့ဆုတောင်းမိတယ်။

၂၉ လမ်းထိပ်ဘက်ရောက်တော့ ထူးထူးခြားခြား ဆိုင်တစ်ခုတွေ့တယ်။ “မဒီနာ ရွှေမြို့တော် ၊ ရှမ်းခေါက်ဆွဲ၊ အအေးမျိုးစုံ နဲ့ အသုပ်မျိုးစုံ” လို့ ဆိုင်းဘုတ်တင်ထားတယ်။ ဆိုင်ရှေ့စားပွဲပေါ် မှာ ခေါက်ဆွဲဖတ်၊ မုန့်ဟင်းခါးဖတ်၊ ပုစွန်ခွက်ကြော် တွေတင်ထားတယ်။ ဆိုင်ဘယ်ညာက ဆိုင်း ဘုတ်တွေမှာ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ နဲ့အသုပ်မျိုးစုံစာရင်း၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး ၊ မြေအိုး မြီးရှည် စတဲ့ ဟင်းလျာစာရင်းတွေ ချိတ်ထားတယ်။

စိတ်ဝင်စားလို့ ပုစွန်ခွက်ကြော်သုပ် တစ်ပွဲ မှာစားကြည့်တယ်။ မုန့်ပြင်တဲ့ အမျိုး သမီး နှစ်ယောက်က ဆိုင်လုပ်သား တွေကို ပြောဆိုတဲ့စကား တွေက အတော် ယဉ်ကျေးသိမ်မွေ့တယ်။ ဥပမာ၊ ဟင်းချိုကုန်နေတာကို “ ဒီမှာ ဟင်းချို နည်းနေပါပြီ၊ လာ ဖြည့်ပေးပါ” ဆိုတာမျိုးပေါ့။ ဆိုင်အတော် များများမှာ ဆိုင်အကူတွေကို မာမာထန်ထန်ပြောတာတွေကိုပဲ မြင်ရတာများနေတော့ ဒီလိုပြောဆိုဆက်ဆံ တာကို မြင်ရရင် စိတ်ချမ်းသာတယ်။ ပုစွန်ခွက်ကြော်သုပ်လက်ရာကတော့ ပုံမှန်ပါပဲ။

၂၆ လမ်းထိပ်ရောက်တော့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲမတွေ့ရဘူး။ ထုံးစံအတိုင်းဈေးသည် က သိမ်းပိုက်ထားတယ်။ ဘယ်အချိန်ကြည့်ကြည့် လမ်းဘေးဘယ်ညာမှာ၊ လမ်းအလယ်ခေါင်မှာ ဈေး သည်တွေအမြဲရှိနေတဲ့ ဒီလမ်းထဲကို ကားတွေဘယ်လို ဝင်ထွက်နေသလဲ ဆိုတာ စိတ်ဝင်စားစရာ ပဲ။

သိမ်ကြီးဈေးရောက်တော့ အိမ်ပြန်ဖို့ ဆုံးဖြတ်တယ်။ တက္ကစီငှားတယ်။ လွတ်လပ်ရေးနေ့မှာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ပျော်ရွှင်နေတာကို မြင်ရတာ စိတ်ချမ်းမြေ့စရာပဲ။ ဒါပေမယ့် တစ် ခုခု လိုနေသလို ခံစားရတယ်။ အဖြေရှာလို့မရဘူး။ တက္ကစီပေါ်ကနေ လမ်းဘေးဘယ်ညာကို ကြည့်နေရင်းနဲ့ အဖြေရှာတွေ့သွားတယ်။ အိမ်တွေ၊ လမ်းတွေမှာ နိုင်ငံတော်အလံ လွှင့်ထူ ထား တာ အတော်နည်းတာပဲ။ ဘာပဲဖြစ်ဖြစ် လွတ်လပ်ရေးနေ့ကို လူတွေ မမေ့သေးတာပဲ ကျေးဇူးတင်ရမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: