တစ်ချိန်က အခု ရှန်ဂရီလာဟိုတယ်ရှိတဲ့ဘက်အခြမ်း ၊ ပန်းခြံထောင့်လေးမှာ သစ်သားပုံးလေး တွေနဲ့ မီးခြစ်ပြင်တယ်၊ရောင်းတယ်၊ ဝယ်တယ်၊ နာရီမှန်ကပ်တယ်။ နာရီ ကြိုးလဲတယ်၊ စတစ် ကာလေးတွေ ရောင်းတယ် ဆိုတဲ့ ဆိုင်လေးတွေရှိခဲ့ဖူးတယ်။
မီးခြစ်ဆိုရင် ဇစ်ပိုက မီးခြစ်ဘုရင်ပေါ့။ အဲဒီဆိုင်လေးတွေမှာ မီးခြစ်အဖုံးကို ထောက်ကနဲ မည်အောင်ဖွင့်လိုက်၊ မီးခြစ်ပြလိုက်၊ လေထဲမှာ ခါပြပြီး တော်ရုံနဲ့ မီးမငြိမ်းတဲ့အကြောင်း၊ လေ ဘယ်လောက်တိုက်တိုက် မီးခြစ်ခြစ်လို့ရကြောင်းသရုပ်ပြနေတာကိုတွေ့ရမယ်။ ဒီဆိုင်လေး တွေမှာ ဇစ်ပိုဆီဆိုတာလည်း ဖြည့်ပေးတယ်။ ဇစ်ပိုမီးခြစ်ဟာ ဇစ်ပိုဆီနဲ့ မှ တစ်ချက် ခြစ်၊ တစ်ခါတောက်တယ်ဆိုပဲ။ ဇစ်ပိုနဲ့ပုံစံ တူ မီးခြစ်တွေလည်း ရှိတယ်။ ဒါပေမယ့် ဇစ်ပိုမီးခြစ်ကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ အသစ်မကိုင်နိုင်ရင် တောင် ဇစ်ပိုအဟောင်းဝယ်ကိုင်မယ် ဆိုတဲ့သူတွေအများကြီးပဲ။
တစ်ခါသုံး ဂတ်စ်မီးခြစ်လေးတွေပေါ်လာတော့လည်း တစ်ခါသုံးမီးခြစ်ကို အကြိမ်ကြိမ် ဂတ်စ် ပြန် ဖြည့်လို့ရအောင်လုပ်ပေးတာလည်း ဒီဆိုင်လေးတွေပဲ။ ဒီဆိုင်လေးတွေမှာ စတစ်ကာ လေး တွေလည်း ရောင်းတယ်။ စတစ်ကာတွေ က ကိုယ်တိုင်ညှပ်ပြီး လုပ်ထားတာတွေများတယ်။ အသည်းပုံလေးတွေ၊ ကောင်လေးနဲ့ ကောင်မလေး နမ်းနေတဲ့ကောက်ကြောင်းပုံလေးတွေ၊ ကောင်မလေးကောက်ကြောင်းပုံတွေ ကအရောင်းရဆုံးထဲ မှာ ပါမယ်ထင်တယ်။ အစစ အရာရာ ရှားပါးတဲ့ခေတ်ဆိုတော့ နာရီဝယ်ပြီးရင်မှန်မပွန်းအောင် အတွက် ကာဗာကပ်တာလည်း ဒီဆိုင်တွေမှာပဲ။
အခုတော့ ဒီဆိုင်တွေက နာရီမှန်အစား မိုဘိုင်းဖုန်းတွေအတွက် မှန်ကာဗာ၊ နောက်ဖုံးကာဗာတွေ ကပ်ပေးနေပြီ။ မီးခြစ်ရောင်းတာ၊ ပြင်တာတော့ မလုပ်ရသလောက်ဖြစ်သွားပြီ။ နာရီကြိုး တွေတင်ထားပေမယ့် ဒါ ကလည်း စတိသဘောပါပဲ။ လူတွေက နာရီဆိုင် အကြီးကြီးတွေဆီ ရောက်ကုန်ကြပြီလေ။
လွတ်လပ်ရေးနေ့က လမ်းလေ ျှာက်ရင်းနဲ့ ဆူးလေးကုန်းတံတားအဆင်းမှာ အဲဒီလို ဆိုင်လေး တစ်ဆိုင်ကိုတွေ့တယ်။ လူငယ်လေးတစ်ယောက်က ထိုင်နေတယ်။ နှစ်ယောက်က ရပ်ကြည့် နေ တယ်။ သူတို့အားလုံးဖုန်းကာဗာကပ်နေကြတာ။ ကိုယ့်ဖုန်းလည်း ကပ်ရင်ကောင်းမလားလို့ စဉ်း စားပြီး ဖုန်းကာဗာကပ်တာကို စောင့်ကြည့်မိတယ်။
ဆိုင်ရှင်က ကိုမြင့်ဦးတဲ့။ သူ့အဖေကလည်း ဒီအလုပ်ပဲ လုပ်ခဲ့တာ။ သူကလည်း အဖေ့ဆီကို ထမင်း လာပို့ရင်း ဆယ်နှစ်သားလောက်ထဲက ဝင်ကူလုပ်ပေးရာကနေ ဒီလောကထဲ ရောက် လာတာ ၃၅ နှစ်တောင်ရှိပြီတဲ့။
အခု ကာဗာကပ်မယ့်သူတွေကို ကိုမြင့်ဦးက ပုံးထဲမှာ ထောင် ထားတဲ့ စတစ်ကာအလိပ်တွေထဲက ကြိုက်တဲ့ ဒီဇိုင်းရွေးခိုင်းတယ်။ ကြိုက်ပြီဆိုရင် အသင့်ဖြတ် ထားပြီးသား အစတစ်ခုကို ပြပြီး ဒါသေချာတယ်နော်လို့အတည်ပြုတယ်။
သေချာပြီဆိုတဲ့အခါ ဖုန်းနောက်ကြောကို စွတ်ကျယ်အဟောင်းစလေးနဲ့ သေသေချာချာ ပွတ် တယ်။ စတစ်ကာကို လေမခိုအောင်ဖြေးဖြေးလေးဖိပြီးကပ်တယ်။ သူ့စတစ်ကာက ဖုန်းအကြီး ဆုံး အရွယ်အစားလောက်ကို မှန်းပြီး ဖြတ်ထားတာဆိုတော့ ဘေးမှာ အစပိုတွေထွက်နေတယ်။ ဒါ့ကြောင့် ဖုန်းအနားစွန်းအတိုင်း လက်သည်းလေးနဲ့ ဖိပြီး ပုံပေါ်အောင်လုပ်တယ်။ ကင်မရာ မှန်ဘီလူးနဲ့ ဆင်ဆာနေရာတွေကိုလည်း အဲဒီလိုပဲ ပုံပေါ်အောင်လုပ်တယ်။
ပုံပေါ်သွားပြီးဆိုတော့ ဂတ်စ်မီးခြစ်မီးတောက်လေးနဲ့ စတစ်ကာကို အပူပေးပြီး ရှေ့ဘက်ကို ဆွဲဆန့်ကပ်ထားလိုက်တယ်။ ဒါက ပညာအတော်ပါတယ်။ မီးပြတာများသွားရင် စတစ်ကာက တွန့်သွားမယ်။ စတစ်ကာပါမီးလောင်ရင်တော့ ဖုန်းကိုယ်ထည်ကိုပါ မီးဟပ်သွားမှာပါ။ လက်ဆ မှန်ဖို့အရေးကြီးတယ်။
ဖုန်းမျက်နှာပြင်မှာ စတစ်ကာ ကပ်သွားပြီ၊ ပုံကျသွားပြီဆိုတော့ ဓားသွားကို လက်မ နဲ့ လက်ညှိုးကြားမှာ ညှပ်၊ လက်ခလယ်နဲ့ထိန်း၊ လက်သူကြွယ်က ဖုန်းမျက်နှာပြင်ကို ထောက်ပြီး အစပိုတွေကို ဖြတ်ထုတ်တယ်။ ဖုန်းကင်မရာ နဲ့ ဆင်ဆာတွေနေရာကို ဖြတ်တာက ပိုပြီးလက် ဝင်တယ်။ အပို၊အလိုမရှိ ကွက်တိဖြစ်အောင်၊ ဖုန်းကိုယ်ထည်ကိုလည်း မထိခိုက်အောင် လက်ဆမှန်မှန်နဲ့ ဖြတ်ထုတ်နေတာကို စောင့်ကြည့်ရတာ ရင် ခုန်စရာပဲ။
အားလုံးစိတ်တိုင်းကျပြီးဆိုတော့ စွတ်ကျယ်စနဲ့ ထပ်ပွတ်တယ်။ ပြီးတော့ ဘေးဘက်ကို လက်တစ်ဆုံး ဆန့်ပြီး ဖုန်းကို အဝေးကြည့်၊အနီးကြည့် ကြည့်ခိုင်းတယ်။ အလုပ်အပ်သူ ကျေ နပ်ပြီဆိုတော့ လက်ထဲကို ပြန်ထည့်ပေးလိုက်တယ်။ ကိုမြင့်ဦးမျက်နှာမှာ သူ့လက်ရာကို ကြည့် ပြီး ကျေနပ်ပီတိဖြစ်နေတာကို အတိုင်းသားမြင်ရတယ်။
ကျွန်တော်ထိုင်ကြည့်နေတုန်း၊ အလုပ်အပ်သူ နောက်တစ်ယောက်ရောက်လာပြန်တယ်။ သူ့ကို အလှည့်ကျော်ပေးလိုက်တယ်။ ဒီလူ့ဖုန်းက Google Pixel 4 XL တဲ့။ သူလည်း ဖုန်းကာဗာ ရှာ မရလို့ လာကပ်တာ။ သူကတော့ ကာဗာပေါ်မှာ ပရီမီးယားလိဂ်ဘောလုံး အသင်းတံဆိပ် ကပ် ချင်တယ်လို့ တောင်းဆိုတယ်။ ကိုမြင့်ဦးက ရှိတယ်၊ ဘယ်အသင်းလိုချင်လဲလို့မေးတော့ ချဲလ် ဆီး အသင်းတဲ့။ မန်ယူအသင်းကိုများရွေးချယ်မလားလို့နားစွင့်နေတာ ရင်ကွဲနာကျသွား တယ်။ ဒါပေမယ့် ခြေစွမ်းမပြနိုင်တဲ့အသင်းကို ရွေးချယ်မလားလို့ထင်မိတာကိုက ကျွန်တော့်အမှားပါ ပဲ။
ကိုမြင့်ဦးက ခုနကအတိုင်းပဲ ကာဗာကို ကပ်တယ်။ ချဲလ်ဆီးတံဆိပ် အကြီး၊ အသေး၊ အလတ် ရွေးခိုင်းတယ်။ အလတ်ကို ရွေးလိုက်တော့ ဓားဖျားလေးပေါ်မှာ တံဆိပ်လေး ကို တင်ပြီး ဖုန်းအလယ်ဗဟိုနေရာကို မျက်မှန်းနဲ့ ရွေးပြီး အသာလေးကပ်လိုက်တယ်။ ပြီးတော့ ဘေးကို လက်ဆန့်ပြီး ဗဟိုကျ၊ မကျ ကြည့်ခိုင်းတယ်။ သဘာနဲ့ဆိုတော့ အလယ်ဗဟိုတည့်တည့် ကွက် တိပဲ။
ကျွန်တော့်အလှည့်ရောက်တော့ ဖုန်းကို ကိုင်ကြည့်ပြီး စတစ်ကာ အပိတ် မကပ်နဲ့၊ နောက်ကြောက B ဆိုတဲ့ စာလုံးကို မြင်ရအောင် အကြည်လေးကပ်ပေးမယ်လို့ အကြံပြုတယ်။ သူ့ပြောတာ အကြောင်းအကျိုးခိုင်လုံတော့ ခေါင်းငြိမ့်လိုက်တယ်။ နောက်ဆယ်မိနစ်နေတော့ အားလုံးပြီးပြီ။
တစ်ခါကပ်ရင် နှစ်ထောင်ပဲပေးရတဲ့ ဒီစတစ်ကာလေးတွေဟာ ဖုန်းကာဗာ ကို ပုံစံ အမျိုးမျိုးလုပ်ချင်သူတွေ၊ ဖုန်းနဲ့ကိုက်ညီတဲ့ ကာဗာရှာမရသူတွေအတွက် အတော်အဆင်ပြေ တယ်။ ဒါပေမယ့် ကော်ပါတဲ့အတွက် အသစ်လဲမယ်ဆိုရင် ခြောက်လအတွင်း ပြန်လဲ၊ ခြောက် လကျော်သွားရင်တော့ ခွာတဲ့ အခါ ကော်တွေကပ်ကျန်နေတဲ့အတွက် သန့်ရှင်းရေး ပြန်လုပ် ရတာ ခက်တယ်။
အခုလို ဖုန်းကာဗာကပ်တဲ့အလုပ်တွင်တွင်ကျယ်ကျယ်လုပ်ရတာ လေးနှစ်လောက်ပဲ ရှိသေး တယ်တဲ့။ ဒီတစ်ဝိုက်မှာ ဒီလုပ်ငန်းလုပ်တဲ့သူ လေးယောက်ရှိတယ်။ ဒါပေမယ့် လွတ်လပ်ရေး နေ့ ဖြစ်လို့ အလုပ်မဆင်းကြဘူးလို့ ကိုမြင့်ဦးကပြောတယ်။ သူတို့ လွတ်လွတ်လပ်လပ် နား တော့ ကျွန်တော် လွတ်လွတ်လပ်လပ် လုပ်ရတာပေါ့တဲ့။ မနားပဲ အလုပ်ဆင်းတဲ့ သူ့ဆုံးဖြတ် ချက်မှန်သွားတာကို သဘောကျနေတဲ့ပုံပဲ။
အသက်ဆယ်နှစ်အရွယ်ထဲက အဖေ့အမွေကို ဆက်ခံဖို့ သင်ယူခဲ့တဲ့ ကိုမြင့်ဦးဟာ သူ့သား တွေ ကိုတော့ ပညာအမွေ လက်ဆင့်မကမ်းတော့ဘူး။ ဒီအလုပ်တစ်ခုထဲနဲ့ ထမင်းစားဖို့ မလွယ် တော့ ဘူးလို့ ပြောတယ်။
တစ်ချိန်က ဆူးလေဘုရားလမ်းမှာ ရေခဲရေသည် ၊ ဆိတ်သားကင်သည်၊ ရုပ်ရှင် လက်မှတ် တန်းစီနေသူတွေအတွက် ကာတွန်းစာအုပ်ငှားတဲ့သူတွေ၊ ထီးပြင်၊ ဖိနပ်ပြင်၊ နာရီပြင် တွေ အများကြီးရှိခဲ့ဖူးတယ်။ အခုမရှိတော့ဘူး။ နောက်ဆိုရင် ကိုမြင့်ဦး တို့လည်း သူတို့နောက်လိုက်ရ တော့ မယ် ထင်တယ်။
ငယ်ငယ်က ရင်းနှီးအကျွမ်းဝင်ခဲ့တဲ့အရာတွေ ပျောက်ကွယ်သွားတာကို တွေးမိတော့ ဝမ်းနည်း မိ၊ တမ်းတမိပြန်ရော။ ဒါပေမယ့် ကိုယ်တိုင်ကလည်း အခြေအနေအသစ်၊ ပတ် ဝန်းကျင်အသစ်တွေ နဲ့ နေသားကျနေပြီး တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်မှသာ သူတို့ကို သတိရမိတာပါ။ သူတို့ မရှိလည်း နေတတ်နေပါပြီ။ တကယ်တော့ တစ်ချို့ အရာတွေက ပြန်ရအောင်ကြိုးစားဖို့ထက် အကြောင်းတိုက်ဆိုင်တဲ့အခါ လွမ်းရတာက ပိုကောင်းပါတယ်။
That’s remind us our old times in urban life. And makes imaginary life being struggle in present. Thanks Sayar.
LikeLike