လူစွမ်း လူစ

အရပ်မြင့်မြင့် ၊ ကိုယ်လုံးပါးပါး၊ ရှပ်အကျီ ၤ လက်ရှည်အကွက်က ဖရိုဖရဲ၊ ခါးမှာ ကာကီ ရောင် ဘောင်းဘီတို၊ခြေထောက်မှာ ညှပ်ဖိနပ်၊ ကြောပိုးအိပ် သေးသေး လေးလွယ်ထားတယ်။ ဆံပင် ရှည် ရှည် ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေက ထိုးထိုးထောင်ထောင်၊ လူပုံက ပေတူးတူး။

ပိုက်ကျော်ခြင်းဝိုင်းတွေမှာ သူ့နာမည်ရင်းကို သိတဲ့သူနည်းတယ်။ အိမ်နာမည် xx ကြီး ဆိုတာနဲ့ပဲ သိကြတယ်။ ခြင်းဝိုင်းကောင်းပြီ ဆိုရင် သူရောက်လာပြီ။ ကိုယ်တိုင်ကလည်း ခြင်းသမား၊ ရန်ကုန် တင်မဟုတ် နယ်တွေအထိ ဆင်းခတ်တဲ့သူ။ သူ့အကြောင်း မသိတဲ့သူတွေအတွက်တော့ သူဟာ ကြေးစားခြင်းသမားတစ်ယောက်ပဲ။ ဒါပေမယ့် သူ့ဘဝက အဲဒီလိုမဟုတ်ဘူး။

သူ့ကို တောင်ဒဂုံ ၆၅ရပ်ကွက် ပိုက်ကျော်ခြင်းကွင်းဘေး လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တယ်။ သူ့ ဘ၀ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမယ့် သူက နာမည်နဲ့ ဓာတ်ပုံမဖော်ပြပါနဲ့ လို့ တောင်းပန်တယ်။

သူ့ဇာတိက ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ဖဒိုမြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ရွာပါ။ မိဘတွေက တောင်သူ၊ ဗမာတိုင်းရင်းသား။ ညီအကိုမောင်နှမ ( ၇) ယောက်မှာ သူက အငယ်ဆုံး။ မိဘတွေ က လယ်လုပ်တယ်ဆိုပေမယ့် ချောင်လည်တာမဟုတ်ဘူး။ ရရစားစားပဲ။ သူငါးတန်း၊ ခြောက်တန်း ရောက်တော့ ပိုက်ကျော်ခြင်းခတ်တယ်၊ ဇယ်တောက်တယ်၊ ဘောလုံးကစားတယ်။ ကျောင်းက ဖဒိုကို သွားတက်ရတယ်။ ခုနှစ်တန်း၊ ရှစ် တန်းရောက်တော့ စာမေးပွဲနီးတဲ့အခါ အနီးကပ်ကျူရှင် တက်ဖို့အတွက် ငွေလိုတယ်။ အဖေအမေဆီကမတောင်းချင်တော့ ပဲဆွတ်၊ ပိုက်ကျော်ခြင်း ခတ်၊ ဇယ်တောက်ပြီး ငွေရှာတယ်။ အဲဒီအချိန်ထဲက ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာကို နားလည် လာ တယ်။

ကိုးတန်းရောက်တော့ အမတွေဆီကနေ သီတဂူဆရာတော်ရဲ့ တရားစာအုပ်တစ်အုပ်ဖတ် ရ တယ်။ ဆရာတော်ရဲ့ မိဘကျေးဇူးအကြောင်းတရားကို နာပြီး မိဘကို လုပ်ကျွေးရမယ်၊ အလုပ်လုပ် ရင် ကောင်းတဲ့အလုပ်ကိုပဲ လုပ်ရမယ်၊ မကောင်းတာတွေကို ရှောင်ရမယ်ဆိုတာ နားလည် လာ တယ်။

၂၀၀၁-၂ ခုနှစ် ဆယ်တန်းဖြေပြီးတော့ ရန်ကုန်တက်လာပြီး ရွှေပြည်သာက ဆီစက်မှာ အလုပ် လုပ်တယ်။ အဲဒီအချိန်မှာ အမတစ် ယောက်က အထည်ချုပ်စက်ရုံမှာလုပ်နေပြီ။ ဒါ သူ့ဘဝမှာ ပထမဆုံးအကြိမ် အလုပ်ကြမ်း ကို ပြင်းပြင်းထန်ထန် လုပ်ဖူးတာပဲ။ မြေပဲအိတ်တွေကို တစ်နေ ကုန်ထမ်းရတာ ၁၇ နှစ်သား တစ် ယောက်အတွက် မလွယ်ဘူး။ ဆီစက်မှာလုပ်တော့ တစ်နေ့ ခြောက်ရာရတယ်။ ထမင်းကို အမဆီမှာ ကပ်စား ရတယ်။ ရတဲ့ပိုက်ဆံအားလုံးကို ကျစ်ကျစ် ပါအောင်စုပြီး အမေတို့ကို ပေးတယ်။

ဒါပေမယ့် အဲဒီအချိန်က စက်ရုံ တွေ၊ အထည်ချုပ်တွေကလည်း လှုပ်လှုပ် လှုပ်လှုပ် နဲ့ အခြေ အနေမကောင်းဘူး။ ဒီလိုနဲ့ သူလုပ် နေတဲ့ ဆီစက်ပိတ်သွားတယ်။ အလုပ်ရှင်က လိပ်စာတွေ၊ မှတ်ပုံတင်တွေတောင်းထားပြီး စက်ရုံ ပြန် ဖွင့်ရင် ခေါ်မယ်လို့ပြောတယ်။ ဒါပေမယ့် ပြန် မခေါ်ပါ ဘူး။ အခုအချိန်ကျမှ အလုပ်သမားတွေကို စက်ရုံပိတ်တဲ့အတွက် လျော်ကြေးပေးရမှာ စိုးရိမ်လို့ အချိုသတ်ပြီး ပြန်လွှတ်လိုက်တယ်ဆိုတာ နားလည်တယ်။

ဒါနဲ့ အမလုပ်နေတဲ့ အထည်ချုပ်စက်ရုံမှာ ဝင်လုပ်တယ်။ ခဏပါပဲ။ ဆယ်တန်းအောင်စာရင်း ထွက် တော့ မအောင်ဘူး။ အိမ်က ဆယ်တန်းပြန်ဖြေဖို့ခေါ်လို့ ပြန်သွားရတယ်။ ကျောင်းပြန် မတက်တော့ဘူး။ အပြင်ကပဲဖြေတယ်။ နှစ်နှစ်ဖြေတယ်၊ မအောင်ဘူး။ ဘယ်အောင်ပါ့မလဲ။ လူက ခြင်းကွင်းမှာပဲ အချိန် ကုန်နေတာကိုး။ အဲဒီအချိန်ကျတော့ ကိုယ့်မြို့၊ ကိုယ့်ရွာတင်မဟုတ်တော့ဘူး။ တစ်ခြားနယ်အထိ သွားပြီး ကြေးပွဲတွေခတ်နေပြီ။

ဆယ်တန်းကို ဘယ်လိုဖြေဖြေ မအောင်နိုင်ဘူးဆိုတာ သိတော့ ဘဝအတွက် ဘာဆက်လုပ်ရမလဲ စဉ်းစားတယ်။ အဓိကကတော့ မိဘကို လုပ်ကျွေးချင်တယ်။ လယ်အလုပ်နဲ့ကတော့ ဖြစ်ဖြစ် မြောက်မြောက် လုပ်ကျွေးနိုင်မှာမဟုတ်ဘူးဆိုတာသိတယ်။ အဲဒီကာလက ရွာကနေ ထိုင်းကို အလုပ်သွားလုပ်နေတဲ့သူ နှစ်ယောက်၊ သုံးယောက်ရှိနေပြီ။ သူတို့ ရွာပြန်လာတဲ့အခါ ထိုင်းမှာ အလုပ်အကိုင်ပေါတယ်၊ လစာကောင်းတယ်၊ ပိုက်ကျော်ခြင်းပွဲတွေလည်းကောင်းတယ် လို့ပြော တော့ ထိုင်းသွားပြီး အလုပ်လုပ်မယ်၊ ခြင်းခတ်မယ်၊ ငွေရှာမယ်လို့ ဆုံးဖြတ်တယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ အိမ်ကလည်း ဆယ်တန်းလည်းမအောင်၊ လူကလည်း ရွာစဉ်လှည့်ပြီးခြင်းခတ်နေတော့ မကြည်တော့ဘူး။ ခရီးဝေးကိုလည်း မလွတ်တော့ဘူး။

ဒီလိုနဲ့ ရွာက ဘုန်းကြီး ရန်ကုန်ကြွတော့ ရွာက အကိုတစ်ယောက် နဲ့ အတူ ဆရာတော်ရဲ့ ဝေယျာ ဝစ္စလုပ်ပေးဖို့ အကြောင်းပြပြီးလိုက်သွားတယ်။ ခြင်းခတ်ပြီး စုထားတဲ့ငွေတစ်သောင်းနှစ်ထောင်နဲ့ ရွှေလက်စွပ်တစ်ကွင်းပဲပါတယ်။ ရန်ကုန်ရောက်ရင် ရွာပြန်မလိုက်တော့ဘူး လို့ ဆုံးဖြတ်ပြီးသား။

ရွာက သူငယ်ချင်းတစ်ယောက်က ၈တန်းထဲက ရန်ကုန်တက်ပြီး အလင်းစဒေါင်း ရေတပ်ဝင်းနားက ကွန်တိန်နာ ကား ကုမ္ပဏီမှာ စပါယ်ယာလုပ်နေတယ်။ အဲဒီ ကုမ္ပဏီမှာ အကိုဝမ်းကွဲတစ်ယောက် လည်း ရှိတယ်။ သူကတော့ ရာထူးနည်းနည်းကြီးတယ်။ ကြီးကြပ်ရေးမှူးလိုမျိုးပေါ့။ ပထမ သူငယ် ချင်းနဲ့ အတူနေပြီး စပါယ်ယာကူလုပ်တယ်။ လစာမရဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားရတဲ့အပြင် သူ ငယ်ချင်းကိုပါကျွေးရသေးတယ်။ ဒီလိုနဲ့ ပါလာတဲ့ပိုက်ဆံကုန်တဲ့အချိန်ထိ ထိုင်းသွားဖို့က အဆင် မပြေသေးဘူး။ ဒါနဲ့အကိုဝမ်းကွဲအကူအညီနဲ့ အဲဒီ ကုမ္ပဏီ မှာပဲအလုပ်လေ ျှာက်တယ်။ စပါယ်ယာ လုပ်ရတယ်။

သူ့ကားက ဆိပ်ကမ်းက ဂျုံတွေကိုသယ်ပြီး ဒဂုံအရှေ့မှာရှိတဲ့စက်ရုံကို ပို့ရတယ်။ ဒရိုင်ဘာက တစ် ခေါက်ကို သုံးထောင့်ငါးရာရတယ်။ အဲဒီအချိန်က ကားတွေကနည်းပြီး အလုံးတွေ ( ကွန်တိန် နာတွေ) ကများတော့ မနိုင်ဘူး။ ဒီတော့ ဆိပ်ကမ်းက ထုတ်ပြီးရင် လင်းစဒေါင်းဘက်မှာ ထားရ တာ တွေရှိတယ်။ အဲဒါကို ထောက်လုံးလို့ခေါ်တယ်။ ထောက်လုံးကို ပို့ရင် နှစ်ထောင်ရတယ်။ ဒီတော့ တစ်နေ့ကို ဆိပ်ကမ်းက အလုံးတစ်ခေါက်၊ ထောက်လုံးတစ်ခေါက်ပို့ရင် ဒရိုင်ဘာက ငါး ထောင့်ငါးရာရနေပြီ။ စပါယ်ယာက တစ်နေ့ ကိုးရာပုံသေပဲ။

အဲဒီမှာ အလင်းပွင့်သွားတယ်။ ရွာမှာ တစ်နေကုန်လယ်ထဲဆင်း ပျိုးနှုတ်၊ ကောက်ရိတ် လုပ်မှ ငါးရာ အာဏာကုန်ပဲ။ ဒရိုင်ဘာက တစ်ရက်လုပ်ရင် ရွာမှာ ဆယ်ရက်လုပ်သလောက်ရတယ်။ ထိုင်းသွား ရင်ကော ဘာထူးမလဲ။ ရွာက အကိုတွေသုံးလေးနှစ်နေလို့ ပြန်လာရင်လည်း လယ်ထဲ ပြန်ဆင်းနေ ရတာပဲ။ ဒီတော့ ငါ ဒရိုင်ဘာဖြစ်အောင်လုပ်မယ်၊ ဒါက တစ်သက်လုံးအတွက် ထမင်းစား လက်မှတ်ပဲဆိုတာ သိသွားပြီ။ ကားဆရာကို မေးတော့ အနီ လိုင်စင်ရဖို့ ငါးနှစ်စောင့် ရ တယ် လို့ပြောတယ်။ ဒါနဲ့ ဘာပဲဖြစ်ဖြစ် ငါးနှစ်တော့ ရင်းမယ်လို့ဆုံး ဖြတ်လိုက်တယ်။

အလုပ်က တစ်ပတ် ၆ ရက်လုပ်ရတယ်။ တနင်္ဂနွေနားတယ်။ ပထမဆုံးအလုပ်ဆင်းတာ တစ်ပတ်ပြည့်လို့ ငါးထောင့်လေးရာရတယ်။ ငွေရှိလာတော့ ပွဲစားအကူအညီယူပြီး သင်မောင်း လိုင်စင်လုပ်တယ်။ အဲဒီအချိန်မှာ ကိုယ့်ရှေ့က လုပ်သက်တစ်နှစ် ၊ နှစ်နှစ်ရှိနေတဲ့ စပါယ်ယာတွေ က လိုင်စင်လုပ်ရကောင်းမှန်းမသိဘူး။ နားတဲ့ရက်ဆို ဘိလိယက်ထိုးလိုက်၊ အပြင်ထွက်လိုက်နဲ့ ပျော်နေတုန်းပဲ။ အဲဒီအချိန်က ၂၀၀၅ ခုနှစ် အသက် ၂၂ နှစ်။

စပါယ်ယာလုပ်ခ တစ်နေ့ ကိုးရာ၊ အဲဒီထဲက ငါးရာကို စုတယ်။ လေးရာနဲ့လောက်အောင် သုံး တယ်။ စုထားတဲ့ငွေကို ခြောက်လတစ်ခါ အိမ်ပြန်ပို့တယ်။ အကုန်အကျသက်သာအောင် ပေါင်းအိုးနဲ့ ထမင်းချက်၊ တစ်ဘူး ငါးဆယ်တန် ငါးပိထောင်းနဲ့ဆီစမ်းပြီး စားတယ်။ တစ်ခါ တစ်လေ ဝက်သားစားချင်ရင်တစ်ရာဖိုးဝယ်စားတယ်။ အခုတော့ ဝက်သားမစားတော့ဘူး။

အဲဒီအချိန်မှာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ကိုးနဝင်းပုတီးစိပ်နေပြီ။ သူ့ရက်နဲ့သူ သတ်သတ် လွတ်စားနေပြီ။ ည ၁၂ နာရီမကျော်ခင် ပုတီးပတ်ပြည့်ဖို့အတွက် ကားဝင်းထဲက ချောင်ကျတဲ့ နေ ရာမှာ သွားစိပ်ရတယ်။ ရွယ်တူတွေကြားမှာတော့ ကိုယ်က ထူးဆန်းနေတာပေါ့။ ဘုန်းကြီး ဝတ်ပါ လားလို့ အပြောခံရတယ်။

ဒါပေမယ့် ကုမ္ပဏီမှာလုပ်ရတာ ကိုယ်လိုချင်တာနဲ့ မကိုက်ဘူး။ ကုမ္ပဏီမှာ ဒရိုင်ဘာတွေက စပါယ်ယာတွေကို ကားမောင်းသင်မပေးရဘူးလို့ အမိန့်ထုတ်ထားတယ်။ ကားပျက်ရင်၊ ဘီးပေါက် ရင်လည်း ဘာမှလုပ်စရာမလိုဘူး။ ဖုန်းဆက်လိုက်၊ စက်ပြင်အဖွဲ့ရောက်လာပြီး အကုန်လုပ်ပေး တယ်။ ကိုယ်က အောက်ခြေသိမ်း ပညာလိုချင်တာဆိုတော့ ဒီမှာလုပ်ရင် ဘာမှတတ်မှာမဟုတ်ဘူး။

ဒါ့ကြောင့်တနင်္ဂနွေ နားတဲ့ရက်ဆိုရင် အပြင်ထွက်ပြီးအလုပ်ရှာတယ်။ ကုမ္ပဏီမှာ ၄၅ ရက်လုပ်ပြီး ချိန်မှာ တွဲကားတစ်စီးမှာ အလုပ်ရတယ်။ ဒီကားကတော့ စုတ်သလားမမေးနဲ့။ တီအီး ၁၁ ကို ဆယ်ဘီး တွဲ ကားလုပ်ထားတာ။ ရှေ့မှန်ပဲ ပါတယ်။ ဘေးမှန်နှစ်ချပ်မရှိဘူး။ မိုးတွင်းဆိုရင် ပုဆိုးနဲ့ ကာထားရ တယ်။ အလုပ်ဝင်ဖို့ အင်တာဗျူးတဲ့နေ့မှာ အဲဒီကား ရေတိုင်ကီဖြုတ်ပြီး ဖာနေတာကို ဝင်ကူ ခိုင်းပြီး ကြိုက်မှ ခန့်တာ။ တီအီး ၁၁ က ရိုးရိုး စတီယာတိုင်၊ ဒီတော့ နောက်ဆုတ်ရတာ၊ ဖင်ထိုးရတာ အရမ်းခက်တယ်။ ရှေ့နေ ပြတဲ့ စပါယ်ယာကလည်း ကျွမ်းကျင်ဖို့လိုတယ်။ အုံနာကလည်း ဒီကား တစ်စီးပဲပိုင်တာဆိုတော့ စပါယ်ယာက အောက်ခြေသိမ်းအကုန်လုပ်ရတယ်။ ပညာရတယ်။

အဲဒီအချိန်ကတော့ လခစားဖြစ်ပြီ။ တစ်လ ငါးထောင်ရတယ်။ တစ်နေ့ ထမင်းဖိုး ငါးရာပေး တယ်။ အလုပ်တစ်ခေါက်ရရင် ဒရိုင်ဘာက အေးဂျင့်ဆီကရတဲ့ အာရကေ ထဲကနေ စပါယ်ယာကို ငါးရာပေး ရ တယ်။ ဒါပေမယ့် ငါစေတနာရှိမှပေးမှာ ဆိုပြီး မပေးတဲ့ ဒရိုင်ဘာနဲ့လည်း ကြုံဖူးတယ်။ သူကတော့ ထမင်းဖိုး ငါးရာနဲ့ လောက်အောင်နေတယ်။ ငါးထောင်ကို အုံနာဆီမှာ စုထားပြီး သီတင်းကျွတ် နဲ့ သင်္ကြန် အိမ်ပြန်တဲ့အခါ အဖေ၊အမေကို ကန်တော့တယ်။

ဒါပေမယ့် ဒရိုင်ဘာနဲ့ အဆင်မပြေဘူး။ ဒရိုင်ဘာက ဆီထုတ်ရောင်းချင်တယ်။ သူက မလုပ်ဘူး။ ဆီ စုပ်ဖို့ ပိုက်တောင်ကိုင်မပေးဘူး။ ကြံရာပါဖြစ်မှာကြောက်တယ်။ ဒါပေမယ့် အုံနာကိုလည်း မတိုင်ပါ ဘူး။ ကိုယ့်ကြောင့် သူများ ထမင်းအိုးခွဲတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒရိုင်ဘာက ဆဲတယ်။ အလစ် မှာ ဆီခိုးထုတ်ပြီး စပါယ်ယာကို အပြစ်ပုံချဖို့ကြိုးစားတယ်။ ကံကောင်းတာက အုံနာက သူ့ကို ယုံ တယ်။ ဒီလိုနဲ့ လေးငါးခြောက်လအတွင်း ဒရိုင်ဘာနှစ်ယောက်ပြောင်းသွားတယ်။

သူငယ်ချင်း စပါယ်ယာတွေကျပြန်တော့လည်း အုံနာကို ဘယ်လိုပညာပေးရတယ်။ ဒရိုင်ဘာ ကို ဘယ်လို ပညာပေးရတယ်ဆိုပြီး မဟုတ်တာတွေသင်ပေးတယ်။ ဒါပေမယ့် ဒါတွေကို နားမယောင် ဘူး။ ကောင်းတဲ့ နမူနာဆိုရင်တော့ ယူပါတယ်။ စပါယ်ယာစလုပ် ထဲက ကိုယ်အလွန်ဝါသနာပါတဲ့ ပိုက်ကျော်ခြင်းဆိုတာကို မေ့ထားလိုက်တယ်။ စိတ်ထဲမှာ ဒရိုင်ဘာဖြစ်ဖို့ပဲရှိတော့တယ်။

တတိယမြောက် ဒရိုင်ဘာကတော့ ကိုအောင်xx တဲ့။ သူကတော့ တကယ့်မြင်ဆရာပဲ။ အလုပ်လုပ် တာစနစ်ကျတယ်။ ဆီခိုးထုတ်တာမျိုးမလုပ်ဘူး။ ကားမောင်းခွင့်မပေးဘူး။ ဒါပေမယ့် သူမောင်းနေ ရင်းနဲ့ ပါးစပ်နဲ့ ဘယ်သို့၊ ဘယ်ညာ ရှင်းပြတယ်။ အခုဆို ကိုအောင်xx က တွဲကား အစီးနှစ်ဆယ် ကျော်ပိုင်တဲ့ အုံနာဖြစ်နေပြီ။

ကားမောင်းတတ်တာကတော့ ကိုယ့်ဘာသာကိုယ် ကျင့်ရတာပဲ။ အဲဒီအချိန်က တွဲကားတွေက လင်းစဒေါင်းဘက်က အခု ကွန်တိန်နာဝင်း ဖြစ်နေတဲ့နေရာမှာ ညအိပ်တယ်။ စပါယ်ယာ တွေကတော့ ကားပေါ် အိပ်၊ ကားပေါ်စား၊ ရေချိုးတော့ ပိုက်ဆံပေးချိုး၊ အပေါ့အပါးကတော့ ကြုံ ရာမှာ အဆင်ပြေသလိုပဲ။ ဒီတော့ ကားမောင်းကျင့်ဖို့အတွက် မနက်အစောကြီးထ ကားကို ရေဆေးခုံဘက်ရွှေ့ပြီး ရေဆေး၊ ပြီးရင် ပြန်ရွှေ့ ဒီလိုနဲ့ ကျင့်ရတာပဲ။ နည်းနည်းတတ်လာတော့ ဆိပ်ကမ်းထဲမှာ၊ သစ်စက်ဝင်းထဲမှာ ဒရိုင် ဘာတွေက ဝိုင်းဖွဲ့၊ တပည့်က ကားရွှေ့လုပ်ရတာပေါ့။

နောက်တော့ သူ့ကို သဘောကျတဲ့ ပေးလေးဆယ်တွဲကားဒရိုင်ဘာ ကို ကျော် xx က သူနဲ့လုပ်ဖို့ ခေါ်တယ်။ အဲဒီအခါကျတော့ လစာတစ်သောင်းခွဲဖြစ်သွားပြီ။ အိမ်ကို ခြောက်လတစ်ခါ ကိုးသောင်း ပြန်ပို့နိုင်ပြီ။ ဒီလိုနဲ့ တစ်နှစ်နဲ့ ရှစ်လကြာတော့ ကိုယ့်ဘာသာကိုယ်မောင်းနိုင်ပြီ။ ပထမဆုံးမောင်းရတဲ့ ခြောက်ဘီးတွဲကားက ၁က/ ၆ xxx ။ ၂၀၀၈ ကျတော့ ပေလေးဆယ် တွဲ ကား မောင်းနေပြီ။

ဒရိုင်ဘာဖြစ်လာတော့ ဝင်ငွေရဲ့ ၁၀% ရတယ်။ တစ်ခေါက် ကိုးသောင်းဆိုရင် ကိုးထောင်ပေါ့။ အေး ဂျင့်ဆီက အလုပ်တစ်ခါဖြစ်ရင် အာရကေ လေးထောင်ရတယ်။ စပါယ်ယာကို တစ်ထောင်ပေး တယ်။ ငွေများများရှာနိုင်ဖို့တစ်နေ့ ကို လေးနာရီလောက်ပဲ အိပ်ပြီး လုပ်တယ်။ အိမ်ကိုလည်း ငွေ များများပို့နိုင်တယ်။ အကြွေးတွေအကုန်ဆပ်ပေးလိုက်တယ်။ အိမ်သစ်ဆောက်ဖို့အတွက် သစ်ကို နည်းနည်းချင်းစုတယ်။ အဲဒီအချိန်ကပျဉ်းကတိုးတစ်တန်မှာ ခြောက်သိန်းသုံးသောင်း၊ ခြောက်သိန်း ခွဲအာဏာကုန်ပဲ။ ဒီလိုနဲ့ အမေတို့ တဲကိုဖျက်ပြီး ပျဉ်းကတိုးအိမ်ဆောက်ပေးနိုင်တယ်။

ဒရိုင်ဘာလုပ်ရင်းနဲ့ အမြင်ကျယ်လာတော့ သ/၃၈xx ဆိုတဲ့ တွဲကားကို သူငယ်ချင်းတစ်ယောက် နဲ့ အတူဖက်စပ်ငှားပြီး မောင်းတယ်။ ငှားခက တစ်လ ခြောက်သိန်း။ အုံနာကြေး၊ ဆီဖိုး၊ သူ့အတွက် မောင်းကြေး ( ဒရိုင်ဘာခ )နှုတ်ပြီး ကျန်တာကို ခွဲယူတယ်။ ဝင်ငွေပိုကောင်းလာတယ်။ နောက်ဆုံး ၂၀၁၃မှာ အဲဒီကားကို အုံနာဆီက သိန်း၁၂၀ နဲ့ ပြန်ဝယ်လိုက်တယ်။ သူ့လက်ထဲမှာ သိန်းလေးဆယ်ပဲ ရှိ တော့ ကျန်တဲ့ငွေကို သုံးကျပ်တိုးနဲ့ ယူရတယ်။ လေးငါးလနဲ့ ပြန်ဆပ်နိုင် တယ်။ အဲဒီအချိန်က ကားဆွဲလို့လည်းကောင်းတော့ တစ်လကို သိန်းနှစ်ဆယ်၊ သုံးဆယ် ကျန် တယ်။

ကားဝယ်တဲ့ နှစ်မှာပဲ အဖေအမေကို ခွင့်တောင်းပြီး အိမ်ထောင်ပြုတယ်။ ခြင်းပြန်ခတ်တယ်။ အခု တွဲကားသုံးစီးရှိတယ်။ နှစ်စီးက ကိုယ်တိုင်လုပ်တယ်။ တစ်စီးကို ငှားထားတယ်။ ပထမဆုံး ဝယ်တဲ့ ကားက အခုထိရှိတုန်းပဲ။ သူကနေ ကားတွေပွားလာလို့ အဲဒီကားကို “ အမလေး” လို့ နာမည် ပေး ထားတယ်။ သံလျင်မှာ အိမ်ရှိတယ်။ အဲဒါကို ငှားပြီး အလုပ်နဲ့ နီးတဲ့ ဗိုလ်တထောင်မှာ အခန်းငှားနေ တယ်။ တစ်လကို အိမ်လခ ကိုးသောင်းလောက်တော့ စိုက်ရတာပေါ့။

နောက်ဘာလုပ်မလဲ ဆိုတော့ ကားပဲလုပ်ရမှာပေါ့။ အခုတော့ လုပ်ငန်းနည်းနည်းအေးနေတော့ ကား ထပ်ဝယ်ဖို့မစဉ်းစားသေးဘူး။ ခြင်းက တော့ ကျန်းမာရေးအတွက် နေ့တိုင်းခတ်တယ်။ ကြေးပွဲလည်း စပ်ပြီးခတ် တယ်။ နယ်တွေလည်းဆင်းခတ်တယ်။ ပွဲကောင်းတာရှိရင်လည်း လိုက်ကြည့်တယ်။ လုပ်ငန်းက တော့ ဖုန်းနဲ့ ခိုင်းလို့ရပါတယ်။ ဘယ်နေရာ ဘာ ဆိုတာ အားလုံး သိနေပြီပဲ။

ဒီလို ဘဝရောက်လာပေမယ့် အခုအချိန်အထိ အရက်မသောက်ဘူး။ ဆေးလိပ်မသောက်ဘူး၊ ကွမ်းမစားဘူး။ အပျော်မပါးမလိုက်စားဘူး။ ဘာသာရေးမမေ့ဘူး။ မိဘကျေးဇူးဆပ်တုန်း။ ဒါကတော့ တစ်သက်လုံး လုပ်သွားမှာပဲ။

ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပဲ ခြင်းဝိုင်းစတော့မယ်ဆိုတော့ ဆိုင်ထဲက လူတွေ ထသွား ကြတယ်။ သူလည်း ကျွန်တော့်ကို နှုတ်ဆက်ပြီး ထသွားတယ်။

ကျွန်တော့်ကို သူ့ဘဝအကြောင်းအများကြီးပြောပြသွားတယ်။ ဒါပေမယ့် သူပြောတဲ့အထဲမှာ စီမံ ခန့်ခွဲမှု သီအိုရီတွေ၊ စီးပွားရေးအယူအဆတွေ၊ စွန့်ဦးတီထွင်မှုအကြောင်းတွေ မပါဘူး။

One thought on “လူစွမ်း လူစ

  1. အလွန်ရိုးရှင်းတဲ့ ဖတ်ပျော်တဲ့ အက်ဆေကောင်လေးတစ်ပုဒ်အတွက် ကျေးဇူးပါ ခင်ဗျာ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: