ရွှေတိဂုံ အရိပ်အောက်မှာ (၃)

မင်းကွန်းဝိပဿနာ

ဖွားသဲနု ဇရပ်က ပြန်ထွက်၊ ဘယ်ဘက်လမ်းလေးအတိုင်းတက်လိုက်ရင် အောက်ပစ္စယံပတ်လမ်း ကို ရောက်တယ်။ ဒီလမ်းလေးကတော့ အုတ်စီလမ်း၊ အလယ်မှာ စကျင်ကျောက်ပြားတွေခင်း ထားတယ်။ ညာဘက်အခြမ်းမှာ မြေယာရှုခင်းအလှဆင်ထားတယ်။ ဘယ်ဘက်အခြမ်းမှာ ဂေါပက အဖွဲ့ရဲ့ရွှေပြားကြိတ်စက်ရုံရှိတယ်။ ဝန်ထမ်းအိမ်ယာနှစ်ထပ်လိုင်းခန်းရှိတယ်။ ဓမ္မဗိမာန် နှစ်ထပ် အဆောက်အဦတစ်ခုရှိတယ်။

အဲဒါတွေကို ကျော်သွားတဲ့အခါ ဘယ်ဘက်အခြမ်းမှာ “ မူလ မင်းကွန်း ဝိပဿနာ ကမ္မဋ္ဌာန်းဌာန” လို့ ရေးထားတဲ့ အဝါရောင် ဆိုင်းဘုတ်တစ်ခုရှိတယ်။ အဲဒီဆိုင်းဘုတ်ဘေးမှာ ကျေးဇူးရှင် သထုံမြို့ မူလမင်းကွန်း ဇေတဝန် ဆရာတော်ဘုရားကြီး၏ သြဝါဒ” လို့ ခေါင်းစဉ်တပ်ပြီး-

“အသစ်ကို မကြံလင့် ၊ အဟောင်းကို မပြန်လင့်
ဖြစ်အောင်မပြုလင့် ၊ ပျက်အောင်မပြုလင့်
ဖြစ်တိုင်း-ပျက်တိုင်း ထင်အောင်ရှု
ဖြစ်အောင်ပြု လောဘ ၊ ပျက်အောင်ပြု ဒေါသ
ဖြစ်တိုင်း ပျက်တိုင်းမသိ မောဟ”

လို့ ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးရှိတယ်။

မင်းကွန်းဇေတဝန်ဆရာတော် ( ၁၂၃၀ – ၁၃၁၆) ဆိုတာ သတိပဋ္ဌာန တရားကို လူအများနားလည် စတင်ဟောကြားခဲ့၊ ကိုယ်တိုင်လည်း လက်တွေ့ကျင့်ကြံခဲ့တဲ့ ဆရာတော်ကြီးအဖြစ်ထင်ရှားပါ တယ်။ အဲဒီခေတ်ကာလမှာ “ သွား-သွားတယ်မှတ်၊ ရပ်-ရပ်တယ်မှတ်၊ ထိုင်-ထိုင်တယ်မှတ်၊ အိပ် (လျောင်း) – အိပ်(လျောင်း) တယ်မှတ်” လို့ ပါဠိမဖက် မြန်မာစကားသက် သက်နဲ့ ဟောတဲ့အခါ အဆန်းထွင်တယ်ဆိုပြီး သံဃာတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဝေဖန်ကဲ့ရဲ့တာကို ခံခဲ့ ရ ပါတယ်။ သတိပဋ္ဌာန် တရားတော်ကို နားမလည်နိုင်သေးတဲ့သူများက သွား- သွားတယ်မှတ် ဆိုတဲ့ စကားကို လှောင် ပြောင်ခဲ့ကြတယ်။ နောင်မှာတော့ သတိပဋ္ဌာန်တရားကို လက်တွေ့ကျင့်ကြံအားထုတ်တဲ့ ဒကာများရဲ့ ပင့်ဆောင်မှုကြောင့် အညာကနေ အောက်ပြည်ကို စုန်ဆင်းခဲ့ပြီး ၁၂၇၆ ခုနှစ် သထုံမြို့မှာ မင်းကွန်းဇေတဝန်ကျောင်းကိုတည်ထောင်တရားပြခဲ့တာဖြစ်ပါတယ်။

မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်ဦးဝိသုဒ္ဓက ရန်ကုန် အင်းစိန်၊ ဗိုလ်ကုန်းမှာ မူလမင်းကွန်းဝိပဿနာ ကမ္မဋ္ဌာန်းဌာန ကို တည်ထောင်တယ်။ ၁၉ ၄၉ ခုနှစ် အင်းစိန် တိုက်ပွဲကာလမှာ ဆရာတော်က ရွှေတိဂုံစေတီတော် ရေကြည်တော်ဝတ်အသင်းကို ပြောင်းရွှေ့ ပြီး သီတင်းသုံးရတယ်။ အဲဒီလိုသီတင်းသုံးနေရင်းနဲ့ အောက်ပစ္စယံ အခုလက်ရှိနေရာမှာ သစ်ပင် တွေ၊ ချုံတွေကို ရှင်းပြီး ယာယီမဏ္ဍပ်လေးနဲ့ သတိပဋ္ဌာန်တရားပြတယ်။

အဲဒီလို တရားပြတဲ့အခါ သွား-သွားတယ်မှတ်၊ ရပ်-ရပ်တယ်မှတ် စသည်ဖြင့် တရားဟောနေတာကို ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဘရီကကြားတော့ “ ဒါ တရားဟောတာမဟုတ်ဘူး၊ လူအလုပ်ကို လုပ် နေတယ်” လို့ပြောပြီး ရွှေတိဂုံစေတီတော်ကနေ ဖယ်ရှားဖို့လုပ်တယ်။ ဒါပေမယ့် ဆရာတော် က ဦးဘရီကို ခဏလောက် ကိုယ်တိုင်ကျင့်ကြည့်ပါဆိုပြီး တရားပြတယ်။ အဲဒီလို တရားထိုင် ကြည့်ပြီး တဲ့နောက် ဦးဘရီက နောက်နေ့မှာ ဇနီးဖြစ်သူ ဒေါ်လှဖူးကို ခေါ်လာပြီး အတူတရားထိုင်တယ်။ သုံး ရက်တရားထိုင်ပြီးတဲ့နောက်မှာတော့ ဦးဘရီက သတိပဋ္ဌာန်တရားစခန်းဖွင့်နိုင်ဖို့အတွက် ဒီနေရာ မှာ ကျောင်းဆောက်ပြီးလှုဒါန်းခဲ့တယ်။

ကျောင်းဝင်းထဲမှာ “ရာဇဝတ်ဝန်မင်း ဦးဘရီ ၊ မင်းကတော် ဒေါ်လှဖူး သားသ္မီးတစ်စုကောင်းမှု” လို့ စာတမ်းထိုးထားတဲ့ ကျောင်းဆောင်တစ်ခုရှိတယ်။ အဲဒီကျောင်းဆောင်ဘေးမှာ အုတ်ဓမ္မာရုံတစ် ဆောင်ကိုလည်း ဦးဘရီက ဆောက်လုပ်လှုဒါန်းထားတယ်။ အဲဒီဇရပ်မှာတော့ “ သာသနာတော် သက္ကရာဇ် ၂၄၉ ၉ ခု- ၂၅၀၀ ခု ၊ ၁၃၁၇ ခု ကဆုန် လ္ဆုပ် ၈ ရက်နေ့တွင် မူလမင်းကွန်း ရဟန္တာကိုယ်တော်ကြီးကိုယ်စား မိတ္ထီလာ-တောင်ပုလုဆရာတော်၊ ရန်ကုန် မင်းကွန်း ဦးဝိသုဒ္ဓဆရာ တော်နှစ်ပါး အုဋ္ဌ်မြစ်ချတော်မူသည်။ ဝန်မင်း ဦးဘရီ ၂၅-၆-၁၉ ၅၅” လို့ ရေးထားတဲ့ ကျောက် ပြား တစ်ချပ်ကပ်ထားပါတယ်။

ပထမကျောင်းတိုက်ရှေ့နံရံနဲ့ကပ်လျက်နေရာမှာ ထုံးဖြူသုတ်ထားတဲ့ ကျောက်ပုံတစ်ခု ရှိတယ်။ ကျောက်ပုံ ဘယ်ညာမှာ ဆင်ရုပ်နှစ်ခုရှိတယ်။ နောက်ဘက်ကျောင်းနံရံမှာတော့ “ ဆင်နှစ်ကောင် အမှတ်အသားနေရာသည် ရန်ကုန်ဆရာတော်ကြီး ဦးဝိသုဒ္ဓ ဝိပဿနာ သတိပဋ္ဌာန် တရားများ စတင် ဟောကြားခဲ့သည့် အထိမ်းအမှတ် ပလ္လင်နေရာဖြစ်ပါသည်။ ရိုသေမှုဖြင့် ကုသိုလ်ယူပါ။” လို့ ရေးထားတဲ့ကျောက်ပြားတစ်ချပ် ရှိတယ်။ ဒါပေမယ့် ကျောက်ပုံပေါ်မှာ သွပ်ပြား အဟောင်း တွေပုံထားတယ်။ ကျောင်းပြင်နေဆဲ ကာလဖြစ်လို့ထင်ပါတယ်။ ဒီအဆောက်အဦ နှစ်ခုက မူလ ပထမအဆောက်အဦတွေပါ။ အခုတော့ ကျောင်းဝင်းထဲမှာ ကျောင်းတိုက် အသေးလေးတွေ အများ ကြီးဖြစ်နေပြီ။ နောက်ဘက်မှာလည်း နှစ်ထပ်ဆောင်တစ်ခု တိုးချဲ့ဆောက်နေတယ်။ ရွှေတိဂုံစေတီ တော် ဝတ္တကမြေထဲမှာ နောက်ထပ်အဆောက်အဦသစ်တွေ တိုးချဲ့ဆောက်တာနဲ့ပတ်သက်ရင် တိကျတဲ့ မူဝါဒတစ်ခုရှိသင့်ပြီလို့ ခံစားမိတယ်။

လက်ရှိကျောင်းထိုင်ဆရာတော်က ဦးဝိလာသပါ။ တတိယမြောက် ကျောင်းထိုင်ဆရာတော် ဖြစ် ပါ တယ်။ ကျောင်းဝင်း ဘေးမှာ“ ရွှေတိဂုံထီးတော်သစ် တင်လှုပွဲ အထိမ်းအမှတ် မောင် ဝိတ် ဓမ္မာရုံ ရှိတယ်။ ၁၉ ၉ ၉ ခုနှစ် မှာ လှုဒါန်းတယ် လို့ ရေးထားတယ်။ အဲဒီဓမ္မာရုံမှာ ဆရာတော် ဦးဆောင် ပြီး လစဉ် ၇ ရက် တရားစခန်း၊ တစ်ရက် တရားစခန်းတွေဖွင့်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: