ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်က ဇရပ်တွေ၊ ပိဋကတ်တိုက်တွေကို လေ့လာနေတဲ့ အချိန်မှာ ထူးထူးဆန်းဆန်း သတိရမိနေတဲ့ အကြောင်းနှစ်ခုရှိတယ်။ နှစ်ခုလုံးကလည်း ဆရာမင်းသိင်္ခနဲ့ ပတ်သက်နေတယ်။
ပထမတစ်ခုက အရှေ့ဘက်စောင်းတန်းက မွန်ထမင်းဆိုင်။ အဲဒီမွန်ထမင်းဆိုင်နဲ့ပတ်သက်လို့ ရေဆုံးမြေဆုံးခြေရာကောက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒုတိယတစ်ခုက မနုစာရီ ဝတ္ထု မှာပါတဲ့ အာဇာနည်ကုန်းအဆင်းဘက်က ရေချို ရေငန် နှစ်မျိုးရှိတဲ့ရေတွင်းလေးပါ။
တကယ်တော့ အလယ်ပစ္စယံက ဇရပ်တွေအကြောင်းလေ့လာနေတာ မပြီးသေးဘူး။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီရေတွင်းလေးဘက်ကို သွားချင်တဲ့စိတ်က ထိန်းလို့မရဘူး။ ဒီလိုနဲ့ မြောက်ဘက် စောင်းတန်းက ဆင်း၊ သွေးဆေးကန်ဘက်ကနေ ရေတွင်းလေးရှိရာဘက်ကို လမ်းလေ ျှာက်သွားခဲ့တယ်။
ဆရာမင်းသိင်္ခပြောတဲ့ရေတွင်းလေးကိုလည်းတွေ့ပါတယ်။ ဒါပေမယ့် အဲဒီရေတွင်းလေးထက် ပိုပြီး ထူးခြားတာကိုလည်းတွေ့ခဲ့ရတယ်။ အခုပြန်တွေးကြည့်တော့ ရေတွင်းလေးဆီကို သွားချင်တဲ့စိတ်ပေါ်လာ တာဟာ အဲဒီထူးခြားတဲ့အခြေအနေတစ်ခုကို မြင်အောင် များဖန်တီးပေးတာလည်းဖြစ်နိုင်တာပဲ။
အနောက်ရွှေဂုံတိုင်လမ်းနဲ့ အဲဒီဘက်အခြမ်းက အာဇာနည်ကုန်းနေရာကို လမ်းလေ ျှာက်ပြီး မကြည့်ဖြစ်တာ ဆယ်စုနှစ်တစ်ခုစာလောက်ရှိတော့မယ်။ အခု အာဇာနည်ကုန်းပေါ်ကနေ စောင်းတန်းအိုလေးအတိုင်းဆင်းလာတဲ့အခါ အနောက်ရွှေဂုံတိုင်လမ်း နဲ့ ရွှေဂုံလမ်း (လင့်ခ် လမ်း) ထောင့်မှာ အပြာရောင် သွတ်ပြားတွေကာထားတဲ့ စီမံကိန်းတစ်ခုကို လှမ်းတွေ့လိုက် ရတယ်။
အရင်က အဲဒီနေရာက တပ်မတော်ပိုင်မြေနေရာပဲ၊ အခုတော့ “ Shwe Gon Development Group” “ Hotline No. +959779091777 , +959779192777” လို့ရေးထားတယ်။ အထဲ မှာ ဘာတွေလုပ်နေလဲဆိုတာတော့ မမြင်ရဘူး။
ကျွန်တော့်အတွေ့အကြုံအရ ရွှေတိဂုံစေတီတော်နဲ့ နီးကပ်တဲ့နေရာတွေမှာ စီးပွားရေးဆိုင်ရာ အဆောက်အဦတွေဆောက်လုပ်မယ်ဆိုရင် ရွှေတိဂုံဂေါပကအဖွဲ့ရဲ့ သဘောတူညီချက် လို တယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်ပြည်သူတွေရဲ့ သဘောထား၊ လူမှုရေး၊ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အမြင်ကိုလည်း ထည့်စဉ်းစားရတယ်။ သာမန်အဆောက်အဦတွေကို မြို့တော်စည်ပင်စည်းကမ်း ချက်တွေနဲ့ ကိုက်ညီတယ်ဆိုတာနဲ့ မရဘူး။
ဒီသင်ခန်းစာကို ပြည်သူ့ရင်ပြင်ထဲက Myanmar Culture Valley ဖြစ်စဉ်နဲ့ ဦးထောင်ဘို အဝိုင်း နားက ဒဂုံစီးတီး စီမံကိန်းတွေမှာတွေ့ခဲ့ရပြီးပါပြီ။ ဒဂုံစီးတီးဆိုရင် ဆရာတော်ကြီးတွေက အစ ကန့်ကွက်ခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပြီး စီမံကိန်းကို ရပ်ဆိုင်း လိုက်ရတယ်။
Myanmar Culture Valley ကတော့ ရွှေတိဂုံစေတီကို လာရောက်တဲ့ ဘုရားဖူး တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ယဉ်ကျေးမှုအနုပညာလက်ရာတွေ ရောင်းချ ဖို့ပါဆိုတဲ့ခေါင်းစဉ်နဲ့ နှစ်ထပ် အစား တစ်ထပ်ကို ခွင့်ပြုပေးလိုက်တယ်။ တကယ်လက်တွေ့ ကျ တော့ စားသောက်ဆိုင်တွေက အဓိက ဖြစ်နေတာ အားလုံးတွေ့နေရတာပဲ။ တီကောင် လို လူတွေ နဲ့စီးပွားရေးသမားတွေပေါင်းမိရင် ရွှေတိဂုံစေတီတော်တောင် ဒုက္ခရောက်တယ်။
ဒီလိုအခြေအနေမှာ ရွှေတိဂုံဘုရားနဲ့ ပေ ၂၀၀၀ ကျော်လောက်ပဲ ဝေးတဲ့ နေရာ၊ သမိုင်းဝင် အာဇာနည်ဗိမာန်နဲ့ ကားလမ်းဘဲခြားတဲ့နေရာမှာ ဘယ်လို စီမံကိန်းမျိုးလုပ်မှာလဲ ဆိုတာ စိတ်ဝင် စားသွားတယ်။
ဒ့ါကြောင့် အင်တာနက်မှာရှာလိုက်တော့ ဒီစီမံကိန်းကို Shwe Gon Landmark Project လို့ ခေါ်ပြီး Shwe Gon Development Group, SGDG က လုပ်ပိုင်ခွင့်ရထားတယ်။ SGDG ရဲ့ ဝက်ဘ် ဆိုက်မှာ ဒီစီမံကိန်းအဆောက်အဦမှာ လူနေအိမ်ခန်း၊ ရုံးခန်း၊ ဈေးဆိုင်တွေပါမယ်။ ၆၂ ပေမြင့် မယ်။ စတုရန်းပေ ရှစ်သိန်းကျယ်မယ်လို့ ရေးထားတယ်။ စီမံကိန်းတည်နေရာကိုလည်း မြေပုံနဲ့ ပြထား တယ်။ အဲဒီပုံကို ကြည့်လိုက်ရင် ရွှေတိဂုံစေတီတော်တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်၊အာဇာနည် ဗိမာန်တို့နဲ့ဘယ်လောက်နီးသလဲဆိုတာမြင်နိုင်ပါတယ်။ ပုံ ၁
သူတို့ဝက်ဘ်ဆိုက်မှာပဲ Shwe Gon Development Group, SGDG ဆိုတာဟာ Global Technology Group Company Limited (GTG) က ၂၀၁၄ ခုနှစ်မှာတည်ထောင်ခဲ့တဲ့လုပ်ငန်းခွဲဖြစ်တယ်၊ GTG က ၂၀၀၃ ခုနှစ်က စတင်ပြီး သတင်းအချက်အလည်နည်းပညာဆိုင်ရာလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ ပုံ ၂
ဒီစီမံချက်နဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီပတ်ဝန်းကျင်မှာ လက်လှမ်းမီသလောက် လေ့လာ ကြည့် လိုက်တော့ အခုလို သိရပါတယ်-
၁။ ၂၀၁၈ ခုနှစ် ဇွန်လထဲမှာ SGDG ဥက္ကဋ္ဌ ဦးရှိန်းသူအောင်နဲ့အဖွဲ့ ဂေါပကအဖွဲ့ကိုလာပြီး စီမံကိန်း အကြောင်းရှင်းပြတယ်။ ဂေါပကအဖွဲ့တော့ ဒဂုံစီတီးစီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ဖြစ်စဉ်တွေကို ရှင်း ပြတယ်။ ရွှေတိဂုံဘုရားကို မထိခိုက်ဖို့၊ ရွှေတိဂုံဘုရားကို မြင်ကွင်းမကွယ်ဖို့ အရေးကြီးတဲ့ အကြောင်းပြောတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း တင်ပြဖို့လိုတယ်လို့ အသိပေးတယ်။
၂။ SGDG က လုပ်ထုံးလုပ်နည်းအတိုင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြတာ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်ကိုတင်ပြတာတွေလုပ်တယ်။
၃။ ၂၀၁၈ခုနှစ်နိုဝင်ဘာလထဲမှာ မြို့တော်စည်ပင်က ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သိဂုၤတ္တရ ကုန်းမြေကြံ့ ခိုင်ရေး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးကော်မတီ ရဲ့ သဘောထားကို မေး တယ်။ အဲဒီကော်မတီက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်ပြီး ပညာရှင် ပါတဲ့အဖွဲ့လို့သိရတယ်။
၄။ အဲဒီကော်မတီက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ထဲမှာ ဒီစီမံကိန်းတည်ဆောက်တာကို သဘောမတူ တဲ့ အကြောင်း အကျိုးအကြောင်းဖော်ပြပြီး အကြောင်းပြန်ခဲ့တယ်။ ဂေါပကအဖွဲ့ကလည်း အဲဒီ သဘောထားအတိုင်းပဲရပ်တည်ခဲ့တယ်။
၅။ SGDG ကတော့ လက်မလေ ျှာ့ဘဲ ဆက်ကြိုးစားတယ်။ စောင့်ကြည့်လေ့လာရေး ကော်မတီ နဲ့ ဂေါပကအဖွဲ့ကတော့ သဘောထားမပြောင်းဘူး။ ဆက်ပြီး ကန့်ကွက်ခဲ့တယ်။
၆။ ၂၀၁၉ ခုနစ် ဒီဇင်ဘာလထဲမှာတော့ SGDG က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြု ချက်လည်းရပြီ၊ မြို့တော်စည်ပင်ရဲ့ ခွင့်ပြုမိန့်လည်း ရပြီ လို့ ဂေါပကအဖွဲ့ကို အသိပေးခဲ့တယ်။ EIA, SIA လုပ်မယ် လို့လည်း အကြောင်းကြားတယ်။ ကော်မတီနဲ့ ဂေါပကအဖွဲ့က ကန့်ကွက်နေ တဲ့ကြားက ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ မြို့တော်စည်ပင်က ဘာ့ကြောင့် ခွင့်ပြုလိုက်သလဲဆိုတာ တော့မသိရဘူး။
ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေကတော့ ဒဂုံစီးတီး စီမံကိန်းကို ကန့်ကွက် ခဲ့သလိုပဲ ဒီစီမံကိန်းကို ကန့်ကွက်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ခေတ်ပြောင်းသွားတော့ ဒဂုံစီးတီး တုန်းကလို သူတို့ကို ဝန်းရံမယ့်သူ နည်းသွားပြီလို့ဆိုတယ်။
ဂေါပကအဖွဲ့ကရော ဘယ်လို သဘောထားလဲ။ အဖွဲ့ဝင်တစ်ယောက်ကတော့ အသေးစိတ် မဖြေ ပေမယ့် “ ဘုရားကြီးကို စောင့်ရှောက်ရမယ့် တာဝန်ရှိတဲ့ ဂေါပကအဖွဲ့ကတော့ သဘောထား မပြောင်းပါဘူး” လို့ ပြောတယ်။ သူ့မျက်နှာမှာတော့ “ မနိုင်၍ သည်းခံခြင်းသည် လည်းကောင်း” ဆိုတဲ့ အရိပ်အယောင်တွေ မြင်ရတယ်။
ပြည်သူ့ရင်ပြင်နဲ့ ဒဂုံစီးတီး စီမံကိန်းတွေကို ဝေဖန်ရေးသားခဲ့တဲ့ မီဒီယာတွေလည်း ဒီစီမံကိန်း အကြောင်းကို ရေးတာမတွေ့မိဘူး။ စီမံကိန်း မစသေးလို့ မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မနုစာရီ မင်းသမီးလေး လမ်းညွှန်လိုက်လို့ မြင်ခဲ့ ကြားခဲ့တာ တွေ ကို ခေါင်းလောင်းထိုးပြီး အသိပေးလိုက်ပါပြီ။
နောက်ဆက်တွဲဖော်ထုတ်သင့်တယ်ထင်ရင်လည်းဖော်ထုတ်ကြ၊ဆိတ်ဆိတ်နေသင့်တယ်ထင်ရင် လည်း ဆိတ်ဆိတ်နေကြပေါ့။
Thanks for sharing Sir.
LikeLike