ဒေါ်ရွှေသစ်
ရွှေတိဂုံ ပတ်ဝန်းကျင်က ဓမ္မာရုံတွေ၊ ဇရပ်တွေကို လေ့လာတဲ့အခါ ဓမ္မာရုံနဲ့ ဇရပ် တွေကို အလှုရှင် ကျောင်းအမကြီးတွေရဲ့ နာမည်နဲ့ တွဲပြီးခေါ်တာက ပိုများတာကို သတိထားမိ တယ်။ အလှုရှင် ကျောင်းဒကာကြီးတွေအမည်နဲ့တွဲပြီးခေါ်တာဆိုလို့ “ ဦးဘိုးလှိုင်ဇရပ်” တစ်ခုပဲ တွေ့ တယ်။ နောက်ဇရပ်တစ်ခုကတော့ “ ဦးသာမောင်၊ ဒေါ်ငွေဇရပ်” လို့ နှစ်ယောက်တွဲခေါ်ထား တယ် ။ ဒီဇရပ်အများစုက ၁၃၀၀ ပြည့်နှစ်မတိုင်ခင်က လှုဒါန်းထားတာတွေဆိုတော့ အဲဒီအချိန်ကာလ က မြန်မာအမျိုးသမီးကြီးများရဲ့ အခန်းကဏ္ဍကို မှန်းဆကြည့်လို့ရပါတယ်။
ရွှေတိဂုံစေတီမှာ ဇရပ်လည်း လှု၊ ပိဋကတ်တိုက်လည်းလှုထားတဲ့ တစ်ဦးတည်းသော အမျိုးသမီး ကြီးကတော့ ဒေါ်ရွှေသစ်ဖြစ်ပါတယ်။ ပိုက်လုံးလမ်းကနေ ဝင်သွားရတဲ့ ပိဋကတ်တိုက် ရှစ်လုံး တန်း စီနေတဲ့နေရာက “ အမှတ်(၆) ရွှေပိဋကတ်တိုက်” ဆိုတာ ဒေါ်ရွှေသစ်မိသားစု လှုဒါန်းထား တာဖြစ်သလို အလယ်ပစ္စယံက ဒေါ်ရွှေသစ် ဇရပ်ဆိုတာကလည်း ဒေါ်ရွှေသစ်ပဲလှုဒါန်းထားတာဖြစ် ပါတယ်။
တောင်ဘက်စောင်းတန်းကနေ အာဇာနည်ဗိမာန်လမ်းအတိုင်းလာရင် ပိုက်လုံးလမ်းကို ကျော်တာ နဲ့ လမ်းညာဘက် အရှေ့ဘက် စောင်းတန်း ယာဉ်ရပ်နားကွင်းနဲ့ မျက်နှာချင်းဆိုင်မှာ လမ်း ကြား လေးတစ်ခုရှိတယ်။ လမ်းအဝင်မှာလည်း ရွှေတိဂုံပိဋကတ်တိုက်သို့ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ အဲဒီလမ်းက တစ်လမ်းမောင်း၊ အာဇာနည်ဗိမာန်လမ်းဘက်က ဝင်လို့ရ တယ်။ အဲဒီလမ်း အတိုင်း ဆင်းသွားရင် ညာဘက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဓမ္မာရုံရှိတယ်။ ဘယ်ဘက်မှာ “ ဆိုင်ခန်း ၄၀ ဈေးတော်ရုံ” လို့ ခေါ်တဲ့ ဆိုင်ခန်းတွေရှိတယ်။ ဆိုင်ခန်းတွေက ပန်းပုဆိုင်တွေဖြစ်ပါတယ်။ ဈေး ဆိုင်ခန်းကနေ စားသောက်ဆိုင်ဖြစ်နေတဲ့အခန်းတွေလည်း ရှိတယ်။
ဒီလမ်းလေးရဲ့ ဦးတိုက်နေရာမှာ ရွှေပိဋကတ်တိုက် ရှိတယ်။ ကိုလိုနီခေတ်လက်ရာ နှစ်ထပ် တိုက်ကျောင်း၊ အဝင်၀ ဘယ်ညာမှာ ဘီလူးလား၊ ဘာလား ၊ ဘယ်လိုခေါ်ရမှန်းမသိတဲ့ အရုပ်နှစ် ရုပ်ရှိတယ်။ ခါးတောင်းကျိုက်ထားတဲ့ ဗိုက်ပူပူ ချက်စူစု နဲ့အရုပ်နှစ်ရုပ်၊ တစ်ရုပ်က ထိုးကွင်း ဒူး ကျနဲ့ တစ်ရုပ်ကတော့ ထိုးကွင်းမပါဘူး။ အပေါ်ထပ် စင်္ကြန် ဘယ်၊ ညာထောင့်တွေမှာလည်း နတ် သားရုပ်နှစ်ရုပ်ရှိတယ်။
တိုက်မျက်နှာစာမှာ အလှုရှင်အမည်ကို ရေးထားတဲ့ ကနုတ်ပန်းဆိုင်းဘုတ်တစ်ခုရှိတယ်။ ဒီဆိုင်း ဘုတ်မှာ ထူးခြားချက်နှစ်ခုတွေ့တယ်။
ပထမတစ်ခုက အလှုရှင်ကိုဖော်ပြရာမှာ “ ဒေါ်ရွှေသစ် သ္မီး မသန့် သား ဦးဘိုးတုံ ပိဋကတ်တိုက် ကောင်းမှု” လို့ ရေးထားတယ်။ အဖေ နာမည်မပါဘူး။
ဒုတိယတစ်ခုက ဆိုင်းဘုတ်အပေါ်မှာ နတ်သားအရုပ် လေးရုပ်ရှိတယ်။ နှစ်ရုပ်က မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကိုးကွယ်မှုဆိုင်ရာအဆောက်အဦတွေမှာတွေ့ရလေ့ရှိတဲ့ နတ်သားရုပ်ပါ။ နောက်နှစ်ရုပ် ကတော့ ကျွန်တော့်မျက်စိထဲမှာ ခရစ်ယန်ဘုရားရှိခိုးကျောင်းတွေမှာတွေ့ရလေ့ရှိတဲ့ ကောင်းကင် တမန်ပုံတွေနဲ့တူနေ တယ်။ ဒီဆိုင်းဘုတ်မှာပဲ “ပန်းပု ကံထရိုက်ဆရာ မောင်ရွှင် မန္တလေး” လို့ နာမည်ထိုးထားတယ်။
အတွင်းဆင်ဝင်အောက်မှာတော့ “ ၁၂၉ ၉ ” ဆိုတဲ့ ဂဏန်းတွေကို ဒိုင်းပုံထဲနောက်ခံနဲ့ ရေးထား တယ်။ဒါကတော့ပိဋကတ်တိုက်ဆောက်တဲ့နှစ်ဖြစ်မှာပါ။ အဲဒီနေရာမှာပဲ “အမှတ် (၆) – ရွှေပိဋကတ် တိုက် ဆရာတော် ဘဒ္ဒန္တ သူရိယာ ဘိဝံသ အမှုးရှိသော ညောင်တုန်းကျောင်းတိုက် နာယက အဖွဲ့မှ အုပ် ချုပ်သည်” လို့ရေးထားတဲ့ ဆိုင်းဘုတ်ရှိတယ်။ အလယ်ပစ္စယံက ဒေါ်ရွှေသစ် ဇရပ်မှာလည်း ဒီ ဆိုင်းဘုတ်မျိုးတွေ့ခဲ့တယ်။
အောက်ထပ်ကတော့ ရိုးရိုးအခန်းကျယ်ပဲ။ ထူးခြားမှုမရှိဘူး။ အခုတော့ ပိဋကတ်တိုက်မှာ သီတင်း သုံးနေတဲ့ သံဃာတွေအတွက် အခန်းတွေဖွဲ့ထားတယ်။ လောလောဆယ် သံဃာ ခုနှစ်ပါးရှိတယ် လို့ သိရတယ်။
အောက်ထပ်က ကျောင်းတိုင်တစ်ခုမှာ ဆရာတော် ဦးသူရိယ ဓာတ်ပုံရှိတယ်။ ဓာတ်ပုံထဲမှာ ဆရာ တော်က အသက်ငယ်ငယ်ပဲရှိသေးတယ်။ ဒါပေမယ့် မျက်လုံးတွေက တောက်ပပြီး အလွန်ခွန်အား ရှိတဲ့ ၊ ထက်မြက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ထင်ထင်ရှားရှားသိနိုင်တယ်။ ဓာတ်ပုံစာသားအရ ဆရာတော် က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရခဲ့တယ်၊ ပါဠိတက္ကသိုလ် ဗဟို အတွင်းရေးမှူးတာဝန်လည်း ယူခဲ့တယ်ဆိုတာ တွေ့ရတယ်။ အပေါ်ထပ်မှာ ဆရာတော်ကြီးရဲ့ ပုံ လို့ ယူဆရတဲ့ ပန်းချီကား ကြီးတစ်ချပ်လည်းတွေ့ရတယ်။ လက်ရှိ သံဃာတွေကတော့ ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက် မှာ စာလာသင်တဲ့ စာသင်သား သံ ဃာတွေဖြစ်ပုံရတယ်၊ ဆရာတော် ကြီးပျံလွန် တော်မူတဲ့ နှစ်ကိုမသိကြဘူး။
အောက်ထပ်မှာ ကျောင်းအမကြီးဒေါ်ရွှေသစ်ရဲ့ ဓာတ်ပုံနှစ်ပုံရှိတယ်။ ပထမပုံမှာ အသက်ငယ် ငယ် ချိတ်ထမီနဲ့၊ဆံထုံးနဲ့၊ ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးငယ်လေးတစ်ဦးကို တွေ့နိုင် တယ်။ ပုံကတော့ ဓာတ်ပုံစတူဒီယိုထဲမှာ ရိုက်ထားတဲ့ပုံစံပဲ။ ဒုတိယပုံတော့ အဖွားဒေါ်ရွှေသစ်ဘဝပုံ။ အဖွားထိုင်တဲ့ ကုလားထိုင်က ခန့်ညားတယ်။ အိမ်မှာရိုက်ထားတာလို့ယူဆရပါတယ်။
အပေါ်ထပ်ကို တက်တဲ့လှေ ကားမှာ သံဘာဂျာတခါးကို ကြမ်းပြင်အတိုင်း အလျားလိုက်တပ် ထား တယ်။ အပေါ်ထပ်ကနေ ဆွဲပိတ်ပြီးသော့ခတ်လိုက်ရင် အောက် လူတက်လို့ မရတော့ဘူးပေါ့။ စစ်အတွင်းနယ်မြေမအေးချမ်းတဲ့အချိန်ကများ တပ်ဆင် ထားသလားလို့ တွေးမိတယ်။ အညာ ဘက်က ခြေတံရှည်အိမ်တွေမှာလည်း နယ်မြေမအေးချမ်းချိန်က ဓားပြ ရန် ကာကွယ်ဖို့အတွက် အဲဒီပုံစံမျိုး သစ်သား နဲ့ အပိတ်အဖွင့်လုပ်တာမျိုးတွေ့ဖူးတယ်။ လှေခါး အတက်၊ အဆင်း လက်ရန်းတိုင်ထိပ်တွေက ခြင်္သေ့ရုပ်တွေကတော့ တရုတ်လက်ရာတွေပဲ။
အပေါ်ထပ်မှာတော့ ပိဋကတ်စာပေတွေထားဖို့လုပ်ထားတဲ့ဘီဒိုတွေရှိတယ်။ အခုတော့ ပစ္စည်း ထားတဲ့ ဘီဒိုဖြစ်နေပြီ။ တရုတ်လက်သမားလက်ရာလို့ထင်ရတဲ့ ကျွန်းထိုင်ခုံရှည်တစ်လုံးတွေ့ တယ်။ ထောင့်တစ်နေရာမှာ ရှေးသော့ကြီးနဲ့ခတ်ထားတဲ့ ဘီဒိုကြီးတစ်လုံးရှိတယ်။ ဖွင့်တဲ့သော့ တောင်ရှိသေးရဲ့လားမသိဘူး။ အဲဒီအထဲမှာ သမိုင်းမှတ်တမ်းတွေများတွေ့နိုင်မလားလို့ စိတ်ဝင် စားမိတယ်။
အပေါ်ထပ်မှာ အထူးခြားဆုံးကတော့ ဘုရားခန်းကို ကာထားတဲ့ သစ်သားနံံရံပေါ်က ပန်းပုလက်ရာ တွေပါပဲ။ ဝင်ပေါက်သုံးပေါက်ရဲ့ အပေါ်မှာ ခြင်္သေ့ နဲ့ မြင်း ကို သုံးပြီး Coat of Arms ပုံစံဖော် ထား တယ်။ အလယ်က ဘဲဥပုံနေရာမှာ မြန်မာအမျိုးသားကြီး တစ်ဦးထိုင်နေတဲ့ ဓာတ်ပုံကို ထည့်ထား တယ်။
အဲဒီဓာတ်ပုံရှင်က ဘယ်သူလဲဆိုတာ ဦးဇင်းလေးတွေလည်း မသိဘူး။ ဒါ့ကြောင့် ခွင့်တောင်း ပြီးအထောက်အထားလိုက်ရှာတဲ့အခါ ဘုရားခန်းထောင့်က ဘီဒိုတစ်ခုပေါ်မှာ ဖုန်တက်နေတဲ့ ဓာတ်ပုံအဟောင်း တစ်ခုတွေ့တယ်။ အဲဒီဓာတ်ပုံက Coat of Arms မှာပါတဲ့ ဓာတ်ပုံနဲ့အတူတူပဲ။ ဓာတ်ပုံ မှန်ပေါ်မှာ Correct Pen နဲ့ ဦးဘိုးတုံလို့ရေးထားတယ်။ ဒီတော့ Coat of Arms ဟာ ဦးဘိုး တုံပုံကိုအလည်မှာထည့်ထားတာဆိုတော့ ဒီဘုရားခန်း အကန့်နံရံဟာ ဦးဘိုးတုံ လှုဒါန်းထားတာ လို့ ယူဆနိုင်ပါတယ်။
ကျောင်းအမကြီး ဒေါ်ရွှေသစ်အကြောင်းကိုတော့ အလယ်ပစ္စယံမှာ ရှိတဲ့ ဒေါ်ရွှေသစ်ဇရပ် မှာ သီတင်းသုံးတဲ့သီလရှင်ကြီး ဒါ်ဓမ္မပါလ ဆီက ကြားခဲ့ရတယ်။ ဒေါ်ဓမ္မပါလက အသက် ၇၂ နှစ်ရှိ ပြီ။ အသက် ၁၇ နှစ်ထဲက အလယ်ပစ္စယံကိုရောက်လာခဲ့တာ။ သူ့ကို မွေးစားတာက ဒေါ်ရွှေသစ်ရဲ့ ချွေးမ ဒေါ်နုနုစိန်။ အခုတော့ ကွယ်လွန်သွားပြီ။ ဒေါ်နုနုစိန် က ဖိုးပါကြီးနဲ့ တွဲပြီး ရုပ်ရှင်ရိုက်ဖူး တယ်လို့ပြောတယ်။
ဒေါ်ဓမ္မပါလ က ဒေါ်ရွှေသစ်က ဖျာပုံဇာတိ၊ ရေလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝလာတယ်လို့ ပြော တယ်။ ဒီဇရပ်ကို ဆောက်တာ ၁၂၀၃ ခုနှစ်၊ အဲဒီအချိန်က ရွှေတိဂုံစေတီတော်ကို ရွှေတစ်ပိဿာ လှုပြီး ဇရပ်ဆောက်ခွင့်ယူခဲ့တာ။ ဇရပ်က သေးသေးပါပဲ။ အနုပညာလက်ရာတွေဘာတွေလည်း ထူးထူး ခြားခြားမရှိဘူး။ နှစ်ထပ်ဇရပ်လေး။ အောက်ထပ်မှာ ဇရပ်အလှုရှင်တွေ ညအိပ်၊ ညနေ နေ နိုင်အောင်၊ အပေါ်ထပ်မှာ ဥပုသ်သည်တွေ တရားနာနိုင်အောင်၊ ဆွမ်းကပ်နိုင်အောင်လုပ်ထား တယ်။ ဒေါ်နုနုစိန်တို့ရှိတဲ့အချိန်အထိ သံဃာအပါးနှစ်ဆယ်ကျော်ကို ဆွမ်းကပ်နိုင်တဲ့ ပန်းကန် ခွက် ယောက်အပြည့်အစုံရှိခဲ့တယ်လို့ဆိုတယ်။ အခုတော့ ဒေါ်နုနုစိန်က ဇရပ်စောင့်ဖို့အပ်ထားခဲ့တဲ့ ဒေါ်ဓမ္မပါလ နဲ့နောက်ထပ် သီလရှင်တစ်ပါးပဲရှိတော့တယ်။
ဒီနေရာမှာ ဒေါ်ရွှေသစ် ဇရပ် နဲ့ပိဋကတ်တိုက်ကို ဆောက်ခဲ့တဲ့ ခုနှစ်တွေနဲ့ပတ်သက်ပြီး တွေး စရာ လေးတွေပေါ်လာတယ်။ တကယ်လို့ ဇရပ်ဆောက်တဲ့ နှစ် ၁၂၀၃ ခုနှစ် ( အလယ်ပစ္စယံမှာ ၁၂၀၃ ခုနှစ် ဆောက်တယ်ဆိုတဲ့ ဇရပ်သုံးခုရှိတယ်။ ) ကို အမှန်လို့လက်ခံရင်။ ပိဋကတ်တိုက် ဆောက်လုပ်တယ်လို့ ယူဆရတဲ့ ၁၂၉ ၉ ခုနှစ် မှာ အဖွားဒေါ်ရွှေသစ် အသက်ထင်ရှားရှိမှာ မဟုတ် တော့ဘူး။ ပိဋကတ်တိုက်ဆောက်တဲ့နှစ်က ၁၂၉ ၉ ဆိုတာလည်း မှန်ဖို့များတယ်။ ဘာ့ ကြောင့်လဲဆိုတော့အဲဒီမှာရှိတဲ့ပိဋကတ်တိုက်အားလုံးဟာ မြန်မာသက္ကရာဇ်၁၂၉၀ ပတ်ဝန်း ကျင်မှာ ဆောက်ခဲ့တယ်ဆိုတာတွေ့ရလို့ပါပဲ။
အဲဒါဆိုရင် အဖွားဒေါ်ရွှေသစ်က ၁၂၀၃ ခုနှစ်မှာ ဇရပ်ကိုလှုဒါန်းခဲ့တယ်။ ၁၂၉ ၉ ခုနှစ်မှာ သား ဖြစ်သူ ဦးဘိုးထုံက အမေ့နာမည်နဲ့ ပိဋကတ်တိုက်ကို လှုဒါန်းခဲ့တယ် လို့ ယူဆရမလိုပဲ။ ဒါဆိုရင် ဒေါ်နုနုစိန်ကဒေါ်ရွှေသစ်ရဲ့ ချွေးမဟုတ်နိုင်ဘူး။ဦးဘိုးထုံရဲ့ ချွေးမဖြစ်ဖို့များတယ်။ဒေါ်ဓမ္မပါလ က တော့ ဒေါ်နုနုစိန်မှာ သားသမီးမကျန်ခဲ့ဘူး။ ဒါ့ကြောင့် သူ့ကို မွေးစားပြီး ဇရပ်ကို စောင့်ရှောက်ဖို့ အပ်ခဲ့တာလို့ဆိုတယ်။
တစ်ချိန်ချိန်မှာ ဗဟန်းညောင်တုန်းကျောင်းတိုက်ကို သွားပြီး အဖွားဒေါ်ရွှေသစ်နဲ့ပတ်သက်လို့ မေး နိုင်ဖို့ ကြိုးစားဦးမယ်။ တကယ်လို့ ဒီဆောင်းပါးကို အဖွားဒေါ်ရွှေသစ်ရဲ့ မျိုးဆက်တွေဖတ်မိရင် လည်း ကွက်လပ်ဖြည့်ပေးနိုင်မယ်လို့ထင်ပါတယ်။
Thanks sir. Myanmar’s rare handcrafts.
LikeLike