မဲခေါင်ခရီးသည် (၁)

“ကားစက်တွေကို နှိုး၊ အဝေးပြေးလမ်းပေါ်တက်လိုက်
စွန့်စားခန်းတွေ ရှာဖွေဖို့ ၊ အခက်အခဲတွေ ဘယ်လို တွေ့တွေ ကျော်လွှားစို့”

“သဘာဝရဲ့ ရင်သွေးငယ်အဖြစ် လွတ်လပ်စွာပျံသန်းနိုင်ဖို့ မွေးဖွားခဲ့တဲ့ ငါတို့
အမြင့်ဆုံးထိ ပျံသန်းနိုင်မယ့်တို့တစ်တွေ”

လူငယ်ဘ၀ နှစ်ချိုက်ခဲ့ရသော ရော့ခ်သီချင်းတစ်ပုဒ်က စာသားတစ်ချို့ ၊ ဆိုင်ကယ်နှစ်စီးနဲ့ ရွက်လွှင့်သူနှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ဇာတ်ဝင်တေးအဖြစ်အသုံးပြုခဲ့သော သီချင်း။ အခုအချိန်ထိ ဒီသီချင်းကိုကြားတိုင်း အင်ဂျင်စက်သံ၊ အဝေးပြေးလမ်းမကြီး၊ လွတ်လပ်မှု တို့ကို ကြားယောင်၊ မြင်ယောင်နေတုန်းပဲ။

စစ်တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတစ်စု၊ ဆိုင်ကယ်ကိုယ်စီနဲ့ လမ်းမကြီးတွေ၊ တောလမ်း တွေအတိုင်း ခရီးသွားဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘဝက အဲဒီလို ခရီးသွား ဖို့ ဆိုတာမဖြစ်နိုင်ဘူး။ လူချင်းဆုံဖို့လည်း မလွယ်ဘူး။ ခွင့်ရက်ရှည်ရဖို့ဆိုတာ စိတ်မကူးနဲ့။ ဒီလို နဲ့အသက်တွေကြီးလာ၊ ရာထူးတာဝန်တွေအမျိုးမျိုးပြောင်းလဲထမ်းဆောင်လာခဲ့ပေမယ့် သူငယ် ချင်းတွေအတူခရီးမသွားနိုင်ခဲ့ဘူး။

ဒီလိုနဲ့ ကျွန်တော်တို့ အားလုံး အငြိမ်းစားယူရတဲ့အရွယ်ကိုရောက်လာတယ်။ သူများစိတ်နဲ့ နေရ တဲ့ဘဝကနေ ကိုယ့်စိတ်နဲ့ကိုယ်နေနိုင်တဲ့ ဘဝကိုရောက်ပြီ။ ဒီလိုနဲ့ သူငယ်ချင်းတွေ အတူစုပြီး ခရီးသွားနိုင်တဲ့အခြေအနေကိုရောက်လာတယ်။

ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေချိန်က အခြားနိုင်ငံက မော်တော်ယာဉ်တွေ အုပ်စုဖွဲ့ပြီး ကိုယ့်နိုင်ငံကို ဖြတ်ကျော်မောင်းနှင်တာတွေကို တွေ့ခဲ့ရတယ်။ ကိုယ့်ဌာနက ပါဝင်ကူ ညီရတာတွေရှိတယ်။ ဒီတော့ ကိုယ်တွေလည်း အဲဒီလို ခရီးသွားချင်တယ်။ ဒီတော့ ဘယ်နိုင်ငံတွေ ကို သွားနိုင်မလဲဆိုတာ စဉ်းစားကြတယ်။

ဒီအချိန်မှာပဲ ၂၀၁၉ အောက်တိုဘာ ၃၀ ရက်နေ့မှာ မြန်မာ – ထိုင်း ကုန်းလမ်း ဆက်သွယ်ရေးနဲ့ ပတ်သက် တဲ့ CBTA သဘောတူညီချက် အသက်ဝင်လာတယ်။ အဲဒီသဘောတူညီချက်အရ မြန်မာနိုင်ငံ က မော်တော်ယာဉ်တွေ ထိုင်းနိုင်ငံထဲမှာ ခရီးသွားခွင့်ရှိလာတယ်။ ဒီတော့ ထိုင်းကို ကား မောင်းပြီး သွားလို့ရပြီ။ ဘယ်နေရာတွေကို သွားမလဲဆိုတာပဲ စဉ်းစားရတော့မယ်။

ကျွန်တော်တို့ထိုင်းနိုင်ငံကိုသွားတယ်ဆိုတာကအစိုးရတာဝန်နဲ့ဖြစ်တဲ့အတွက် ဘန် ကောက် ကို ပဲသွားခဲ့တာများတယ်။ ထိုင်းနိုင်ငံရဲ့ အခြားဒေသတွေ အထူးသဖြင့်ကျေးလက်ဒေသ တွေက လူနေမှုဘဝတွေကို မသိဘူး။ ဒါ့ကြောင့် ထိုင်းနိုင်ငံ ကျေးလက်ဒေသတွေကို ကားတွေနဲ့ ခရီး နှင် မယ်။ ရှေးဟောင်းအမွေအနှစ်တွေကိုလေ့လာမယ်လို့ စဉ်းစားကြတယ်။ အဲဒီလို သွားနိုင်ဖို့ လေ့လာတဲ့အခါ ထိုင်းနိုင်ငံထဲကနေ တဆင့် လာအိုနိုင်ငံထဲအထိ ခရီးသွားလို့ရတယ်ဆိုတာကို သိလာရတယ်။ ဒါ့ကြောင့် လာအိုနိုင်ငံထဲအထိ ဆက်သွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်။

ဒီခရီးစဉ်ကို တကယ်စဉ်းစားအကောင်အထည်ဖော်တာကတော့ ခရီးသွားတာလည်း ဝါသနာပါတဲ့ သူငယ်ချင်းပါ။ သူစီစဉ်မှုနဲ့ ထိုင်းနိုင်ငံက ခရီးသွားအေဂျင်စီတစ်ခုနဲ့ ချိတ်မိတယ်။ နိုင်ငံဖြတ်ကျော် ကားမောင်းနိုင်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေစီစဉ်ရတာက အတော်အချိန်ကြာပါတယ်။ အထူးသဖြင့် မြန်မာဘက်အခြမ်းမှာ ဒီလိုခရီးစဉ်မျိုးစီစဉ်ဖူးတာမရှိသလောက်ဖြစ်တဲ့အတွက် စမ်း တဝါးဝါးလုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ခရီးစဉ်ဟာ မြန်မာ ၊ ထိုင်း ၊ လာအို သုံးနိုင်ငံခရီးစဉ်ဖြစ်တယ်၊ ဒီနိုင်ငံသုံးခုဟာ ယဉ်ကျေးမှု၊ ဘာသာရေး ဆက်စပ်မှုရှိတယ်။ မဲခေါင်မြစ်မှာ နယ်နမိတ်ဆက်စပ်နေတဲ့နိုင်ငံတွေ လည်း ဖြစ်တယ်။ ဒါ့ကြောင့် ဒီခရီးစဉ်ကို စီစဉ်သူက မဲခေါင်ခရီးစဉ်လို့ အမည်ပေးခဲ့တယ်။

မဲခေါင်ခရီးစဉ်မှာ အငြိမ်းစားဝန်ထမ်းတွေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေပါတယ်။ အသက် ခုနှစ်ဆယ်ကျော်ကနေ သုံးဆယ်ကျော်အထိ အရွယ်စုံပါတယ်။ ကိုယ့်ကား ကို ကိုယ်တိုင် မောင်း မယ်။ ဘန်ကောက်၊ ချင်းမိုင် စတဲ့မြို့ကြီးတွေမဝင်ဘူး။ ရှေးဟောင်းမြို့တော် တွေ၊ ကျေးလက် ဒေသတွေကို လေ့လာမယ်။ သင့်တင့်တဲ့ တည်းခိုစရာနေရာတွေကို ရွေးချယ် တည်းခိုမယ်။ လူနေ မှုဘဝတွေ၊ယဉ်ကျေးမှု၊ ဘာသာရေး အမွေအနှစ်တွေကို လေ့လာသလို အဲဒီ နေရာတွေကို စီမံ ခန့်ခွဲနေတဲ့ အစိုးရရဲ့ မူဝါဒတွေ၊ အကောင်အထည်ဖော်မှုတွေကိုလည်း လေ့လာမယ် ။ ဒီခရီး ဟာ ဇိမ်ခံခရီးစဉ်မဟုတ်ဘူး။ လွတ်လပ်မှုကို ခံစား၊ အသိပညာ ဗဟုသုတအသစ်တွေကို ရှာဖွေမယ့် ခရီးစဉ်ပါ။

“ကားစက်တွေကို နှိုး၊ အဝေးပြေးလမ်းပေါ်တက်လိုက်
စွန့်စားခန်းတွေ ရှာဖွေဖို့ ၊ အခက်အခဲတွေ ဘယ်လို တွေ့တွေ ကျော်လွှားစို့”

မဲခေါင်ခရီးစဉ်ကို သောင်းရင်းမြစ်ဘေးကနေ ရင်ခုန်စွာနဲ့စတင်ခဲ့တယ်။

One thought on “မဲခေါင်ခရီးသည် (၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: