၁၉ ၈၀ – ၉ ၀ နှစ်များက ကရင်ပြည်နယ်မှာတာဝန်ထမ်းဆောင်ခဲ့ချိန်က မဲဆောက်မြို့ကို ရောက်ခဲ့ဖူးတယ်။ အဲဒီ အချိန်က မဲဆောက်ကိုသွားတယ်ဆိုတာ တရားဝင်သွားလို့ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ၊ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ်ချိတ်ဆက်သွားခဲ့ရတာ။ မဲဆောက်မြို့မှာလည်း ကိုယ်နဲ့ ဆန့် ကျင် ဘက်အဖွဲ့အစည်းတွေကလည်း ရှိနေတော့ ဖင်ပူအောင်တောင်မနေနိုင်ဘူး။ ရောက်ဖူးတယ် လို့ ပြောနိုင်ရုံ၊ အမှတ်တရ ပစ္စည်းဝယ်ပြီး ပြန်လစ်ရတာပဲ။
အခုတော့ ချစ်ကြည်ရေးတံတားပေါ်မှာ မြန်မာဘက်က ထိုင်းဘက်ကို ကူးမယ့်သူ၊ ထိုင်းဘက် က မြန်မာဘက်ကို ကူးမယ့်သူတွေနဲ့ အပြည့်။ အရင်လို မြဝတီက မှောင်မဲလို့၊ မဲဆောက်က တော့ ဟိုဘက်ကမ်းက မီးထိန်ထိန် ဆိုတာမျိုးမဟုတ်တော့ဘူး။ မဲဆောက်ကနေ မြဝတီညတွေကို ယစ်မူးနိုင်ဖို့ လာရတဲ့အခြေအနေဖြစ်နေပြီ။ မြဝတီဘက် သောင်းရင်းမြစ်ကမ်းဟာ မမှတ်မိနိုင် လောက်အောင်ပြောင်းလဲသွားခဲ့ပြီ။
ဝီစကီ၊ ဘီယာ၊ တေးသံသာ၊ ကာစီနို၊ စကတ်တိုတို၊ အသံချိုအေး၊ ရေမွှေးနံ့ ကြိုင်တဲ့နေရာဖြစ်နေပြီ။ ဒီနယ်စပ်မြို့လေးဟာ အမေရိကန်အနောက် ဘက်နယ်မြေဒေသကို တိုးချဲ့ချိန်က နယ်စပ်မြို့တွေလိုပဲ။ အဆက်အသွယ်ကောင်းရင် ဘာမဆို လုပ်နိုင် တဲ့မြို့၊ သေနတ်တွေက တရားစီရင်တဲ့မြို့၊ ဘယ်သူကိုကြောက်ရမှန်းမသိ ကြောက်နေရတဲ့မြို့၊ မာဖီးယားတွေလို သူ့အပိုင်၊ ကိုယ့်အပိုင်နဲ့နေတဲ့မြို့ဖြစ်နေပြီ။ ဒီမြို့လေးကို
ထိုင်းတွေက နေ့ဘက် စီးပွားရေးလုပ်ဖို့လာ၊ တရုတ်တွေက ညဘက်မှာ ပျော်ပါးဖို့လာတယ်။ ဗီဇာ၊ နယ်စပ်ဖြတ်ကျော်ခွင့် ပါချင်ပါမယ်၊ မပါချင် မပါဘူး။ ဗီဇာကထက် ဘယ်သူ့ဆီကိုလာသလဲ ဆိုတာက ပိုအရေးကြီးတယ်။
မဲဆောက်ကနေ ဆူခိုထိုင်းကို ကီလိုမီတာ ၁၇၀ ဝေးတယ်။ ထိုင်း- မြန်မာချစ်ကြည်ရေး တံတား အမှတ် ၁ ကနေ ကူးပြီးတဲ့အခါ မြို့ထဲကို မဝင်ဘဲ မြို့ရှောင်လမ်းအတိုင်းသွားတယ်။
တခ်- မဲဆောက်ကားလမ်းကလည်း ထိုင်းနိုင်ငံကို ဖြတ်သန်းသွားမယ့် အရှေ့ – အနောက်စီးပွားရေး စင်္ကြန်ရဲ့ အရေးပါတဲ့အပိုင်းဖြစ်နေတယ်။ ဒါ့ကြောင့်လည်း ထိုင်းဘက်က ချစ်ကြည်ရေးတံတားအမှတ် ၂ ကို တည်ဆောက်ပေးခဲ့သလို မဲဆောက် – တခ် ကားလမ်းကိုလည်း နှစ်လမ်းသွားကနေ လေးလမ်းသွားအထိ ချဲ့ပေးခဲ့တယ်။ ဒါပေမယ့်အဲဒီလမ်းကနေ မြန်မာပြည်ထဲ ကို သွင်းကုန်ကများနေပြီး မြန်မာဘက်က ထိုင်းကိုသွားတဲ့ ပို့ကုန်က နည်းနေတယ်။
မဲဆောက်ကနေ တခ်ကို ကီလိုမီတာ ၉ ၀ ရှိတယ်။ ကားလမ်းက တခ်မြို့ထဲကို မဝင်ဘူး။ မြို့စွန်ကနေပဲဖြတ်သွားတယ်။ လမ်းမှာ ထမင်းစားတဲ့ဆိုင်က ပင်န်းမြစ်ကမ်းဘေးက ဧရာဝတီဆိုတဲ့ ဆိုင်။ ဒီဆိုင်နေစပြီး ထိုင်းအစားအစာတွေနဲ့ပဲ နှစ်ပါးသွားရတော့မှာပါ။ ဒ့ါကြောင့် လည်း ခရီးစဉ်စမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်မှာ မြဝတီမြို့ ခိုင်ခိုင်ကျော် ထမင်းဆိုင်မှာ မုန့်ဟင်းခါး ၊ အိုးဘဲဥ၊ ပဲကြော် နဲ့ နှစ်ပွဲကို အဝစားခဲ့တယ်။
ထိုင်းနိုင်ငံကားလမ်းတွေကောင်းတဲ့အကြောင်းက အများသိပြီးဖြစ်လို့ မပြောတော့ပါဘူး။ ကျွန်တော်တို့အတွက်ကတော့ လက်ဝဲကပ်မောင်းစနစ်ကို ပထမဆုံးပြောင်းမောင်းရတဲ့နေ့ ဖြစ် တဲ့အတွက် ကီလို ၈၀ – ၉ ၀ လောက်ပဲထိန်းမောင်းရတယ်။ ထိုင်းခရီးသွားအေဂျင်စီက ကျွန်တော် တို့ ကားတစ်စီချင်းအတွက် စကားပြောစက်လေးတစ်လုံးစီထုတ်ပေးပြီး သူတို့ရှေ့ ပြေး ကားကနေ လမ်းအခြေအနေကို တိုက်ရိုက်ပြောပေးတဲ့အတွက် မောင်းရတာပိုအဆင်ပြေပါ တယ်။
ဆူခိုထိုင်းသွားတဲ့လမ်းမှာ တရုတ်၊ လာအို နိုင်ငံ နံပါတ်တွေနဲ့ ကားတွေလည်းတွေ့ရတယ်။ အားလုံးက နယ်စပ်ကတစ်ဆင့် တရားဝင် ဝင်လာပြီး ခရီးသွားနေတဲ့ကားတွေပဲ။ ကမ္ဘောဒီးယား၊ မလေးရှားတို့က ကားတွေလည်း ထိုင်းနိုင်ငံထဲမှာ သွားနေကြတာပဲ။ ပြည်ပနိုင်ငံတွေက နံပါတ် ပြားတွေတွေ့လို့လည်း ထိုင်းရဲတွေရော၊ ပြည်သူတွေရော ထူးဆန်း မနေဘူး။ ဖေ့စ်ဘွတ် ပေါ်ကနေ ကယ်ပါ၊ ယူပါ အော်မနေဘူး။ နယ်စပ်ကနေ နံပါတ်ပြားတပ်ပြီး ဝင်လာထဲက တရားဝင် ဝင်လာတယ်ဆိုတာ သိပြီးသား။ အာဆီယံနိုင်ငံတွေအချင်းချင်းကြားမှာရော၊ အာဆီယံနိုင်ငံတွေ နဲ့ တရုတ်နိုင်ငံကြားမှာရော ဒီလိုသွားလာနိုင်တဲ့ သဘောတူညီချက်တွေရှိတယ်။ ဥရောပ နိုင်ငံ တွေကလာမယ်ဆိုရင်လည်း လာလို့ရတဲ့ လုပ်ထုံးလုပ်နည်းတွေရှိတယ်ဆိုတာ သိပြီး သား ဖြစ်ပါတယ်။
ဆူခိုထိုင်းက မြို့ဟောင်းနဲ့ မြို့သစ်ဆိုပြီး နှစ်ပိုင်းရှိတယ်။ ဆူခိုထိုင်းမြို့ဟောင်းက ထိုင်း နိုင်ငံရဲ့ ပထမဆုံးမင်းနေပြည်တော်ဖြစ်ပါတယ်။ ထိုင်းတွေက ခမာတွေကို မောင်းထုတ်ပြီး ၁၂၃၈ ခုနှစ် နဲ့ ၁၂၅၇ ခုနှစ်ကြားမှာထူထောင်ခဲ့တယ်။ မြို့ဟောင်းက မြို့သစ်ကနေ ၁၂ ကီလိုမီတာလောက်ဝေး တယ်။ ဆူခိုထိုင်း မြို့ဟောင်းကို ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တော်အဖြစ် ၁၉ ၉ ၁ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပါတယ်။
မြို့ဟောင်းက အရှေ့ – အနောက် နှစ်ကီလိုမီတာ၊ တောင်-မြောက် ၁.၆ ကီလိုမီတာရှိတယ်။ နန်း တော်ဟောင်းနေရာနဲ့ပတ်ဝန်းကျင်မှာ ရှေးဟောင်းအဆောက်အဦပေါင်း ၂၆ ခုရှိ တယ်။ မြို့ဟောင်းတစ်ခုလုံးဆိုရင်တော့ ၁၉ ၃ ခုရှိတယ်လို့ဆိုတယ်။ ကျွန်တော်တို့ ခရီးစဉ် ကတော့ မြို့ဟောင်းထဲမှာ သုံးနာရီလောက်ပဲ နေခဲ့ရတော့ စုံလင်အောင်လေ့လာဖို့ အခွင့် အရေးမရခဲ့ဘူး။ မြင်ခဲ့သမ ျှ ဝေမ ျှရရင်
၁။ ရှေးဟောင်းအဆောက်အဦတွေ၊ ဘုရားပုထိုးတွေကို မူလလက်ရာအတိုင်း မပျက်စီးအောင် ထိန်းသိမ်းထားတယ်။ အသစ်မွန်းမံတည်ဆောက်တာမရှိဘူး။ သီရိလင်္ကာမှာလည်း အဲဒီအတိုင်း ပဲ တွေ့ရတယ်။ သူတို့နိုင်ငံတွေမှာ ဘုရားဒါယကာ၊ ကျောင်းဒါယကာနာမည်ခံချင်လို့ ရှေးဟောင်း အမွေအနှစ်ကို မွမ်းမံလိုက်တာမျိုးမလုပ်တာ နမူနာယူစရာပဲ။
၂။ ရှေးဟောင်းမြို့တော်နယ်နမိတ်ထဲမှာ စားသောက်ဆိုင်ကြီးတွေ၊ အထပ်မြင့်အဆောက်အဦ တွေမတွေ့ရဘူး။ ယူနက်စကိုရဲ့သတ်မှတ်ချက်တွေအတိုင်း အတိအကျလိုက်နာထားတယ်လို့ ယူဆရတယ်။ ဒါပေမယ့် ဒေသ ခံတွေစီးပွားရေးအခွင့်အလမ်းရှိအောင် Home Stay တွေ၊ စား သောက်ဆိုင်ငယ်လေးတွေခွင့်ပြုပေးထားတယ်။
၃။ ရှေးဟောင်းနယ်မြေတစ်ခုလုံးကိုတော့မရောက်ခဲ့ဘူး။ ဘုရင့်နန်းတော်ဟောင်းနေရာ၊ မြို့တော် ဟောင်းတစ်ခုလုံးမှာ အကြီးဆုံး ဘုရားရှိတဲ့နေရာကိုရောက်ခဲ့တယ်။ အဲဒီနေရာမှာတော့ ကားတွေ ကို ဇုံအပြင်မှာရပ်ပြီး လမ်းလေ ျှာက်၊ စက်ဘီးစီး ဒါမှမဟုတ် သူတို့စီစဉ်ထားတဲ့ လ ျှပ်စစ်ဘတ်စ် ကားနဲ့ ပဲ သွားရတယ်။ ကျွန်တော်တို့ နိုင်ငံမှာလို ဘုရားအခြေထိ ကားနဲ့ သွားလို့မရဘူး။
၄။ ရှေးဟောင်းနယ်မြေထဲမှာ သစ်ပင်တွေကို စနစ်တကျစိုက်ထားတယ်။ သစ်ပင်တွေက ဒေသမျိုး ဖြစ်တဲ့ ကုက္ကို၊ မန်ကျည်းတွေ။ သက်တမ်းရင့်အပင်ကြီးတွေရှိသလို ဆယ်နှစ် သားလောက် အပင်တွေလည်းရှိတယ်။
၅။ လေးစားဖို့အကောင်းဆုံးကတော့ အမှိုက်မရှိတာပဲ။ စနစ်တကျစွန့်ပစ်ဖို့ နှိုးဆော် သလို သန့်ရှင်းရေးဝန်ထမ်းတွေကိုလည်းနေရာအနှံ့မှာတွေ့ရတယ်
ဆူခိုထိုင်းကို ဖြတ်ကနဲ မြင်လိုက်ရတဲ့ ရုပ်ပုံလွှာက မပြည့်စုံဘူး။ ဒါပေမယ့် ရှေးဟောင်း အမွေ အနှစ်တွေကို ထိန်းသိမ်းတဲ့နေရာမှာ ရှေးဟောင်းသုတေသနဌာနက အားလုံးရဲ့ အပေါ်မှာ ရှိတယ် ၊ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ အဆက်အသွယ်ကောင်းလို့ ရှေးဟောင်းက လေ ျှာ့ပေး လိုက်ရတယ်ဆိုတာမရှိဘူး ဆိုတာတော့ မြင်ခဲ့ရတယ်။
Thank you sir. Good pointing outs and comments. Hope to read much more sir.
LikeLike