ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မဲဆောက် – ဆူခိုထိုင်း ခရီးစဉ်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂ ရက်နေ့ မှာတော့ ကျွန်တော်တို့ ယာဉ်တန်းဟာ နန်မြို့ ( Nan City ) ကို ခရီးဆက်ခဲ့တယ်။ ကျွန်တော်တို့ က မဲဆောက် ကနေ ထိုင်း – လာအို နယ်စပ်ကို သွားနေတာဖြစ်တဲ့အတွက် ဆူခိုထိုင်းကနေ အရှေ့ မြောက်ဘက်ကို ဦးတည်ပြီးသွားရပါတယ်။
ဆူခိုထိုင်းကနေ နန်မြို့ကို သွားတဲ့ကားလမ်းကတော့ အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အတွက် လေးလမ်းသွားပါ။ လမ်းကောင်းတယ်။ မြို့တွေကိုရှောင်ပြီး ဖောက်ထားတဲ့အတွက် ကား ရှင်းတယ်။ ဒီလမ်းမှာ ထူးထူးခြားခြားသတိထားမိတာကတော့ ကီလိုမီတာ ၈၀ လောက်က လေး လမ်းသွားမဟုတ်ဘဲ နှစ်လမ်းသွားဖြစ်နေတာပဲ
စုံစမ်းကြည့်တဲ့အခါကျတော့ ကားလမ်းဖြတ်တဲ့နေရာက သစ်တောကြိုးဝိုင်းဖြစ်နေတယ်။ ဒီကားလမ်းက အာရှ လမ်းမကြီး၊ အရှေ့- အနောက်စီးပွားရေးစင်္ကြန်ရဲ့ အစိတ်အပိုင်းဖြစ် လာတဲ့ အချိန်ကျတော့ ပို့ဆောင်ရေးဝန်ကြီးဌာန (Transportation ministry of Thailand) က မူလ နှစ်လမ်းသွား လမ်းကို လေးလမ်းသွားအဖြစ်တိုးချဲ့တယ်။ ဒါပေမယ့် သစ်တော ဦးစီးဌာန က သစ်တောကြိုးဝိုင်းကို ဖြတ်သန်းနေတဲ့ လမ်းကို နောက်ထပ် တိုးချဲ့တာကို လက်မခံဘူး။ လမ်းချဲ့ လို့ ရမယ့် အကျိုးထက် သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ့် အပြစ်က ပိုများတယ်ဆို ပြီး ကန့်ကွက်တယ်။ ဒါ့ကြောင့်တိုးချဲ့ခွင့်မရတော့ဘဲ ကျန်တဲ့အပိုင်းတွေ လေးလမ်းသွားဖြစ်ချိန် မှာ ဒီအပိုင်းက နှစ်လမ်းသွားအဖြစ်ပဲ ကျန်နေခဲ့တယ်။
သစ်တောနဲ့ပတ်သက်ရင် သစ်တောဦးစီးဌာနရဲ့ သဘောထားက နောက်ဆုံး အဆုံးအဖြတ်ပဲ ဆိုတာ နမူနာယူဖို့ကောင်းတယ်။ ကျွန်တော့် အတွေ့အကြုံ အရတော့ ၁၉ ၇၀ ပြည့်လွန်နှစ်တွေအထိတော့ သစ်တောထိန်းသိမ်းရေးနဲ့ပတ်သက်ရင် သစ်တော ဦးစီးဌာနက လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်အတော်ရှိခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ သစ်တော ဦးစီးဌာနက ဌာနတိုင်း၊ အာဏာရှိသူတိုင်း၊ စီးပွားရေးသမားတိုင်းကို အလျော့ပေးနေရတာ အခု အချိန်ထိပါပဲ။
ထိုင်းနိုင်ငံမှာလည်း ၁၉ ၈၀ လောက်အထိ စီးပွားရေး နဲ့ ဖွံ့ဖြိုးတိုးတက်မှုက သစ်တော ထိန်းသိမ်း ရေးထက် ဦးစားပေးခံခဲ့ရတယ်။ ၁၉ ၈၁ ခုနှစ်ရောက်တော့ အစိုးရက သစ်တော ပြုန်းတီးမှု ပြဿ နာကို မြင်လာပြီး collaborative forest management စနစ်ကို အကောင်အထည်ဖော်လာတယ်။ သစ်တောထိန်းသိမ်းရေးမှာ ဒေသခံပြည်သူတွေရဲ့ ပါဝင်မှုကိုမြှင့်တင်လာတယ်။ အဲဒီအချိန်ကစလို့ သစ်တောဦးစီးဌာနနဲ့ ဒေသခံပြည်သူတွေက လုပ်ပိုင်ခွင့်ပိုရလာတယ်၊ ပြောရေးဆိုခွင့် ပိုရှိလာ တယ်လို့ ဆိုပါတယ်။
နန်မြို့ကို မရောက်ခင် ဖရဲ့ ( Phare) ဆိုတဲ့မြို့ရှိတယ်။ ဒီမြို့က ပရိဘောဂ နဲ့ပတ်သက်လို့နာမည် ကြီးတယ်။ ကျွန်းသစ်ကောင်းကောင်းထွက်တယ်။ စည်းမရှိ ကမ်းမရှိ ထုတ်ယူခဲ့လို့ ကျွန်းတော တွေ ပျောက်လုနီးပါးဖြစ်ခဲ့ပေမယ့် ၁၉ ၈၀ နောက်ပိုင်းမှာ သစ်တောထိန်းသိမ်းရေးနဲ့ စီမံခန့်ခွဲမှုုကို စနစ်တကျလုပ်ခဲ့လို့ ကျွန်းစိုက်ခင်းတွေ ကို စနစ်တကျ ပြန်လည် ထိန်းသိမ်းထားနိုင်တယ်။
ဒီဒေသက စိုက်ပျိုးရေးအဓိကပဲ။ စပါး၊ ပလောပီနံ၊ စိမ်းစားဥနဲ့ ဆေးရွက်ကြီးတွေစိုက်တယ်။ နောက်ထင်ရှားတဲ့ ထုတ်ကုန်တစ်ခုကတော့ ဆေးဆိုးပန်းရိုက်လုပ်ငန်းပဲ။ ဒီဒေသရဲ့ ရိုးရာ ဆေး ဆိုးနည်းက အစကို ကြိုးချည်ပြီးဆေးဆိုးတယ်။ ကြိုးပြန်ဖြေလိုက်ရင် ချည်ထားတဲ့နေရာက ဆေး မဝင်ပဲ ကွက်ပြီးကျန်နေခဲ့တဲ့အတွက် ဒီဇိုင်းပုံစံဖြစ်သွားတယ်။ များသောအားဖြင့် အပြာရောင်နဲ့ ဆိုးတယ်။ ကြိုးကို ပုံစံအမျိုးမျိုးနဲ့ချည်နိုင်တဲ့အတွက် အဆင်ထပ်တူ တူညီဖို့ မဖြစ်နိုင်ဘူး။ အဲဒီ လိုဆေးဆိုးထားတဲ့ အထည်စတွေ၊ အကျီ ၤ တွေရောင်းတဲ့ဆိုင်လေးတွေ လမ်းဘေးမှာ မြင်ခဲ့ရ တယ်။ အဖွဲ့လိုက်သွားတာဖြစ်တဲ့အတွက် ရပ်ပြီးလေ့လာဖို့ အခွင့်အရေးမရခဲ့ဘူး။
လမ်းဘေးဆိုင်လေးတွေမှာ တံမြက်စည်းအမျိုးမျိုးရောင်းတဲ့ဆိုင်တွေလည်းတွေ့တယ်။ ကျွန်တော် တို့ ဆီမှာ တံမြက်စည်းပင်လို့ခေါ်တဲ့ အလေ့ကျပေါက်နေတဲ့အပင်တွေကနေ ချိုးပြီး လုပ်ပေမယ့် ဒီဒေသမှာတော့ အဲဒီအပင်တွေကို စနစ်တကျစိုက်ပြီး ထုတ်လုပ်တယ်လို့သိရတယ်။
နန်မြို့ကတော့ ၁၄ ရာစုနှစ်မှာတည်ထောင်ခဲ့တဲ့ ထိုင်းမြို့တော်ဖြစ်တယ်။ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကြောင့်ထင်ရှားတယ်။ လာအိုနိုင်ငံလွန်ပရာဘွန်မြို့တော်နဲ့ ခေတ်ပြိုင် ထွန်းကားခဲ့တဲ့မြို့ဖြစ်ပါတယ်။ ချင်းမိုင် နဲ့ လွန်ပရာဘွန်ကြားမှာရှိတဲ့အတွက် Chiang Klang (‘middle city’) လို့လည်းခေါ်ခဲ့တယ်။
နန်မြို့မှာ ထင်ရှားတဲ့စေတီကတော့ Wat Phra That Chae Haeng လို့ခေါ်တဲ့ ဆံတော်ရှင် စေတီ ပါ။ ဒီစေတီမှာ ဗုဒ္ဓရဲ့ ဆံတော်ခုနှစ်ဆူ ဌာပနာထားတယ်၊ ၁၃၂၆-၁၃၅၉ ခုနှစ်ကြားမှာ တည်တယ်
။ ထူးခြားတာက တရုတ်လူမျိုးတွေက ဒီစေတီဟာ ယုန်နှစ်မှာ မွေးတဲ့သူတွေကိုစောင့်ရှောက် တယ်လို့ ယုံကြည်တာပဲ။ ဒါ့ကြောင့်လည်း စေတီ ရင်ပြင်မှာ ယုန်ရုပ် အကြီးအသေးမျိုးစုံ နဲ့ ပူဇော် ထားတာတွေ့နိုင်သလို ယုန်ရုပ်တွေ ရှေ့မှာလည်း ဆုတောင်းနေသူတွေတွေ့ခဲ့ရတယ်။ ဘုရားရင် ပြင်တော်မှာ ဆုတောင်းစာလေးတွေရေးထားတဲ့ ပေရွက်ပုံချည်ထည်လေးတွေချိတ်ထားတာလည်း တွေ့တယ်။ လေတိုက်လို့လှုပ်တိုင်း ဆုတောင်းပေးသလိုဖြစ်တယ်လို့ ယုံကြည်ကြတယ်တဲ့။
တန်ဆောင်းတစ်ခုမှာတော့ ရွှေချထားတဲ့ ရုပ်တုတစ်ခုရှိတယ်။ အဝေးက ကြည့်တော့ ဆင်းတု တော်လို့ထင်ပေမယ့် အနီးကပ်ကြည့်တော့ အိန္ဒိယ ဆာဒူးလို့ထင်ရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ပုံဖြစ်နေတယ်။ ရုပ်ပုံအောက်ခြေမှာလည်း ဆုတောင်းစာတစ်ခုရေးထား တယ်။ အဲဒီပုဂ္ဂိုလ်က ထိုင်းနိုင်ငံကို ယောဂကျင့်စဉ်နဲ့ အာယုဗေဒဆေးပညာကို စတင်သယ်ဆောင်လာ သူဖြစ်တယ်၊ ရိုးရာဆေးပညာနဲ့ အနှိပ်ပညာကို လေ့လာလိုက်စားသူတွေက ကိုးကွယ်ကြတယ် လို့ ဆိုတယ် ။
နောက်ထင်ရှားတဲ့ ဘုန်းတော်ကြီးကျောင်းကတော့ Wat Sripanton ဖြစ်ပါတယ်။ အရင်ကတော့ Wat Saleepanton လို့ခေါ်တယ်။ Salee ဆိုတာက ထိုင်းဘာသာနဲ့ ညောင်ပင်လို့ ဆိုတယ်။ အရင်က ဘုန်းကြီးကျောင်းမှာ ဗောဓိညောင်ပင်ကြီးရှိလို့ ခေါ်တာဆိုတော့ ရွှေညောင်ပင် ကျောင်း လို့ မြန်မာလိုခေါ်ရမယ်ထင်တယ်။
ကျွန်တော်ရောက်သွားတော့ မနက်အစောကြီးဖြစ်နေလို့ ပင်မကျောင်းဆောင်ကြီးမဖွင့်သေး ဘူး။ အပြင်ဘက်က ပဲဓာတ်ပုံရိုက်ခဲ့ရတယ်။ ရွှေပိန်းချထားတဲ့လက်ရာတွေအတော်ကောင်းတယ်။
နန်မြို့မှာ ညဈေးလည်းရှိတယ်။ ညဈေးမှာထူးခြားတာကတော့ စားပွဲဝိုင်းလေးတွေနဲ့ ခုံလေးတွေ ချထားတဲ့ ရင်ပြင်နေရာတွေလုပ်ပေးထားတယ်။ ကိုယ်ဝယ်လာ ဒါမှမဟုတ် ယူလာ တဲ့အစားအစာတွေကို ကိုယ့်ဘာသာကိုယ်ထိုင်စား၊ ပြီးရင် အမှိုက် တွေကို စနစ်တကျစွန့်ပစ်ရတယ်။ စားဖို့နေရာလုပ်ပေးထားတာကလည်း အတော်စနစ်ကျတယ်။ မီးအလင်းရောင်က အစ မိသားစု တွေ၊ မိတ်ဆွေတွေ သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင်စားသောက်နိုင်အောင် လုပ်ထားပေးတာကို တွေ့ရတယ်။
ကျွန်တော့်က သူများနိုင်ငံတွေက သပ်ယပ်လှပ စနစ်ကျတဲ့ ညဈေးတန်းလေးတွေ မြင်တိုင်း ရန်ကုန် ကမ်းနားလမ်းညဈေးတန်းကို သတိရမိတော့တာပဲ။
Thank you so much for knowledge sharing sir.
LikeLike