၂၀၂၀ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထိုင်း နိုင်ငံကနေ လာအိုနိုင်ငံကို သွားနိုင်ဖို့အတွက် ခရီးဆက် ခဲ့တယ်။ ကျွန်တော်တို့ ဖြတ်မယ့် ထိုင်းဘက် နယ်စပ်ဖြတ်ကျော်ဂိတ်က Huay Kon လို့ခေါ်တယ်။ Huai Kon လို့လည်း ရေးတယ်။ ဒီဂိတ်က နန်မြို့ကနေ ၁၃၀ ကီလိုလောက်ဝေး တယ်။ လမ်း ကတော့ လေးလမ်းသွားလမ်းမကြီးဖြစ်ပြီး လမ်းထပ်ချဲ့တာ တွေ၊ ပြုပြင်တာ တွေ လည်းတွေ့တယ်။ နယ်စပ်ဂိတ်က ထိုင်း-လာအိုနယ်စပ်တောင်ထိပ် မှာရှိတဲ့အတွက် နယ်စပ်မရောက်ခင် ကီလို ၃၀ လောက်ကစပြီး တောင်တက်လမ်းဖြစ်သွားတယ်။
အဲဒီအပိုင်းမှာတော့ ကားလမ်းကနှစ်လမ်းသွားဖြစ်သွားတယ်။ အတက်နေရာတစ်ချို့မှာ ၈% အတက်ဖြစ်ပါတယ်။ ၈% အတက်ဆိုတာကတော့ ပေ ၁၀၀ သွားတိုင်း တစ်ပေတက်တယ်။ တစ်မိုင် မှာ အမြင့်ပေ ၄၂၂ ပေကျော်တက်တယ်ဆိုတဲ့သဘောပါ ။ လမ်းကွေ့တွေများ၊ အတက်လည်း ကြီး တဲ့အတွက် အတော်သတိထားမောင်းရတယ်။ ဒါပေမယ့် ခရီးသွားအေဂျင်စီရဲ့ ရှေ့ပြေးကားက လမ်း အခြေအနေနဲ့ ကားရှင်း မရှင်းကို တောက်လေ ျှာက်အသိပေးသွားတဲ့အတွက် မောင်းရတာ အဆင် ပြေတယ်။ ကားသမားတွေကလည်း စည်းကမ်းရှိတယ်။ အတက်ကားတွေကို ဦးစားပေးပြီ း လမ်း ဖယ်ပေးသလို ကားချင်းကျော်တက်မယ်ဆိုရင်လည်း လမ်းအခြေအနေပေးတာနဲ့ ချက်ခြင်းဖယ်ပေး တယ်။
ဒီခရီးစဉ်မစခင် ထိုင်းမှာကားမောင်းရင် လိုက်နာရမယ့် ကျင့်ဝတ်တွေကို ရှင်းပြတဲ့အခါ ဟွန်း မတီး ဖို့ဆိုတဲ့အချက်လည်းပါတယ်။ လက်တွေ့မောင်းတဲ့အခါမှာလည်း မလိုအပ်တာကိုတွေ့ရပါ တယ်။ ကိုယ်က ကျော်တက်မယ်ဆိုပြီး ကားခေါင်းကို ဘေးထွက်လိုက်ရင် ရှေ့ကားက အလိုက်သိသိ လမ်း ဖယ်ပေးတယ်။ ကိုယ့်အလှည့်ဆိုရင် လည်း အဲဒီအတိုင်းပဲပေါ့။ ကျွန်တော်တို့ရဲ့ လမ်းညွှန် က တော့ နောက်ကြည့်မှန်နဲ့ ဘေးမှန်ကို မပြတ်ကြည့်ပြီး ကျော် တက် မယ့်ကားကို လမ်းပေးဖို့၊ ယာဉ်ကြောပြောင်းမယ်ဆိုရင် အချက်ပြမီး မပျက်မကွက်ပြဖို့ သတိပေးတယ်။
ထိုင်းနယ်စပ် ဂိတ်နဲ့လာအိုနယ်စပ်ဂိတ်က မီတာနှစ်ရာလောက်ခြားတယ်။ ထိုင်းဘက် အခြမ်း မှာတော့ ဈေးဆိုင်တန်းတွေရှိတယ်။ လာအိုဘက်မှာတော့ ဘာမှမရှိဘူး။ ထိုင်းနယ်စပ်ကို မဖြတ် ခင် နန်မြို့မှာ လာအိုကနေ ထိုင်းထဲကိုပြန်ဝင်ဖို့အတွက် Re Entry Visa လုပ်ခဲ့ရတယ်။ ထိုင်း ဘက် မှာ တုံးထုပြီးတော့ ခရီးသည်တွေက လမ်းလေ ျှာက်၊ ကားတွေကမောင်းဝင်ရ တယ်။ လာအိုဘက် ပထမဂိတ်မှာ ကားကို အစစ်ဆေးခံရတယ်။ အစစ်ဆေးခံတယ်ဆိုတာလည်း မှန်လေးဘက် ချပေး တာပါပဲ။ ကားဖြတ်သန်းခွင့်ကတော့ ထိုင်းအေဂျင်စီက ကြိုလုပ်ထားပြီးသားပါ။ ကားဖြတ်ပြီးတဲ့ အခါ လာအိုဘက်မှာ တုံးထုရတယ်။
ဒီဂိတ်က အသွားအလာနည်းတဲ့အတွက် ထိုင်းဘက်မှာ လဝက အရာရှိနှစ်ယောက်၊ လာအိုဘက် မှာ တစ်ယောက်ဘဲရှိတယ်။ လဝက ဂိတ်ကျော်ရင်တော့ ကုန်ကားတွေ အစစ်ဆေးခံဖို့အတွက် သီး ခြားကွင်းတစ်ခုရှိတယ်။ အဲဒီနေရာမှာပဲ ခရီးသွားအာမခံနဲ့ ကားအာမခံလုပ်ချင်ရင် ဆောင် ရွက်ပေးမယ့်အကြောင်း ဆိုင်းဘုတ်ထောင်ထားတာတွေ့တယ်။ သူများနိုင်ငံတွေများ ခရီးသွားတွေ ဆီက ဝန်ဆောင်မှုနဲ့ငွေရှာတာ နမူနာယူဖို့ကောင်းတယ်။
ထိုင်းဘက်မှာရော၊လာအိုဘက်မှာရော နယ်စပ်နီးလာတာနဲ့ လမ်း ဝဲယာမှာ တောင်ယာခုတ်ထား တာတွေတွေ့ရတယ်။ ဒီဒေသတွေမှာနေထိုင်နေတဲ့တောင်ပေါ်တိုင်းရင်းသားတွေကတော့ ရိုးရာ စိုက်ပျိုးနည်းစနစ်တွေကို မစွန့်နိုင်သေးဘူး။ တောင်ယာမှာ ပလောပီနံ ၊ စပါးနဲ့ ပြောင်းကို အများ ဆုံးစိုက်ကြတယ်လို့ဆိုတယ်။
လာအိုဘက်ရောက်တော့ ကားလမ်းက လက်ယာကပ်မောင်းပြန်ဖြစ်သွားတယ်။ လမ်းကတော့ တောင်ကြောအတိုင်းသွားပြီး Hongsa မြို့ဆီကို နိမ့်ဆင်းသွားတယ်။ Hongsa မြို့ တောင်ကြား လွင်ပြင်ထဲမှာ။ ကားလမ်း ဘယ်ဘက်မှာ လ ျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုတွေ့တယ်။ ဒီစက်ရုံက ကျောက်မီးသွေးလောင်စာကို သုံးတဲ့ စက်ရုံဖြစ်ပြီး ထိုင်းရင်းနှီးမြှုပ်နှံမှု ၈၀% နဲ့ လာအို ရင်းနှီးမြှုပ်နှံမှု ၂၀% ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်လည်ပတ်တယ်။ လ ျှပ်စစ်ဓာတ်အား ၁၈၇၈ မဂ္ဂါဝပ်ထွက်ပြီး ၁၅၀၀ မဂ္ဂါဝပ်ကို ထိုင်း ကိုရောင်းတယ်။ ကျန်တာက ပြည်တွင်းသုံးပေါ့။
အဲဒီစက်ရုံ က လာအိုနိုင်ငံမှာ အကြီးဆုံးကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဖြစ်ပါတယ်။ ဒီစက်ရုံကို အမှီပြုပြီး စက်မှုဇုံတစ်ခု တည်ဆောက်နေတယ်လို့သိရတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ပတ်သက်ပြီး မေးတော့အစပိုင်းမှာ ဒေသခံတွေကစိုးရိမ်မှုရှိတယ်။ဒါပေမယ့် ကမ္ဘာ့ ဘဏ် က သတ်မှတ်ထားတဲ့ ကျောက်မီးသွေးသုံးစက်ရုံတွေလိုက ်နာရမယ့် စံချိန်၊စံညွှန်းတွေအတို င်း ဆောင် ရွက်မယ်ဆိုတာကို ရှင်းပြတာရယ်၊ စက်ရုံကြောင့်ဒေသတွင်းမှာ အလုပ်အကိုင် အခွင့် အလမ်းတွေ၊ စီးပွားရေးအခွင့်အလမ်းတွေပေါ်လာမှာရယ်ကြောင့် အများစု က လက်ခံပါတယ်လို့ဆိုတယ်။
Hongsa လွင်ပြင်ထဲရောက်တော့ လမ်းက ဆိုးသွားတယ်။ ချိုင့်တွေ၊ ကျင်းတွေနဲ့ ကတ္တရာလမ်း၊ လူ ကြီး၊ ကလေး အရွယ်စုံ ဦးထုတ်မဆောင်းပဲ စီးနေတဲ့ ဆိုင်ကယ်များ၊ လမ်းဘေးမှာ ဖုန်အလိမ်းလိမ်းတက်နေ တဲ့ သစ်ပင်တွေ၊အိမ်တွေက ကိုယ့်နိုင်ငံကိုတောင်ပြန်သတိရသွားစေတယ်။
Hongsa မှာနေ့လည်စာစားတယ်။ စားသောက်ဆိုင်နာမည်က “ Hongsawadee” လို့ခေါ်တယ်။ ရုတ်တရက်ဆိုရင်တော့ “ ဟံသာဝတီ” လို့ ထင်ရတယ်။ တကယ်ကတော့ ဟောင်ဆာဝတီပါ။ စားသောက်ဆိုင်ရှေ့မှာ အလွန်ထူးခြားတဲ့ အိမ်ကြီးတစ်လုံးရှိတယ်။ အဲဒီအိမ်အကြောင်းကတော့ သီးခြားရေးပါ့မယ်။ ထမင်းစားပြီးပြန်ထွက်လာတော့ လမ်းဘေးမှာ ရွာတွေပိုများ လာတယ်။ မြန်မာပြည်ကရွာတွေမှာလိုပဲ ခြေလျင်သွားနေတဲ့ကျောင်းသားလေးတွေ တွေ့တယ်။ စက်ဘီးနဲ့ ဆိုင်ကယ်နဲ့ သွားသူလည်း ရှိတယ်။ ။ သူတို့ကျောင်းဝတ်စုံက အပေါ် အဖြူ၊ အောက်က အနက်။ ကျောင်းသားလေး တွေက ဘောင်းဘီအနက် ၊ ကျောင်းသူလေးတွေက လာအိုပုံစံလုံချည်အနက်မှာ အဖြူအနားနဲ့။ လွင်ပြင် ထဲမှာ ဆယ်ကီလိုမီတာလောက်သွားတော့ လမ်းကောင်းတဲ့ နေရာကိုရောက်တယ်။
ဒီလမ်းကထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency) က ဖောက်ပေးထားတာ။ ကျွန်တော်တို့သွားမယ့် လွန်ပရာဘွန်မြို့အထိ ၁၁၄ ကီလိုမီတာရှည်တယ်။ လမ်းက Hongsa အထွက် ၉ ၃ ကီလိုမီတာကနေ လွန်ပရာဘွန် မရောက် ခင် ၈ ကီလိုမီတာအထိ က အတက်အဆင်းများတယ်။ တစ်ချို့ အဆင်း၊အတက်နေရာတွေက ၁၅% အထိ မတ်စောက်ပြီး နှစ်ကီလို မီတာ၊ နှစ်ကီလိုမီတာခွဲလော က်အထိ အဆင်း၊ အတက်ရှည်တယ်။
မြဝတီ-ကော့ကရိတ်လမ်းမှာ အန္တရာယ်အကြီးဆုံးဆိုတဲ့ အဆင်းနေရာက ၁၁% နဲ့ တစ်ကီလိုမီတာပဲ ရှည်တယ်ဆိုတာ့ အခုလမ်းအခြေအနေကို စဉ်းစား ကြည့်လို့ရပါတယ်။ ဒီနေရာမှာတော့ ကျွန် တော်တို့ကားတွေအားလုံး Auto ကနေ Manual ပြောင်းရတယ်။ ဒီလမ်းက ၂၀၁၉ ဇွန်လကမှ ဖွင့် တာဆိုတော့ လမ်းဘေးမှာ နားစရာနေရာတွေမရှိသေးဘူး။ ဆီဆိုင်မရှိဘူး။ ကားအသွားအလာလည်း နည်းတယ်။
ဒါ့ကြောင့် နန်မြို့ ထွက်လာထဲက ဆီ အပြည့်ဖြည့်၊ စားစရာနဲ့ ကော်ဖီ၊အအေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ယူလာပြီး အဆင်းအရမ်းရှည်တဲ့ နေရာ၊ အတက်အရမ်းရှည်တဲ့နေရာတွေဖြတ်ပြီးရင် ခဏနားရတယ်။ အဲဒီ လိုနေရာကလည်း တစ်နေရာ၊ နှစ်နေရာမဟုတ်ဘူး။ တစ်ဒါဇင်လောက်ရှိတယ်။ ဒီလမ်းအပိုင်းက တော့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုနဲ့ ကားတွေရဲ့ ခံနိုင်ရည်ရှိမှုကို မှတ်ကျောက်တင်တဲ့နေရာပါပဲ။
နန်မြို့ကနေ မနက် ၈ နာရီထွက်လာတာ လွန်ပရာဘန်မြို့တစ်ဖက်ကမ်းကို ညနေ ငါးနာရီမှာ ရောက်တယ်။ အဲဒီကနေ မဲခေါင်မြစ်ကို ဇက်နဲ့ကူးရတယ်။ ဇက်နှစ်စီးရှိပြီး တစ်စီး ကို ကားလေးစီးနိုင်တယ်။ ကျွန်တော်တို့ အဖွဲ့က နှစ်ဖွဲ့ခွဲပြီးကူးခဲ့တယ်။ လွန်ပရာဘန် ကမ်းနားမှာ တော့ စားသောက်ဆိုင်တွေ တန်းစီပြီး ဥရောပတိုက်သာ းခရီးသွားတွေနဲ့ ပြည့်နေ တယ်။ တရုတ်ခရီးသွားတွေကတော့ ဗိုင်းရပ်စ်ကြောင့် မရှိသလောက်ပဲ။
ဆက်လက်ရေးသားနိုင်ပါစေ …. စောင့်မျှော်ဖတ်ရှုလျက်။
LikeLike
Like u’r experiences sir. Among the pics, one remind me to remember the PM for Bago sir.
LikeLike