Hongsa မြို့က နေ့လည်စာစားမယ့် စားသောက်ဆိုင်ရှေ့မှာ သစ်သားအဆောက်အဦကြီးတစ်ခု ရှိတယ်။ အမိုး နဲ့ ပန်းဆွဲတွေအနေအထားအရ ဘုန်းကြီးကျောင်းလို့ ထင်မိတယ်။ မုခ်ဦး၊ ခြံစည်း ရိုး က အစ အဆောက်အဦတစ်ခုလုံး သစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့အတွက် ရှေးလက်ရာ များ လားလို့လည်း တွေးမိတယ်။
ဒါ့ကြောင့် ခရီးဖော်တွေတွေ စားသောက်ဖို့ပြင်ဆင်နေဆဲမှာပဲ အဲဒီဘက်ကို သွားခဲ့တယ်။ ခြံတံခါး နှစ်ခုရှိတယ်။ မုခ်ဦးကို လူတစ်ဖက်စာမကတဲ့ ကျွန်းတိုင်ကြီးတွေ နဲ့လုပ်ထားတဲ့ အိမ်ရှေ့ အဝင် တံခါးက ပိတ်ထားတယ်။ အိမ်ဘေးကို ဝင်တဲ့ နောက်တံခါးတစ်ခုက တော့ ဖွင့်ထားတယ်။ အဲဒီက နေ ကြည့်လိုက်တော့ ဘုန်းကြီးကျောင်းမဟုတ်ဘဲ လူနေအိမ်ဖြစ်နေတာတွေ့လိုက်ရ တယ်။
ခြံဝင်းကျယ်ကြီး၊ အိမ်ရှေ့မှာ မြက်ခင်းနဲ့ မြေယာအလှပြင်ထားတယ်။ ကျန်တဲ့နေရာအားလုံး ကွန်ကရစ်ခင်း ထားတယ်။ အုတ်အလှစီထားတယ်။ ခြံဝဘေးမှာ အိမ်တစ်လုံးရှိတယ်။ အိမ် ဘေး မှာ အဖီချထားတယ်။ အလုပ်သမားတွေ နေတာဖြစ်မယ်။ အဲဒီမှာ လူလေးငါးယောက်ရှိတယ်။ အိမ် ဘေးက ကားဂိုဒေါင်မှာ ကားနှစ်စီးရပ်ထားတယ်။ နံပါတ်မရှိဘူး။ ကားဂိုဒေါင်ကလည်း အိမ်မ ကြီးလိုပဲ ကျွန်းတိုင်ကြီးတွေနဲ့၊ ပန်းဆွဲတွေနဲ့။ အိမ်မကြီးနောက်ဘက်မှာ နောက်ထပ် ဂိုဒေါင် နှစ်လုံးရှိတယ်။
အိမ်မကြီးပတ်ဝန်းကျင်မှာ လူရိပ်လူယောင်မတွေ့ရဘူး။ ခြံဝမှာတွေ့တဲ့လူတွေကို ကင်မရာ ထောင်ပြပြီး ဓာတ်ပုံရိုက်လို့ရမလားလို့ နိုင်ငံတကာ ဘာသာစကားနဲ့ပြောလိုက်တော့ ခေါင်း ငြိမ့် ပြတယ်။ ဒါနဲ့ အိမ်အပြင်ကနေပဲ လှည့်ပတ်ပြီး ဓာတ်ပုံရိုက်ခဲ့ရတယ်။
အိမ်က လာအို ရိုးရာအိမ်ပုံစံ၊ မြန်မာကျေးလက်အိမ်တွေလိုပဲ ခြေတံရှည်။ အိမ်အောက်မှာ ပန်းပု ရုပ်တွေ၊ ပိတောက်ပွေးအတုံးကြီးတွေ၊ ကျွန်းစားပွဲတွေချထားတယ်။ အားကစားလုပ်ဖို့ ခုံအမြင့် လေးလုပ်ထားတယ်။ အဲဒီမှာ သဲအိတ်နှစ်ခုတွဲလောင်းဆွဲထားတယ်။ အားကစား လေ့ကျင့်တဲ့ စက်ကရိယာတစ်ချို့ရှိတယ်။ ထူးထူးခြားခြား မိုးကာတဲလေးတစ်လုံး လည်း ချထားတယ်။
အနောက်တိုင်းပုံစံ အဆောက်အဦလေးတစ်ခုရှိတယ်။ အဲဒါက အိမ်သာ။ ကျား/မ ခွဲထားတယ်။ ဟိုတယ်တွေမှာလိုပဲ ပြင်ထားတယ်။ ဧည့်သည်တွေသုံးဖို့လုပ်ထားတာဖြစ်မှာပါ။ ဒီတစ်အိမ်လုံး မှာ သစ်သားမသုံးတာ ဒီတစ်နေရာပဲရှိတယ်။ အိမ်ရှေ့ တံခါးက ဝင်လာရင် ညာဘက်မှာ နတ် ကွန်းတစ်ခုရှိတယ်။ ထိုင်နေတဲ့ အမျိုးသား၊အမျိုးသမီး ရုပ်တုလေးနှစ်ခုကို နတ်စင်ပေါ်မှာတွေ့ရ တယ်။
ကျွန်း၊ ပိတောက် တွေနဲ့ဆောက်တဲ့အိမ်တွေတွေ့ဖူးတယ်။ ဒါပေမယ့် ဒီလောက် ထုထယ် ကြီးတဲ့ အိမ်မတွေ့ဖူးဘူး။ အိမ်ဆိုင်းဘုတ်မှာရေးထားတဲ့စာအရဆိုရင်တော့ ဒီအိမ်ကို ၂၀၁၆ ခုနှစ်မှာ မှ ဆောက်တာပါ။ ဒီခေတ်မှာ ဒီလို ထုထည်ကြီးတဲ့ အိမ်ကြီးကို ပိုင်ဆိုင်နိုင်တဲ့သူက ဘယ်သူလဲ။ ခြံဝကလူတွေကို စကားပြန်နဲ့မေးတော့ သူတို့က အလုပ်သမားတွေ မသိဘူး လို့ ပြောတယ်။ စားသောက်ဆိုင်ကလူတွေကို မေးတော့လည်း မသိဘူးလို့ဖြေတယ်။ မသိတာတော့ မဖြစ်နိုင်ဘူး။ မဖြေချင်တာပဲဖြစ်မယ်။ ထိုင်းဧည့်လမ်းညွှန်ကတော့ ဆိုင်းဘုတ်မှာရေးထားတဲ့ “ Ou Dom Phon” ဆိုတာ မြို့တော် ဗီယန်ကျန်းဘက်က ခရိုင်နာမည်လို့ ပြောတယ်။
Hongsa မြို့ ရှိတဲ့ Sainyabuli ပြည်နယ်ဆိုတာက သစ်လုပ်ငန်းနဲ့ပတ်သက်ပြီး နာမည်ကြီး တဲ့ နေရာပါ။ သစ်မှောင်ခို လုပ်ငန်းတွေလည်း အကြီးအကျယ်ရှိခဲ့ဖူးတယ်။ အဲဒါကပဲ ဒီအိမ်ကြီးရဲ့ အဖြေဖြစ်မယ်ထင်ပါတယ်။