မဲခေါင်ခရီးသည် (၁၂)


လွန်ပရာဘန်မြို့လယ် အခု ပြတိုက်လုပ်ထားတဲ့ ဘုရင့်နန်းတော်ဟောင်း ရဲ့ အရှေ့တည့်တည့်မှာ တောင်ကုန်းငယ်တစ်ခုရှိတယ်။ ပေ ၃၀၀ ကျော်လောက်ပဲမြင့်တယ်။ ဒါပေမယ့် လွန်ပရာ ဘန် မြို့ ဟောင်းအလယ်တည့်တည့်မှာရှိတဲ့အတွက် မြို့ကို အပေါ်စီးက မြင်နိုင်တယ်၊ နေဝင် ချိန်ကို ကြည့်ဖို့အတွက် အလွန်ကောင်းတဲ့နေရာဖြစ်တဲ့အတွက် ညနေဘက်ဆိုရင် ခရီးသွား ဧည့်သည်တွေအပြည့်ပဲ။
ဒီတောင်ကုန်းကို လာအိုဘာသာနဲ့ “Phou Si” မြင့်မြတ်သောတောင်တော် လို့ ခေါ်တယ်။ ဒဏ္ဍာရီ အဆိုအရတော့ ဟိုးတုန်းက ဒီတောင်ပေါ်မှာ ကမ္ဘာ့ဗဟိုချက်အထိ သွားလို့ရတဲ့ တွင်း နက်ကြီးရှိတယ်တဲ့။ တောင်ထိပ်မှာ ၁၈၀၄ ခုနှစ်မှာ လာအိုဘုရင် Anourat တည်ထား ကိုးကွယ် ခဲ့ တဲ့ စေတီတစ်ဆူနဲ့ ဘုရားကျောင်းဆောင်တစ်ခုရှိတယ်။
ဒီတောင်ပေါ်ကို တက်တဲ့လမ်းနှစ်သွယ်ရှိတယ်။ ပထမတစ်ခုက ဘုရင့်နန်းတောင်ဟောင်းရှေ့ က တက်တဲ့လမ်းဖြစ်ပါတယ်။ နောက်တစ်လမ်းကတော့ တောင်တစ်ဘက် Thanon Phousi လမ်း ဘက်ကတက်တာ။ အဲဒီဘက်ကတက်ရင်တော့ မဲခေါင် မြစ်ဘက်က ရှုခင်းကိုကြည့်ပြီးတက်လို့ ရတယ်၊ လမ်းတစ်လေ ျှာက်မှာ စေတီငယ်တွေ၊ ဗုဒ္ဓရုပ်ပွားတော်တွေရှိတယ်။ တကယ်တော့ တစ်ဘက်က တက်ပြီး တစ်ဘက်က ပြန်ဆင်းတာအကောင်းဆုံးပဲ။ ကျွန်တော်တို့ကတော့ ခရီးသွားအေဂျင်စီက စီစဉ်တဲ့အတိုင်း နန်းတော်ဟောင်းဘက်က တက်၊ နန်းတောင်ဟောင်း ဘက်ကိုပဲ ပြန်ဆင်းခဲ့ရတော့ တောင်တစ်ဘက်က မြင်ကွင်းကို လေ့လာခွင့်မရခဲ့ဘူး။
တောင်စတက်တဲ့နေရာက နန်းတောင်ဟောင်းရှေ့၊ လွန်ပရာဘန်မြို့ရဲ့ အဓိကလမ်းမကြီး ဖြစ် တဲ့ Sisavangvong လမ်းမကြီးတစ်ဘက်က စတယ်။ လမ်းဘေးကနေ လှေကားငါးထစ်လောက် တက်လိုက်ရင် ရင်ပြည်ကျယ်တစ်ခုရှိတယ်။ အဲဒီနေရာမှာ လက်မှုပစ္စည်း၊ ရိုးရာမုန့်၊အအေး တွေ ရောင်းတယ်။ ဘေးမဲ့ငှက်တွေလွှတ်ဖို့ ရောင်းတာလည်း တွေ့တယ်။
ကျွန် တော်တို့ဆီမှာလို ငှက်အားလုံးကို လှောင်အိမ်ကြီးထဲမှာစုထည့်ထားတာမျိုးမဟုတ်ဘူး။ ဝါးခြင်းလေးတွေထဲမှာ တစ်ကောင်၊ နှစ်ကောင် ဆိုပြီးထည့်ရောင်းတာ။ ဘယ်လိုပဲထားထား ဝယ် မယ့်သူမရှိမခြင်း လှောင်အိမ်ထဲမှာ အကျဉ်းချခံနေရတဲ့ ငှက်လေးတွေဘဝက မလွယ်ဘူး။ သူတို့ ကို သနားလို့ ဝယ်လွှတ်ရင်လည်း နောက်ထပ် ငှက်လေးတွေဖမ်းပြီးရောင်းဖို့ အားပေးသလို ဖြစ် နေပြန်ရော။ ဒါဟာ ဘေးမဲ့လွှတ်ဖို့ ငှက်ရောင်းတာကိုတွေ့တိုင်း ဖြစ်ရတဲ့ ခံစားချက်ပဲ။
ရင်ပြင်ထဲက သစ်ပင်ကြီးတွေအောက်မှာ နန်းတော်ဟောင်း ဘက် ကို ကြည့်နိုင်ဖို့ ခုံတွေလုပ်ပေးထားတယ်။ ခရီးသွားတွေအတွက် အိမ်သာရှိတယ်။ အဲဒီ ရင်ပြင် မှာ ပဲ နိုင်ငံခြားသားဧည့်သည်တွေအတွက် တိတ်တိတ်ဆိတ်ဆိတ်ဘုရားဖူးဖို့၊ သံဃာတော်များကို လေးစားမှုပြဖို့၊ သင့်တော်တဲ့ဝတ်စားဆင်ယင်မှုရှိဖို့ တိုက်တွန်းတဲ့ ဆိုင်းဘုတ်ရှိတယ်။
ကျွန်တော်ရောက်ခဲ့တဲ့ ထိုင်း လာအို နဲ့သီရိလင်္ကာက ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ တိတ်ဆိတ် မှုကို အလေးထားဖို့ တိုက်တွန်းတဲ့ ဆိုင်းဘုတ်တွေတွေ့ရတယ်။ အဲဒီနေရာတွေမှာ အသံချဲ့စက် နဲ့ တရားခွေတွေဖွင့်တာ၊ အလှုခံတာမတွေ့ရဘူး။ ကျွန်တော်တို့ဆီက ဂေါပက အဖွဲ့များ နမူနာ ယူသင့်တဲ့ အပြုအမူပါပဲ။ မြန်မာနိုင်ငံမှာတော့ ဘုရားဖူးတဲ့အခါ ရင်ပြင်တော်မှာ ဆည်းလည်းသံ တွေပဲ ကြားရတဲ့ တိတ်ဆိတ်ငြိမ် သက်မှုကို ခံစားရဖို့ အတော်ခက်သွားပြီ။ အသံချဲ့စက်သံ ကျယ်မှ တန်ခိုးကြီးတဲ့ဘုရားလို့ ဂေါပကတွေက ထင်နေပုံရတယ်။
ကျွန်တော်တို့တက်တဲ့ဘက် အခြမ်းက တောင်ထိပ်အထိ လှေကားထစ် ၃၂၈ ထစ်ရှိတယ်။ တစ်ဘက်ခြမ်းကတက်တဲ့လမ်းက ၃၅၅ ထစ် ရှိတယ်လို့ဆိုတယ်။ ဒီလှေကားထစ်တွေက ၁၉ ၃၆ ခုနှစ် နဲ့ ၁၉ ၃၇ နှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တောင်တက်လှေကားတွေကို နောက်ထပ် ပြုပြင်ထားတာမရှိဘူး။ လှေကားတစ်လေ ျှာက်မှာ အော်ဟစ်ပြီး ဈေးရောင်းမယ့်သူ၊ လက်ဆွဲတော့မလို အလှုခံတဲ့သူမရှိဘူး။ ဘုရားဒကာအသစ်တွေရဲ့ ရှေးဟောင်းဖျက်ပြီး အသစ်ပြင် တာကို ဂုဏ်ဖော်ထားတဲ့ မှတ်တမ်းတွေမရှိဘူး။
လှေကားထစ်တွေ ဘယ်ညာမှာ အရွက်တွေကြွေပြီး အရိုးပြိုင်းပြိုင်းဖြစ်နေတဲ့ သစ်ပင်ကြီးတွေရှိတယ်။ လှေကားထစ်တွေကို နင်းရင်း၊ သစ်ပင် အိုကြီးတွေကို ကြည့်ရင်း စေတီ တော်ဆီကို တစ်လှမ်းချင်းလှမ်းတက်တဲ့အခါ လာအိုဘုရင်အဆက်ဆက် မင်းခမ်းမင်းနားနဲ့ ဒီလှေကားထစ်တွေကို နင်းတက်ပြီး ဘုရားဖူးခဲ့မှာပဲလို့ တွေးမိတယ်။ အဲဒီအချိန် ကတော့ တော်ဝင်စေတီဖြစ်တဲ့အတွက် လူတိုင်း ဖူးခွင့်ရချင်မှ ရမှာ။ အခုတော့ ဘုရင်စနစ်လည်းပျက်သုဉ်း၊ နန်းတော်လည်း ပြတိုက်ဖြစ်၊ ဘုရင်တွေရဲ့ နန်းဦးစေတီလို့ပြောလို့ရတဲ့ ဒီစေတီဟာလည်း ခရီးသွားတွေ နေဝင်ဆည်းဆာကို ခံစားဖို့၊ မြို့ရှုခင်းကို ကြည့်ဖို့ နေရာဖြစ်နေပြီ။ အာဏာတွေ၊ ကြီးကျယ်ခမ်းနားမှုတွေဟာ ရေပွက် ပမာ ဆိုတဲ့ သက်သေပဲ။
တောင်တက်လမ်းတစ်ဝက်မှာ ဗောဓိညောင်ပင်ကြီးရှိတယ်။ ၁၉ ၅၇ ခုနှစ်မှာ အိန္ဒိယ အစိုးရ က လှုဒါန်းတဲ့ ညောင်ပင်ကို စိုက်ပျိုးထားတဲ့အကြောင်း မှတ်တမ်းရေးထားတယ်။ တောင်ပေါ် စေတီက ကျောက်တုံးကြီးတစ်ခုပေါ်မှတည်ထားတယ်။ မြန်မာနိုင်ငံက စေတီတွေ နဲ့ တော့ ပုံစံမတူဘူး။ စေတီရဲ့ထီးတော်က ဘုံအဆင့်ခုနှစ်ဆင့်ရှိတယ်။ စေတီကို ရွှေချထား တယ်။ စေတီတည်ထားတဲ့ကျောက်ဆောင်ကြီးဘေးမှာ ဘုရားကျောင်းဆောင်တစ်ခုရှိတယ်။ ကျောင်း ဆောင်ထဲမှာ ထိုင်တော်မူ ရုပ်ပွားတော်ကြီးတစ်ဆူနဲ့ အခြားရုပ်ပွားတော်တွေရှိတယ်။ ထူးထူး ခြားခြားပြုပြင်မွမ်းမံထားတာမရှိဘူး။ စေတီတည်ထားတဲ့ကျောက်တုံးကြီးတစ်ဖက် ကျောက်ကြားနေရာတစ်ခုကို မုခ်ဦးနဲ့ မွမ်းမံထားတာတွေ့တယ်။ ဖယောင်းတိုင်နဲ့ မီးပူဇော် ထား လို့ကျန်ခဲ့တဲ့ဖယောင်းတွေလည်းတွေ့တယ်။ ဘာအတွက် ပူဇော်ထားတာလဲဆိုတာမသိရ ဘူး။
စေတီအခြေ Thanon Phousi ဘက်ကို ဆင်းတဲ့လမ်းမှာ အဆောက်အဦးတစ်ခုရှိတယ်။ ရှေး ယခင်က စည်တော်ထားတဲ့နေရာလို့ပြောတယ်။ အဲဒီအချိန်က ဒီစည်တော်က မြို့တော်အတွက် ဗဟိုရ်စည်ဖြစ်သလို ရန်သူလာရင်၊ ရေကြီးရင်၊မီးလောင်ရင် အချက်ပေးတဲ့ စည်တော်လည်း ဖြစ် တယ်။ ဒီဘုရားတောင်ကုန်းက လွန်ပရာဘန်မြို့ဟောင်းရဲ့ အမြင့်ဆုံးနေရာဖြစ်သလို ကို ပတ်ဝိုင်း ထားတဲ့ မဲခေါင်မြစ် ဘက်ကိုရော၊ ခန်မြစ်ဘက် ကို ပါ အပေါ်စီးကနေ မြင်ရတဲ့နေရာဖြစ်တဲ့အတွက် အချက်အခြာ ကင်းတောင်ကုန်းဖြစ်နေတာပေါ့။ ဒီတောင်ကုန်း ပေါ် က စည်တော်ကြီးအကြောင်းကြားရတော့ ဗိဿနိုးမြို့ ၊ ပန်ထွာဘုရင်မ၊ ရန်ပယ်ချောင်း နဲ့ သိကြား မင်းဆက်တဲ့ စည်တော်ကြီး ဆိုတဲ့ ဇာတ်လမ်းတွေကို သတိရမိတယ်။
ဘုရားရင်ပြင်တော်က နေရာကျဉ်းတယ်။ ဓာတ်ပုံရိုက်ဖို့ ရှုခင်းကောင်းတဲ့နေရာဆိုပေမယ့် ပတ် ဝန်း ကျင်အလှအပ ကို ခံစားဖို့ထက် ကိုယ့်ပုံကိုယ်ရိုက်တဲ့သူက ပိုများနေတာလည်းတွေ့ခဲ့ ရ တယ်။ အနောက်နိုင်ငံသားခရီးသည်တစ်ယောက်ကတော့ မဲခေါင်မြစ်ဘက်အခြမ်းကို လှမ်း မြင်ရ တဲ့ ထိုင်ခုံလေးမှာထိုင်ငေးနေတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဘယ်နေရာရောက်ရောက် “ကိုယ့် ပုံ ကိုယ်ရိုက် ၊ ငါဇာတ်လိုက် ကွ” ဆိုတဲ့သူတွေရောက်လာတော့ ထပြေးသွားရတယ်။ သဘာ၀ ရှုခင်း ကို ငေး၊ တွေး ၊ ဆွေး လိုသူနဲ့ ရှုခင်းနောက်ခံထား ဓာတ်ပုံရိုက်ဖို့ပဲ စိတ်ဝင်စားသူတို့ တိုက်ပွဲ က တော့ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။
တောင်ပေါ်က ပြန်ဆင်းတော့ ဘုရင့် နန်းတော်ဟောင်း အခု အမျိုးသားပြတိုက်ဝင်းထဲ ကို သွား တယ်။ ပြတိုက်ဝင်း အဝင်ညာဘက်မှာ ဘုရားကျောင်းဆောင်တစ်ခုရှိတယ်။ အဲဒီထဲမှာ လာအို ဘုရင်အဆက်ဆက် ကိုးကွယ်ခဲ့တဲ့ Phra Bang ဆင်းတုတော်ရှိတယ်။ လာအိုနိုင်ငံမှာ တန်ခိုး အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်လို့ဆိုတယ်။ လွန်ပရာဘန်မြို့တော်က ဒီရုပ်ပွားတော်ကို အစွဲပြုပြီး ခေါ် တာလို့ သိရတယ်။ အဲဒီကျောင်းဆောင်ထဲမှာ ဓာတ်ပုံရိုက်ခွင့်မပြုဘူး။
ဒဏ္ဍာရီအလိုကတော့ ဒီရုပ်ပွားတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်က သီရိလင်္ကာမှာ သွန်း လုပ် တယ်လို့ဆိုတယ်။ ပညာရှင်တွေကတော့ ဒါဟာ ၁၄ ရာစုနှစ် လက်ရာလို့ သတ်မှတ်တယ်။ မှတ်တမ်းများအရတော့ ၁၃၅၃ ခုနှစ်မှာ ခမာ ဘုရင်က လာအို ဘုရင် ကို လက်ဆောင်ပေးတယ် လို့ဆိုတယ်။ ဒါ့ကြောင့် ၁၄ ရာစုနှစ်လက်ရာဆိုတာက ပိုမှန်ဖို့များပါတယ်။ ဒီရုပ်ပွားတော်ကို ထိုင်း တွေက နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပင့်ဆောင်သွားခဲ့ပြီး ၁၈၆၇ ခုနှစ်ကျတော့ လာအို ဘုရင်ကို ပြန်ပြီးပေးအပ်ခဲ့တယ်။
ရုပ်ပွားတော် ကိန်းဝပ်နေတဲ့ ဘုရားကျောင်းဆောင်က ရှေးလက်ရာမဟုတ်ဘူး။ ၁၉ ၆၃ မှာ တည် ဆောက်တယ်။ မပြီးခင်မှာ ပသက်လောတွေ အာဏာရလာတော့ ရပ်ထားလိုက်ရ တယ်။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေကျမှ ပြန်ဆောက်ခွင့်ပေးပြီး ၂၀၀၆ ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါ တယ်။ ဒါပေမယ့် ပန်းပုလက်ရာတွေက လာအိုရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေ အတိုင်း ဖြစ် တဲ့အတွက် အတော်ကောင်းပါတယ်။ ကျောင်းဆောင်မျက်နှာစာမှာ ဗုဒ္ဓဖြစ်စဉ်တော်တွေထဲက ဖွား၊ ပွင့်၊ ဟော ၊ စံ ဖြစ်စဉ်တွေကို ထုလုပ်ထားပါတယ်။ အတွင်းက လက်ရာတွေကိုတော့ ဓာတ်ပုံရိုက် လို့မရဘူး။
ဘုရင့်နန်းတော်ကလည်း ၁၉ ၀၄ ခုနှစ်ကနေ ၁၉ ၀၉ ခုနှစ်အထိကာလမှာ အသစ်ပြန်တည် ဆောက်ခဲ့တာပါ။ မူလ ကျွန်းသားနန်းတော်က ၁၈၈၇ ခုနှစ်မှာ တရုတ်စစ်သွေးကြွ အုပ်စု ဖြစ် တဲ့ အလံနက်တပ်ဖွဲ့ (Black Flag ) တွေ လွန်ပရာဘန်မြို့ကို ဝင်တိုက်တဲ့အချိန်မှာ မီးရှို့ဖျက်ဆီး ခံ လိုက်ရတယ်။ အဲဒီတိုက်ခိုက်မှုနောက်ပိုင်းမှာ လာအိုနိုင်ငံက ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ ဖြစ် ခဲ့တယ်။ ပြင်သစ်လွှမ်းမိုးမှုအောက်မှာ တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် နန်းတော်က လာအို နဲ့ ပြင်သစ်လက်ရာနှစ်ခု ပေါင်းစပ်ထားတဲ့လက်ရာဖြစ်နေတယ်။ ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်လို့မရ ဘူး။ ကျွန်တော်ကတော့ အချိန်ကန့်သတ်ချက်ရှိတဲ့အတွက် အထဲကို ဝင်မကြည့်ခဲ့ရဘူး။ ဒီပြ တိုက်မျိုးဆိုတာ အနည်းဆုံးတစ်ရက်လောက်အချိန်ယူပြီ လေ့လာသင့်တဲ့နေရာပါ။

One thought on “မဲခေါင်ခရီးသည် (၁၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: