ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်မှာ လွန်ပရာဘန်ကနေ ဗန်ဗီယင်း(Vang Vieng) ကို ခရီးဆက်ခဲ့ တယ်။ လွန်ပရာဘန်ကနေ ဗန်ဗီယင်းကို သွားတဲ့လမ်းနှစ်လမ်းရှိတယ်။ လမ်းဟောင်းက ၂၃၀ ကီလို မီတာဝေးတယ်။ လမ်းသစ်က ၁၈၅ ကီလိုမီတာဝေးတယ်။ လမ်းဟောင်းက သွားရင် ငါးနာရီ လောက် ကြာတယ်။ လမ်းသစ်က သုံးနာရီခွဲလောက်ပဲမောင်းရတယ်။ လမ်းဟောင်းက အမှတ် ၁၃ လမ်းမကြီးဖြစ်ပြီး လမ်းသစ်ကတော့ အမှတ် ၄ လမ်းမကြီးဖြစ်ပါတယ်။
လမ်းသစ်က ဖွင့်တာ နှစ်နှစ်လောက်ပဲရှိသေးတယ်။ အတက်အဆင်းကြမ်းတယ်။ ဒါ့ကြောင့် ခရီး သည်တင်ဘတ်စ်ကားတွေသွားလို့မရဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့ခရီးသည်တွေက မီနီ ဗင်လေးတွေ ငှားသွားရတယ်။ မီနီဗင်တွေက ၁၂ ယောက်ပြည့်မှ ထွက်တယ်။ တစ်ယောက်ကို လာအို ငွေ ကစ် တစ်သိန်းနှစ်သောင်း၊ မြန်မာငွေနဲ့ဆို နှစ်သောင်းလောက်ပေးရတယ်။
လွန်ပရာဘန်က ထွက်တော့ တစ်ချို့ကားတွေ ဆီဖြည့်ဖို့လိုလာတယ်။ ဒီတော့မှ ကျွန်တော် တို့ မေ ျှာ်လင့်မထားတဲ့အခက်အခဲတစ်ခုတွေ့တယ်။ လာအိုဆီဆိုင်တွေက အော့တိန်း ၉ ၅ ဆီ မရောင်းဘူး။ ၉ ၂ ပဲရောင်းတယ်။ ထိုင်း PTT ဆိုင် တွေမှာပဲရတယ်။ PTT ဆိုင်တွေကို ထိုင်းလို Por Tor Thor လို့ခေါ်တယ်။ ကျွန်တော့်နားထဲမှာတော့“ ပေါတောတော” လို့ပဲ ကြားနေမိ တယ်။ ခရီးတစ်လေ ျှာက်လုံးမှာ ဆီထည့်မယ်ဆိုရင် “ပေါတောတော” ပဲ အားကိုးခဲ့ရတာ ှ အယုဒ္ဓယ ဘက်ရောက်မှ ရှဲလ်ဆီဆိုင်တွေကို တွေ့တော့တယ်။
ဒါပေမယ့် ဒီဆိုင်တွေက လာအို တစ်နိုင်ငံလုံးမှာ ၁၂ ဆိုင်လောက်ပဲရှိတယ်။ အခု ခရီးစဉ်မှာ အနီးဆုံး PTT ဆီဆိုင်က ကီလို ၁၂၀ လောက်ဝေးသေးတယ်။ ဒါ့ကြောင့်လာအိုဆိုင်မှာပဲ နည်းနည်းထပ်ဖြည့်တယ်။ ၉ ၅ ကားတွေဖြစ်လို့ ၉ ၂ ထည့်ရတာ စိတ်မသက်မသာဖြစ်ပေ မယ့် မြန်မာနိုင်ငံက ၉ ၅ ဆိုတာလည်း ဆိုင်းဘုတ်ကသာ ၉ ၅ ဖြစ်နေတာ အရည်အသွေးက ၉ ၅ ဖြစ်ချင်မှ ဖြစ်မှာပါလို့ပဲ တွေးမိတယ်။ စွမ်းအင်ဝန်ကြီးဌာနနဲ့ လုပ်ငန်းဆက်စပ်ခဲ့ သူတစ်ယောက်ကို မြန်မာနိုင်ငံက ၉ ၅ ဆီတွေက အရည်အသွေး ပြည့်ကြောင်း အာမခံလား လို့ မေးမိတော့ ပြုံးပြုံးကြီးလုပ်နေလေရဲ့။
လွန်ပရာဘန်ကနေ မိနစ် ၂၀ လောက်မောင်းတော့ လမ်းမကြီးပေါ်ရောက်တယ်။ အဲဒီမှာ ဆီ ဖြည့်တစ်နာရီလောက်မောင်းပြီးတဲ့အခါ တောင်တက်ခရီးမစခင် ခဏနားတယ်။ လမ်းပြ က ဟိုး အဝေးမှာ လှမ်းမြင်နေရတဲ့တောင်ချွန်းကြီးကို လှမ်းပြပြီး အဲဒီတောင်ကြားက ဖြတ်သွားရမှာ လို့ ပြောတယ်။ တောင်တက်လမ်းအစပိုင်းက ကျောက်တောင်ကြီးတွေ၊ တောင်ယာခင်းတွေ၊ လ ျှိုတွေကြားက လယ်ကွင်းလေးတွေနဲ့ ပျဉ်းမနား – ပင်လောင်းလမ်းရှုခင်းနဲ့တူတယ်။
တောင်တက်လမ်းက ကားနှစ်စီးကောင်းကောင်းမောင်းနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ သုံး စီး အထိသွားနိုင်တယ်။ အတက်၊အဆင်းကတော့ ၁၂% အထိ မတ်စောက်တဲ့နေရာတွေရှိတယ်။ ကီလို ၄၀ ထက်ပိုမမောင်းဖို့ သတိပေးဆိုင်းဘုတ်တွေထောင်ထားတယ်။ ဒါ့ ကြောင့်လည်း ဘတ်စ်ကားတွေမသွားတာဖြစ်မယ်။ ကားအသွားအလာလည်းနည်းတယ်။
လမ်း ဘေးမြောင်းတွေကောင်းကောင်းမရှိဘူး။ ဒါ့ကြောင့် တစ်ချို့နေရာတွေမှာ ရေတိုက်စားပြီး ကတ္တရာလမ်းသားပျောက်နေတယ်။ ဒါပေမယ့် အဲဒါတွေက ပေ ငါးဆယ်၊ တစ်ရာလောက် အပိုင်း လေးတွေပါ။ လမ်း ၉ ဝ%က ကတ္တရာလမ်းသားကောင်းတယ်လို့ပြောလို့ရတယ်။
တောင်တက်လမ်းအတိုင်း ကီလို မီတာ ၂၀ လောက် မောင်းပြီးတဲ့အခါ တောင်ပေါ်လွင်ပြင်တစ်ခု ထဲကိုရောက်တယ်။ အဲဒီနေရာမှာ ဗန်ဗီယင်း ဘက်က လာတဲ့ အစိုးရယာဉ်တန်းတစ်ခုနဲ့ တွေ့တယ်။ လာအိုမှာ နံပါတ်ပြား အဝါ ဆိုရင် ပုဂ္ဂလိကပိုင်ယာဉ်၊ အပြာ ဆိုရင် ဌာန ဆိုင်ရာယာဉ် နဲ့အနီ ဆို ရင် တပ်မတော်ပိုင်ယာဉ်ဆိုပြီးခွဲထားတယ်။ ဒါ့အပြင် နံပါတ်ပြား အဖြူတွေလည်းရှိတယ်။ ရုတ်တရက်ဆိုရင် ထိုင်း နံပါတ်ပြားလိုပဲ။ ဒါပေမယ့် အဲဒါတွေက အရစ်ကျစနစ်နဲ့ ဝယ်ထားတဲ့ ယာဉ်တွေ၊ ဘဏ်ကြွေးမကျေသေးရင် ယာယီသဘောနဲ့ နံပါတ်အဖြူထုတ်ပေးထားတာဖြစ်ပါ တယ်။
တောင်ပေါ်လွင်ပြင်မှ စီမံကိန်းကြီးတစ်ခုလုပ်နေပုံရတယ်။ လမ်းဘေးဝဲယာမှာ ကွန်ကရစ်တိုင်တွေ နဲ့ သံဆူးကြိုးကာထားတယ်။ အဝေးတောင်ခြေဘက်မှာ ကွန်ကရစ်အဆောက်အဦကြီး တစ်ခု ဆောက်နေတာကို လှမ်းမြင်ရတယ်။ လမ်းပေါ်မှာ ကင်းလှည့်တာလား၊ တာဝန်ကနေ ပြန် လာတာလားမသိနိုင်တဲ့ လာအိုစစ်သားသုံးယောက်တွေ့တယ်။ တစ်ယောက်က ပြောက်ကျား ဝတ်စုံနဲ့၊ နှစ်ယောက်က သံလွင်စိမ်းနဲ့။ အေကေ ၄၇ ပုံစံ သေနတ်တွေလွယ်ထားတယ်။ နောက် တစ်နေရာမှာတော့ စစ်သားတွေ စောင့်နေတဲ့ ဘန်ကာတစ်ခုတွေ့တယ်။
လွင်ပြင်ဆုံးတော့ တောင်တက်ခရီးပြန်စတယ်။ ရာသီဥတုက ချက်ခြင်းအေးလာတယ်။ ငါးကီလို မီ တာလောက်မောင်းလိုက်တော့ မိုးနှင်းတွေ ကျလာတယ်။ ကားတွေမီးဖွင့်မောင်းရတယ်။ အော် တို ဂီယာကနေ မန်နူရယ်ကို ပြောင်းရတယ်။ ကားရှေ့ကို ၂၅ ကိုက်လောက်ပဲမြင်ရတော့တယ်။ ကား အမြန်နှုန်းကလည်း တစ်နာရီ ၁၀/ ၁၅ ကီလိုလောက်အထိ နှေးသွားတယ်။ မျက်နှာချင်းဆိုင်က ကားနှစ်စီးလာတာတွေ့ရတယ်။ ခရီးသည်တင်ဗင်ကားတွေ။
တောင်ပေါ်ကားလမ်းမှာ မိုးနှင်းတွေဝေနေတာကို မြင်တော့ ကော့ ကရိတ်-မြဝတီ ကားလမ်းဟောင်းက ချောက်ကမ်းပါး စခန်းကို သတိရမိတယ်။ အဲဒီစခန်းကလည်း မိုးတွင်းဆိုရင် အခုလို မြူတွေဆိုင်းလို့၊ စခန်းထဲက စစ်သည်တွေကတော့ သဘာဝအလှကို ခံစားဖို့ထက် မြူတွေကြားက ဝေေ၀ဝါးဝါးလှမ်းမြင်နေရတဲ့တောင်ကုန်းတွေမှာ ရန်သူတွေ များ ရှိနေမလား လို့ တွေးပူနေခဲ့ကြတယ်။ အဲဒီအချိန်ကတော့ လွမ်းဖို့ ၊ ဆွေးဖို့ထက် မြင်ကွင်းမကောင်းရင် ရန်သူအတွက် အခွင့်အရေးပိုကောင်းတယ်ဆိုပြီး စိုးရိမ်စိတ်တွေများခဲ့ရတဲ့အချိန်ပေါ့။
မြင်ကွင်းမကောင်းပေမယ့် လမ်းက အတက်အဆင်း မရှိတော့ပဲ တောင်ကြောအတိုင်းမောင်းရတာ ဖြစ်လို့ နည်းနည်းကံကောင်းတယ်။ ခဏနေတော့ မြင်ကွင်းက ပိုဆိုးလာတယ်။ ဆယ်ကိုက် လောက်ပဲ မြင်ရတော့တယ်။ ဒါပေမယ့် ရှေ့ပြေးကားက ဘယ်ဘက်ကို ချိုးဝင်လိုက်တယ်။ ဒါဟာ ရှုခင်းသာနေရာပဲ။ အမြင့်ပေကို ကြည့်လိုက်တော့ ၁၅၁၇ မီတာတဲ့။ ဒီနေရာမှာ ဝက်သားကင်၊ ကောက်ညှင်း နဲ့ အသီးအနှံတွေရောင်းတဲ့ဆိုင်လေးတွေရှိတယ်။ ခရီးသွားတွေအတွက် အိမ်သာ ရှိတယ်။ ထိုင်းငွေနဲ့ ငါးဘတ်ပေးရတယ်။ တောင်ပေါ်ရေထွက်ကနေ ပိုက်နဲ့သွယ်ထားတဲ့ ရေတိုင် တစ်ခုကို စားသောက်ဆိုင်တန်းအနောက်ဘက်မှာတွေ့ရတယ်။
ကားပေါ်က ဆင်းလိုက်တော့ မိုးနှင်းတွေကြားကို ရောက်သွားတယ်။ မျက်နှာကိုလာတိုးတဲ့ လေ က အေးစိမ့်နေတယ်။ အပေါ်က စီးမိုးနေတဲ့ တောင်ထိပ်ကိုလည်းမမြင်ရဘူး။ တောင်ကြားချိုင့်ဝှမ်း ကိုလည်း မမြင်ရဘူး။ ဘာကိုမှ မမြင်ရဘူး။ ဘယ်နေရာကြည့်ကြည့် မိုးနှင်းတွေပဲ၊ မိုးလား၊ တိမ်လား၊ မြူလား။ “ တိမ်လို လွင့်မျောလိုက်၊ တိမ်လို နိမ့်ဆင်းလိုက်” အငဲသီချင်းတစ်ပိုင်းတစ်စ ရင်ထဲရောက်လာတယ်။
ခပ်လှမ်းလှမ်းက တဲလေးမှာ လူသုံးယောက်ထိုင်ပြီး တောင်ကြားချိုင့်ဝှမ်းဘက်ကို ငေးကြည့်နေ တယ်။ ဆိုင်ကယ်နှစ်စီးရပ်ထားတယ်။ ဆိုင်ကယ်အကြီးစားတွေမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ အသုံးများတဲ့ ဆိုင်ကယ်အသေးလေးတွေပဲ။ ဒီလိုတောင်ပေါ်ခရီးကို ဒီဆိုင်ကယ်တွေနဲ့ ခရီး ထွက် လာသူတွေက ဘယ်သူတွေလဲ။
အနားရောက်တော့ ဥရောပတိုက်သားအမျိုးသား နှစ်ယောက်၊ ဒေသခံလို့ထင်ရသူတစ်ယောက်။ ဒေသခံ က ဖုန်းကိုကြည့်နေတယ်။ နိုင်ငံခြားသားနှစ်ယောက်ကတော့ မိုးနှင်းတွေကြားကို ငေးကြည့်နေတယ်။ လက်ထဲမှာ ခွက်တစ်ခွက်စီနဲ့။ ကော်ဖီပူပူလား၊ သူရာရည်လား မသိနိုင်ဘူး။ သီချင်းတိုးတိုးလေး ဖွင့်ထားတယ်။ သီချင်းသံကို ကြားဖူးတယ်။ White Lion ရဲ့ “Till Death Do Us Part”
ဘဝတစ်လေ ျှာက်လုံး
သေကွဲမကွဲခင်အထိ
မင်းအနားမှာငါရှိမှာxx
မိုးလင်းနိုးထတိုင်း
ငါ့လက်မောင်းပေါ်မှာ အိပ်နေတဲ့မင်းကို တွေ့လိုက်တဲ့အခါ
အိပ်မက်များလားလို့ တွေးမိခဲ့
မင်းမျက်လုံးတွေကို မြင်လိုက်တိုင်း
တကယ်ဟုတ်ရဲ့လားလို့ မေးမိခဲ့ xx
အဆိုး အကောင်းတွေ
ဘယ်လိုကြုံရ ကြုံရ မင်းအနားမှာ
အမြဲတမ်းရှိမှာ xx
ဟေမန်ဆောင်းညများမှာ
နှင်းတွေကျတဲ့အခါ
နွေးထွေးအောင် ထွေးပွေ့ထားမှာ
ဘဝတစ်လေ ျှာက်လုံး
သေကွဲမကွဲခင်အထိ
မင်းအနားမှာငါရှိမှာxx
xx
မိုးမှုန်တွေကြား သီချင်းသံတိုးတိုးလေးနဲ့ စကားမပြောဘဲ ထိုင်နေတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရင်း လောကကြီးက တိတ်ဆိတ်သွားတယ်။ ဟိုးခပ်လှမ်းလှမ်းက ခရီးသွားဖော်တွေရဲ့ အသံ တွေ ကို မကြားတော့ဘူး။ သီချင်းသံရယ်၊ လေတိုးသံရယ်၊ မျက်နှာကို လာနမ်းနေတဲ့ မိုးမှုန် တွေရယ်၊ ကိုယ့်အတွေးတွေရယ်ပဲကျန်တော့တယ်။
ဘယ်လောက်ကြာအောင် ရပ်နေမိလဲမသိဘူး။ လမ်းညွှန်ထိုင်းအမျိုးသားလေးလိုက်လာပြီး ကျွန်တော်တို့အဖွဲ့တွေ ကော်ဖီသောက်နေကြပြီလို့ လာခေါ်တယ်။ ဓာတ်ပုံတွေရိုက်ကြမယ်၊ ကော်ဖီသောက်မယ်၊ ပြီးရင်ခရီးဆက်ထွက်မယ်။ ဒါပါပဲ။
တကယ်တော့ ဒီလိုအချိန်၊ ဒီလိုနေရာမှာ အအေးဒဏ်ကိုခံနိုင်မယ့် ဝက်သားကင်၊ ကောက်ညှင်း ၊ အရက် တစ်ခွက်နဲ့ ထိုင်တွေး၊ ထိုင်ငေးနေရမှာ။ နည်းနည်းများသွားရင် ကားထဲမှာ တစ်ရေးအိပ်ပြီးမှ ခရီးဆက်ပေါ့။ ဒါမှမဟုတ် နေထွက်လာပြီး တောင်ကြားချိုင့်ဝှမ်းအလှတွေ တစ်ဖြေးဖြေးပေါ်ထွက်လာတာကို စောင့်ကြည့်ပြီးမှ ခရီးဆက်ပေါ့။ ဒါမှမဟုတ်ရင်လည်း ဒီနေရာမှာပဲ တောစခန်းချသလို တစ်ညလောက်အိပ်။ နေဝင်ချိန်၊ အရုဏ်တက်ချိန်တွေကို ခံစား။
အခုလို ဘယ်အချိန်ထွက်၊ ဘယ်အချိန်ရောက်၊ ဘယ်ဟာကို ကြည့်ဆိုသလို အချိန်ဇယားတွေနဲ့ ခရီးသွားရတာဟာ ခရီးသွားခြင်းအစစ် မဟုတ်ဘူး။ ဒါဟာ လှည့်လည်ကြည့်ရှုခြင်းပဲ။ နေရာတစ်ခု ကိုရောက်ခဲ့ ဖူးတယ်ဆိုတာထက် မပိုဘူး။ စိတ်ရဲ့စေရာအတိုင်း၊ လူတွေထဲမှာ သဘာဝထဲမှာ နစ်မျောပြီး ခရီးသွားရတာကသာ စစ်မှန် သောခရီးသွားလာခြင်းပါ။
ဒါပေမယ့် ခရီးသွားအေဂျင်စီ အစီအစဉ်နဲ့ သွားရင်တော့ အရာရာ အဆင်ပြေပေမယ့် အဲဒီလို လွတ်လပ်မှုမျိုးရဖို့ခက်တယ်။ ဘ၀ မှာ အဆင်ပြေတယ်ဆိုတိုင်း အပြည့်အ၀ ပျော်ရွှင်ရတော့ မဟုတ်ဘူး။
ခရီးသည် နှစ်ယောက် ကတော့ မိုးနှင်းတွေကြားမှာ ထိုင်နေတုန်းပဲ။ ရွေးချယ်စရာ မရှိသူကတော့ မိုးနှင်းမြူတွေကြားမှာ နေချင်သေးပေမယ့် ခရီးဆက်ခဲ့ရတယ်။ ဒါပေမယ့် ကိုယ့်စိတ်အတိုင်း တောင်ထိပ်ပေါ်ကနေ မိုးနှင်းတွေကြားကို ငေးကြည့်နိုင်မယ့် အချိန်ရောက်လာ ဦးမှာပါ။