ကိုရိုနာဗိုင်းရပ်စ် ဒါမှမဟုတ် ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ရင် နိုင်ငံတော်အစိုးရရဲ့ထုတ်ပြန်ချက်တွေ၊ နိုင်ငံတော်အကြီးအကဲတွေ နဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ ပြောကြားချက်တွေကို အလေးထား လေ့လာမှတ်သားခဲ့တယ်။
အဲဒီလို မှတ်သားတဲ့အခါ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ လှိုင်းဘွဲ့မြို့နယ်၊ အောင်ဆန်းခန်းမ ဒေသခံပြည်သူများနှင့် တွေ့ဆုံချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု လို ပြောကြားခဲ့တာကိုဖတ်ရတယ်။
“ ဝူဟန်မှာရှိနေတဲ့ ကျွန်မတို့ရဲ့ လူငယ်နိုင်ငံသား တွေကို ပြန်ပြီးခေါ်တဲ့ အထဲမှာ ကျွန်မတို့က ပထမဦးဆုံးပါ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံသားတွေကို တတ်နိုင်သမျှစောင့်ရှောက်မယ်ဆိုပြီး ပထမဦးဆုံး စီစဉ်ပြီး ပြန်ခေါ်တဲ့နိုင်ငံ ဖြစ်ပါတယ်။”
ဒီစာသားက အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဖေ့စ်ဘွတ်စာမျက်နှာမှာ အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာ နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ပုံ ၁ နဲ့ ၂
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း အဲဒီအတိုင်းပဲဖော်ပြထား ပါတယ်။ ပုံ ၃
မိန့်ခွန်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ် –
https://www.facebook.com/state.counsellor/posts/1854840001316874?xts__%5B0%5D=68.ARDXOxJgsfMIHOtdxBR-9EyJ1J-qrtInHDNsj2JG52POdRLKRfYEs2wAcJwKfdSzEomUqj8Djo_ItyCdPH_5AaQQsVRzxF6jj78eaht6PH2pHRSf93YeDJ1h0hR4WFFn6DgMOke6Je0f4MOwNKBDKExvdfMhC82ZQg3MS0RbSSot8IB8sDWY71-3SINSpKFJL4cS1Vtiky6V49uqEEJTLvPdHHWXhUXJjgHeZuUW4cfmOpeCBm37_0CQA3XHpMexhiYkftYw0yQa920QyVNhIryFu-Ry-Ex3ZxSH3Q8_mhPjEO7ZuTXjdUIYQ7wKjyCQGNlxjt5nOw_5mVzlhKwGgEbnwA&__tn=K-R
မြန်မာအစိုးရအနေနဲ့ ဝူဟန်ရောက်မြန်မာကျောင်းသားတွေကို အမြန်ဆုံးခေါ်ယူခဲ့တာဟာ ချီးကျူးရမယ့် လုပ်ဆောင်ချက်ပါပဲ။ ဒါပေမယ့် မြန်မာက ကမ္ဘာမှာ ပထမဆုံးပြန်ခေါ်တဲ့ နိုင်ငံဆိုတဲ့ အချက်က မှန်ရဲ့လားလို့ အတွေးဝင်မိတဲ့အတွက် လက်လှမ်းမီရာ သတင်းတွေကို ပြန်ရှာကြည့်တဲ့အခါ အခုလိုတွေ့ပါတယ်။
၁။ မြန်မာကျောင်းသားတွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ခေါ်ယူခဲ့ပြီး မန္တလေးကို ရောက်လာ တယ်။ ပုံ ၄
၂။ အမေရိကန်နိုင်ငံက ပြန်လည်ခေါ်ယူခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေဟာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြန်ရောက်တယ်။ ( လေယာဉ်ပျံသန်းချိန်နဲ့ဆိုရင် ၂၉ ရက်ထက် စောပြီးခေါ်တယ်လို့ ယူဆရပါတယ်။ ) ပုံ ၅
၃။ ပြင်သစ်နိုင်ငံကပြန်လည် ခေါ်ယူခဲ့တဲ့ ပြင်သစ်နိုင်ငံသား ၁၇၈ ဦးက ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ ပြန်လာတယ်။ ပုံ ၆
၄။ ဂျပန်နိုင်ငံက ပြန်လည်ခေါ်ယူခဲ့တဲ့ ဂျပန်နိုင်ငံသား ၂၀၆ ဦးက ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြန်ရောက်တယ်။ ပုံ ၇
ဒီသတင်းသုံးပုဒ်ကို ကြည့်တာနဲ့တင် ဝူဟန်ကနေ ကိုယ့်နိုင်ငံသားတွေကို ပြန်ခေါ်ခဲ့တာ မြန်မာက ပထမဆုံးနိုင်ငံမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဒီလို မမှန်တဲ့ သတင်းအချက်အလက်ကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာ ဘယ်သူက ထည့်ရေးပေးသလဲဆိုတာ စဉ်းစားစရာပဲ။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ ချက်သမ္မတနိုင်ငံ ချားလ်တက္ကသိုလ် ( Charles University) မှာ “ ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ ရသောစိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ဟောပြောပို့ချတဲ့အခါ
“ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျွန်မတို့ဟာ (အဝေးပြေး)လမ်းမကြီး (Highway) ကီလိုမီတာ တစ်သိန်းနီးပါးကို အဆင့်မြှင့်တင်နိုင်ခဲ့တယ်။ ” လို့ မှားပြောခဲ့ဖူးလို့ သက်ဆိုင်ရာဌာနတွေအနေနဲ့ အကြီးအကဲတွေကို အချက်အလက်မှန်တွေ ပြုစုပေးဖို့လိုအပ်ကြောင်း ရေးခဲ့ဖူးပါတယ်။
အခု ကိုရိုနာဗိုင်းရပ်စ် ကိစ္စဆိုတာလည်း နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒီလို ကိစ္စမျိုးမှာ သတင်းအချက်အလက်အမှားတစ်ခုကို အင်္ဂလိပ် – မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြထား တဲ့အတွက် နိုင်ငံတကာလေ့လာသူတွေများဖတ်မိရင် ဘယ်လို သုံးသပ်မလဲ။ သက်ဆိုင်သူများ စဉ်းစားနိုင်ဖို့ပါ။
ဗိုလ်ချုပ်ရွာဆိုပြီး အိမ်ကြီးအိမ်ကောင်းနေတဲ့အချိန်မှာပြည်သူတွေမှာမီးမရ ရေမရ ဆေး ဆိုတာဝေး ခု NLD အစိုးရလက်ထက်မှာအတိုင်းအတာတခုထိပြည်သူတွေအဆင်ပြေတယ်နှစ်သားအစိးရနဲနှစ် ၅၀အုပ်ချုပ်တာကွာတယ်
LikeLike