ဗီယန်ကျင်း မြို့လယ် မှာ အောင်မြင်ခြင်း မုခ်ဦး ဆိုတာရှိတယ်။ လာအိုလိုတော့ Patuxai လို့ ခေါ် ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့က အောင်မြင်ခြင်း မုခ်ဦး Arc de Triomphe ကို နမူနာယူတည် ဆောက်ထားတာလို့ဆိုပါတယ်။ ဒါပေမယ့် မုခ်ဦးတည်ဆောက်တဲ့အယူအဆ ကိုသာ နမူနာ ယူတာဖြစ်မယ်ထင်ပါ တယ်။ လက်ရာကတော့ လာအို ရိုးရာပုံစံပါပဲ။
ဒီအဆောက်အဦကို စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးနေတဲ့ ၁၉ ၆၂ ခုနှစ် မှာ စတင်တည်ဆောက်ခဲ့ တယ်။ တည်ဆောက်တဲ့ရည်ရွယ်ချက်ကတော့ ပြင်သစ်လက်အောက်က လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရာမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုဖို့အတွက် တည်ဆောက်ခဲ့တာဖြစ် တယ်။ ဒါ ပေမယ့် မူလ ဗိသုကာ ပုံစံအတိုင်း ပြီးအောင်မတည်ဆောက်နိုင်ပဲ ၁၉ ၆၈ ခုနှစ်မှာ ရပ်နားထား လိုက်ရတယ်။ ၁၉ ၇၅ ခုနှစ် မေလ ကွန်မြူနစ်ပသက်လောပါတီ အာဏာရလာတော့ ဘုရင် စနစ် ကို ဖျက်သိမ်းလိုက်တယ်။ ဒီမုခ်ဦးကိုလည်း ဆက်မဆောက်တော့ပဲ လက်ရှိအတိုင်းပဲထားလိုက် တယ်။ ဒါပေမယ့် ကွန်မြူနစ်တွေရဲ့ အောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်မြင်ခြင်း မုခ်ဦး လို့ နာ မည်ပေးခဲ့တယ်။
မုခ်ဦး အဝမှာ ဒီမုခ်ဦးကို ၁၉ ၆၂ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပေမယ့် နိုင်ငံတွင်း မငြိမ်သက်မှုတွေကြောင့် ပြီးအောင် မတည်ဆောက်နိုင်ခဲ့ဘူး။ အခုတော့ ပြည်သူတွေက အပန်းဖြေ နေရာ အဖြစ်သုံးနေပြီလို့ အင်္ဂလိပ်-လာအို နှစ်ဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ် ရှိတယ်။ ခန့်ခန့်ငြားငြားတော့မဟုတ်ဘူး။အပြာရောင်သံပြားပေါ်မှာ အဖြူရောင်ဆေးနဲ့ ရေး ထားတာပါ။ ဆေးရောင်တောင် နည်းနည်းပြယ်ချင်နေပါပြီ။
မုခ်ဦးက မျက်နှာလေးဘက်ဖွင့်ထားတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် တည့်တည့်တော့ မဟုတ်ဘူး။ အရှေ့မြောက် – အနောက်တောင် က မြို့ရဲ့ အဓိကလမ်းမကြီးကို မျက် နှာမူထားတယ်။ ဒီ မုခ်ဦး ပတ်ဝန်းကျင်မှာ ဝန်ကြီးချုပ်ရုံး၊ လွှတ်တော်နဲ့ သစ်တောရေးရာ ဝန်ကြီး ဌာန အပါအဝင် အစိုးရအဆောက်အဦတွေရှိတယ်။ သံရုံးတွေရှိတယ်။
မူလ ဒီဇိုင်းမှာတော့ မျက်နှာလေးဘက်မှာ ကြာပန်းရေကန်တွေပါတယ်လို့ဆိုတယ်၊ အခုတော့ မရှိဘူး။ အရှေ့ဘက်မှာ တရုတ်က လှုဒါန်းထားတဲ့ ရေပန်းတစ်ခုရှိတယ်။ ဆင်လေးကောင်ရံထားတဲ့ စေတီပုံ ရုပ်တုတစ်ခုရှိတယ်။ ဒီရုပ်တုကတော့ ထူးထူးဆန်းဆန်း တရုတ်နိုင်ငံလုပ်ကြွေပန်းကန်တွေနဲ့ တည်ဆောက်ထားတယ်။
မုခ်ဦးမှာ ထုဆစ်ထားတဲ့အရုပ်တွေ၊ ပန်းချီတွေက ဟိန္ဒူဘာသာရေးနဲ့ပိုပြီးဆက်နွယ်ပုံရတယ်။ မုခ်ဦးအတွင်းမှာ အပေါ်ကို တက်ဖို့ အတွက် လှေကားနှစ်စင်းရှိတယ်။ အတက်၊အဆင်းတစ်ခု စီ သုံးရတယ်။ အပေါ်တက်ဖို့အတွက် ဝင်ကြေးပေးရတယ်။ အတွင်းမှာ အထပ် ခုနှစ်ထပ် ရှိတယ်။ ခြောက်ထပ်အထိက ကွန်ကရစ်လှေကားနဲ့တက်ရတယ်။ လှေကားထစ်ပေါင်း ၁၄၈ ထစ်ရှိတယ်။ အဲဒီနေရာမှာ ရင်ပြင်လိုလုပ်ထားပြီးထောင့်လေးထောင့် မှာ လေးထောင့်ပုံ မုခ်လေးခုရှိတယ်။ အဲဒီနေရာကနေ ကြည့်ရင် ဗီယန်ကျင်းမြို့ မြင်ကွင်းကို ကောင်းကောင်း မြင်ရတယ်။ ခုနှစ်ထပ်နေရာကိုတော့ ကြောင်လိမ်လှေကားနဲ့တက်ရတယ်။ လှေကားထစ် နှစ်ဆယ့်နဲ့ ခြောက်ထစ်ရှိတယ်။ အဲဒီနေရာကတော့ မြင်ကွင်းမကောင်းဘူး။
ပြူတင်းပေါက် ကျဉ်းကျဉ်းလေးတွေပဲရှိတယ်။ သုံးထပ်၊လေးထပ်၊ ငါးထပ်နဲ့ ခြောက်ထပ်မှာ အမှတ်တရပစ္စည်းဆိုင်တွေရှိတယ်။ ဒါပေမယ့် ဈေးကြီးတယ်။
ခရီးသွားအများစုကတော့ မုခ်ဦးပေါ် မတက်ကြဘူး။ ပတ်ဝန်းကျင်မှာပဲ ဓာတ်ပုံရိုက်ကြတယ်။ အဲဒီ နေရာမှာ ဒေသခံ ဓာတ်ပုံသမားတွေအများကြီးပဲ။ ကိုယ့်အုပ်စု ဓာတ်ပုံရိုက်မယ်ဆိုတာနဲ့ သူတို့ ကလည်း အတင်းဝင်ရိုက်တယ်။ ပြီးရင်ချက်ခြင်း ပရင့်ထုတ်ပြီး ပိုက်ဆံတောင်းတယ်။ ဒါ့ကြောင့် သူတို့အနားကပ်လာတာနဲ့ မရိုက်နဲ့ဆိုပြီး အတင်းတားရတယ်။ ဒါတောင်အတင်းရိုက်ပြီး ပိုက်ဆံ တောင်းတာလည်းရှိတယ်။ သို့သော် မယူရင်လည်း ပြဿနာတော့ မလုပ်ပါဘူး။ လာအို ထဲမှာ ခရီးသွားခဲ့သမ ျှ ဒီတစ်နေရာပဲ စည်းကမ်းမရှိတဲ့ ဓာတ်ပုံသမားတွေနဲ့ ကြုံခဲ့ရတယ်။
ဒီမုခ်ဦးက ခေတ်သစ်လာအိုနိုင်ငံရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေကို ထင်ဟပ်နေတယ် လို့ ပြောလို့ရတယ်။ မုခ်ဦးက ပြင်သစ်နိုင်ငံက မုခ်ဦးကို နမူနာယူတယ်။ ဆောက်တဲ့အခါ ကျ တော့ အမေရိကန်ထောက်ပံ့ငွေနဲ့ဆောက်တယ်။ ဒါပေမယ့် အဲဒီငွေက ဗီယန်ကျင်း လေယာဉ် ကွင်း ပြုပြင်မွမ်းမံဖို့ ထောက်ပံ့ငွေထဲက ယူသုံးလိုက်တာဖြစ်နေတော့ အဲဒီအချိန်က လာအို လူထု က မုခ်ဦးဆောက်တဲ့နေရာကို လေယာဉ်ကွင်းကြီး လို့ နာမည်ပြောင် ပေးခဲ့ကြတယ်။ မုခ်ဦး စဆောက်တဲ့အချိန်က လာအိုနိုင်ငံဟာ ဗီယက်နမ်စစ်ပွဲကိုအကြောင်းပြုပြီး မြောက်ဗီယက်နမ် နဲ့ အမေရိကန်တို့ သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားတာခံနေရတဲ့အချိန်၊ ကွန်မြူနစ်ပသက်လောတွေ ရဲ့ တိုက်ခိုက်မှုတွေစတင်နေချိန် ဖြစ်တယ်။
ကွန်မြူနစ် တွေအာဏာရလာတော့ ပြင်သစ်လက်အောက်က လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်ခဲ့သူတွေ ကို ဂုဏ်ပြုဖို့ရည်ရွယ်ထားတဲ့ မုခ်ဦး ကို သူတို့တော်လှန်ရေးအောင်မြင်မှု အထိမ်းအမှတ်လုပ် လိုက်တယ်။ ဒါပေမယ့် မူလ ဗိသုကာပုံစံကို ပြီးအောင်တော့ ဆက်မဆောက်တော့ဘူး။
၂၁ ရာစုမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်လာတော့ တရုတ်နိုင်ငံက ချစ်ကြည်ရေးအထိမ်းအမှတ်ရုပ်တု တစ်ခု မုခ်ဦးအနားမှာ တည်ဆောက်ပေးတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း ကြွေပန်းကန်တွေနဲ့တည်ဆောက်ပေးထားတော့ ချစ်ကြည်ရေးက အမှားမခံဘူး။ အထိ မခံ ကြွေပန်းကန် ဆိုတဲ့ သဘောများလားလို့ တွေးမိတယ်။