မနေ့ညက ရန်ကုန်မှာ ( အခြားမြို့တွေတော့မသိ) လူတွေ ထိတ်ထိတ် လန့်လန့် နဲ့ ဈေးဝယ် ကြတဲ့ ဖြစ်စဉ်က အခုလို ကူးစက်ရောဂါ ကပ်ဘေးနဲ့ ကြုံတဲ့အချိန်မှာ သတင်းထုတ်ပြန်မှုက ဘယ် လောက်အရေးကြီးသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။
မနေ့ ( မတ်လ ၁၂ ) ရက်နေ့ မနက်ပိုင်း မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူစုလူဝေးပွဲ တွေနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်မယ်၊ နေ့လယ်မှာ အစည်းအဝေးလုပ် မယ်လို့ ပြောတဲ့ ရုပ်သံဖိုင် သတင်းမီဒီယာတွေမှာပေါ်ထွက်လာတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောတဲ့အတွက် လူထု စိတ်ဝင်စားမှုက မြင့်လာတယ်။ အဲဒီ အစည်းအဝေးက ဘာဆုံးဖြတ်မလဲဆိုတာကို စောင့်နေကြတယ်။ ဒါပေမယ့် အစိုးရဘက်က အစည်းအဝေးရလဒ်နဲ့ပတ်သက်ပြီး သီးခြား သတင်းထုတ်ပြန်တာမရှိဘူး။ ည၈ နာရီ သတင်းကြေညာတဲ့အချိန်ကျမှ အစည်းအဝေးသတင်းကို ကြေညာခဲ့တယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကလည်း ပုံမှန် ၈ နာရီသတင်းထုတ်ပြန်ချက်ပဲထုတ်ခဲ့တယ်။ အဲဒီ ထုတ်ပြန် ချက်မှာဆိုရင် အစည်းအဝေးအကြောင်းတောင် မပါဘူး။
အဲဒီအချိန်မှာ ဘာဖြစ်မလဲ ၊ အစိုးရဘာပြောမလဲဆိုပြီး စောင့်နေတဲ့လူထုကို ကောလဟာလ သတင်းတွေက ဖမ်းစားလိုက်တာပါပဲ။ အစိုးရနဲ့ သတင်းမီဒီယာတွေက နောက်က လိုက်ရှင်း ပေမယ့် အချိန်မမီတော့ဘူး။
တကယ်တော့ အရေးပေါ် အခြေအနေမျိုးမှာ အရေးကြီးတဲ့ အစည်းအဝေးပြီးတိုင်း ပြောရေး ဆိုခွင့် ရှိသူက သတင်းထောက်တွေကို ယျေဘူယျ အခြေအနေကို ရှင်းပြတာ ၊ ပြောရေးဆိုခွင့်ရှိသူကို အချိန်ပြည့်ဆက်သွယ်မေးမြန်းနိုင်အောင် စီစဉ်ပေးထားတာဟာ ကောလဟာလတွေကို ကာကွယ် ဖို့အကောင်းဆုံးနည်းလမ်းပါပဲ။
နောက်တစ်ချက်က အရေးပေါ် အခြေအနေမျိုးမှာ ဖေ့စ်ဘွတ်ပေါ်က သတင်းထုတ်ပြန်ချက် ထက် တာဝန်ရှိသူတွေက ကိုယ်တိုင်ပြောကြားတဲ့ ရုပ်သံ မှတ်တမ်း တွေက လူထု ယုံကြည်မှုကို ပိုပြီး ရစေ ပါတယ်။ အဲဒီ ရုပ်သံမှတ်တမ်းတွေကို ရေဒီယို ၊ ရုပ်မြင်သံကြားတွေက အကြိမ်ကြိမ် ပြန် လည် ကိုးကား ထုတ်လွှင့်နိုင်တဲ့အတွက် ထိရောက်မှုလည်း ပိုကောင်းပါတယ်။
အကောင်းဆုံးကတော့ အစိုးရက နောက်က လိုက်ဖြေရှင်း ( Reactive ) နေမယ့်အစား ကြိုတင် သတင်းထုတ်ပြန် ( Proactive ) ပေးဖို့ပါပဲ။