၁။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နမူနာကို အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှာ ဒီနေ့ (မတ်လ ၁၆ ရက်) စမ်းသပ်မှုတွေ စတင်လုပ်ဆောင်မယ်လို့ အမည်မဖော်တဲ့ အမေရိကန်အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး အေပီ သတင်းမှာဖော်ပြခဲ့ပါတယ်။ ကာကွယ်ဆေးကို ဆန္ဒအလျောက်ပါဝင်သူ ၄၅ ဦး မှာစမ်းသပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကို ချက်ခြင်းအသုံးပြုနိုင်မှာမဟုတ်ဘူး။ ဘေးထွက် ဆိုးကျိုး အပါအဝင် အခြေအနေအမျိုးမျိုးအတွက် စမ်းသပ်ရမှာဖြစ်ပြီး လက်တွေ့အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံးတစ်နှစ်လောက်အချိန်ယူရမယ်လို့လည်း ဆိုပါတယ်။
၂။ တစ်နိုင်ငံလုံးမှာ ခရီးသွားလာမှု၊ အိမ်ပြင်ထွက်မှုတွေကို ကန့်သတ်ထားပေမယ့် အီတလီ နိုင်ငံမှာ မနေ့က တစ်နေ့ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၆၈ ဦး သေဆုံးခဲ့တယ်။ ဒါ ဟာ တစ်နေ့တည်းမှာ အများဆုံးသေဆုံးတဲ့အရေအတွက်ဖြစ်ပါတယ်။ အခုအချိန်ထိ အီတလီမှာ ရောဂါ ကြောင့်သေဆုံးသူ ၁၈၀၉ ဦးရှိပြီး ဒါဟာ တရုတ်နိုင်ငံအပြင်ဘက်မှာ သေဆုံး သူအရေအတွက်ထက်ဝက်ကျော်ဖြစ်ပါတယ်။ ပုတ်ရဟန်းမင်းကြီးကလည်း ဧပြီလ ၅ ရက်နေ့မှာ ကျင်းပမယ့် အီစတာပွဲတော်အခမ်းအနားတွေကို ဖျက်သိမ်းမယ်လို့ ပြောထားပါတယ်။
၃။ မလေးရှားနိုင်ငံ မနေ့က တစ်နေ့တည်းနဲ့ ရောဂါဖြစ်ပွားသူ ၁၉ ၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့ တယ်။ ဒါဟာ တစ်နေ့တည်းမှာ အများဆုံးတွေ့ခဲ့တာဖြစ်ပြီး မလေးရှား အစိုးရက ဗလီတွေမှာ ဝတ်ပြုတာ အပါအဝင် ဘာသာသာရေး အခမ်းအနားတွေ လုပ်တာကို ဆယ်ရက်ပိတ်ပင်ခဲ့ပါတယ်။ အခုထပ်တွေတဲ့လူနာအများစုဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က မတ်လ ၁ ရက် အထိ ပြုလုပ်ခဲ့တဲ့ အစ္စလမ်ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ သူတွေဖြစ်ပါတယ်။ အဲဒီအခမ်းအနားကိုတက်ခဲ့သူ တစ်သောင်းခြောက်ထောင်ကျော်ရှိပြီး စင်္ကာပူ နဲ့ ဘရူးနိုင်းနိုင်ငံသားတွေလည်းပါပါတယ်။ အခုအချိန်ထိတော့ အခမ်းအနားတက်ခဲ့သူ ငါးထောင် နီးပါးကို ဖော်ထုတ်ရရှိထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။
၄။ စင်္ကာပူနိုင်ငံကတော့ ပြည်ပက ဝင်ရောက်လာမယ့် ခရီးသည်များအပေါ် တင်းကျပ်တဲ့ စည်းကမ်းချက်တွေ သတ်မှတ်ခဲ့သလိုပဲ စင်္ကာပူနိုင်ငံသားတွေကိုလည်း မသွားမဖြစ် သွားရ မယ့် ခရီးစဉ်ကလွဲရင် ကျန်တဲ့ခရီးစဉ်တွေကို တစ်လ ရွှေ့ဆိုင်းထားဖို့ အကြံပေးထားပါတယ်။
၅။ ထိုင်းနိုင်ငံမှာလည်း မနေ့က ရောဂါဖြစ်ပွားသူ ၃၂ ယောက်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ လည်း တစ်နေ့တည်းမှာ အများဆုံးတွေ့တာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူအများစုက လက်ဝှေ့ပွဲ နဲ့ နိုက်ကလပ် သွားခဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။