၁။ မတ်လ ၁၆ ရက်နေ့ညနေ မှာ မလေးရှားအစိုးရက မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ မလေးရှားနိင်ငံထဲကို အပြင်ကနေလည်း ဝင်ခွင့်မပြုဘူး။ အထဲကလည်း ထွက်ခွင့်မပြုဘူး လို့ ကြေညာခဲ့တယ်။ နိုင်ငံပြင်ပရောက် မလေးရှားနိုင်ငံသားတွေ ပြန်လာရင် (၁၄) ရက် သီးခြားခွဲ ခြားထိန်းသိမ်းခံရမယ်လို့ ကြေညာခဲ့ပါတယ်။
၂။ မလေးရှားအစိုးရကဘာသာရေးအခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ အားကစားပွဲတွေ အားလုံးပိတ်ပင်ခဲ့တယ်။ ဘုရင်ကလည်း သောကြာနေ့ဝတ်ပြုမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့် ထုတ်ခဲ့တယ်။ ရုံးတွေ၊ ဈေးဆိုင်တွေ၊ ရုပ်ရှင်ရုံတွေပိတ်ထားရမယ်။ အစိုးရရုံးတွေမှာလည်း အများ ပြည်သူဝန်ဆောင်မှုအတွက် မဖြစ်မနေလိုတဲ့ ရုံးတွေပဲဖွင့်မယ်။ ဆူပါမားကက်၊မီနီမားကတ်တွေ နဲ့ စတိုးဆိုင်လေးတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။
၃။ စင်္ကာပူနိုင်ငံမှာတော့ မလေးရှားနယ်စပ်ကို ပိတ်လိုက်တဲ့အတွက် စားနပ်ရိက္ခာအတွက် စိုးရိမ် ပူပန်ပြီး အလုအယက်ဈေးဝယ်မှုတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် အစိုးရ အစီအစဉ်နဲ့ လူတစ်ယောက် ချင်း ဝယ်ယူခွင့်ရှိတဲ့အရေအတွက်ကို ကန့်သတ်တာတွေလုပ်ခဲ့သလို ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing စင်္ကာပူအစိုးရအနေနဲ့ လူထု အခြေခံလိုအပ်ချက်တွေ ကို သုံးလစာစုဆောင်းထားပြီးကြောင်း နဲ့ လူထု အနေနဲ့ စိတ်ပူဖို့မလိုကြောင်း ပြောခဲ့တယ်။
၄။ ဒီနေ့ညနေမှာတော့ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက မလေးရှားဝန်ကြီးချုပ်နဲ့ ဖုန်းပြောပြီး ဖြစ်တဲ့အကြောင်းနဲ့ မလေးရှားဘက်က ကုန်စည်စီးဆင်းမှု မပြတ်ဖို့အာမခံခဲ့တဲ့ အကြောင်း သူ့ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူကို အသိပေးခဲ့တယ်။
၅။ အမေရိကန်နိုင်ငံမှာတော့ သမ္မတ ထရမ့်က ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ခဲ့ရာမှာ လူဆယ်ဦးထက် ပိုပြီး စုဝေးတာမလုပ်ဖို့နဲ့ လာမယ့် ၁၅ ရက်အတွင်းမှာ လူစု လူဝေးနဲ့လုပ်ဆောင်တာတွေ ရှောင်ကျဉ်ဖို့ ဆိုတဲ့အချက်တွေပါတယ်။
၆။ ပြင်သစ်နိုင်ငံမှာတော့ သမ္မတက ဒီနေ့ (မတ်၁၇) နေ့လည်မှာ တစ်နိုင်ငံလုံး မှာ အစားအသောက်ဝယ် ဖို့ ၊အလုပ်သွားဖို့နဲ့ ဆေးကုသခံယူဖို့ကလွဲရင် အိမ်ပြင်မထွက်ရ အမိန့် ထုတ်ခဲ့တယ်။ ဒီအမိန့် ကို အကောင်အထည်ဖော်ဖို့အတွက် ရဲတပ်ဖွဲ့အင်အားတစ်သိန်းကို အသုံးပြုမယ်လို့လည်း ဆိုတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးကျဆင်းမှုကို ကယ်တင်ဖို့အတွက် ယူရို ၄၅ ဘီလျံသုံးမယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။
၇။ နယူးဇီလန်နိုင်ငံအစိုးရကတော့ စီးပွားရေးကျဆင်းမှုကို ကယ်တင်ဖို့အတွက် ဒေါ်လာ ၇ ဘီလျံ ကျော်အသုံးပြုမယ်လို့ ကြေညာခဲ့တယ်။
ကိုးကား
စထရိတ်တိုင်းမ်း၊ စီအင်န်အေ၊ ရိုက်တာ၊ အေအက်ဖ်ပီ