မတ်လ ၂၄ ရက်နေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက မတ်လ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်က စပြီး တစ်နိုင်ငံလုံးမှာ ၂၁ ရက်ကြာ သွားလာမှုတွေ ကန့်သတ်မယ်၊ စားနပ်ရိက္ခာ နဲ့ ဆေးဆိုင်တွေ၊ အစိုးရက သတ်မှတ်ထားတဲ့ စက်ရုံ၊အလုပ်ရုံနဲ့ရုံးတွေပဲဖွင့်ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။
တကယ်တော့ အိန္ဒိယနိုင်ငံမှာ ဒီနေ့အထိ ရောဂါပိုးတွေ့သူ ၆၀၆ ဦးနဲ့ သေဆုံးသူ ဆယ်ဦးပဲ ရှိ သေးတယ်။ ဒါပေမယ့် အစိုးရကတော့ အခုအချိန်မှာ တားဆီးမှုမလုပ်ရင် ရောဂါကူးစက်မှု ပိုများ လာပြီး မနိုင်မနင်းတွေဖြစ်လာနိုင်တယ်၊ ဒါ့ကြောင့် တားဆီးမှုလုပ်ကိုလုပ်ရမယ်လို့ ပြောခဲ့တယ်။ ဒီ တားဆီးမိန့်ဟာ အိန္ဒိယလူဦးရေ ၁.၃ ဘီလျံအပေါ်အကျိုးသက်ရောက်မှုရှိမှာဖြစ်တဲ့အတွက် ကမ္ဘာ ပေါ်မှာ အကြီးမားဆုံး ဗိုင်းရပ်စ်ရောဂါ ကာကွယ် ၊ထိန်းချုပ်ရေးအစီအစဉ်ဖြစ်လာပါတယ်။
အိန္ဒိယအစိုးရရဲ့ အမိန့်အရ တားဆီးကန့်သတ်ထားချိန်မှာ အပြင်ထွက်ခွင့်ရှိသူတွေကို အခုလို သတ်မှတ်ထားတယ် –
၁။ အိမ်အနားက ဈေးဆိုင် နဲ့ ဆေးဆိုင်တွေမှာ ဈေးဝယ်သူများ၊ အရေးပေါ်ဆေးကုသ ခံယူသူ များဟာ အိမ်ပြင်ထွက်ခွင့်လက်မှတ်မပါဘဲ သွားလို့ရတယ်။ ဒါပေမယ့် လူနှစ်ဦးထက် ပိုပြီး မသွား ရဘူး။
၂။ လက်ရှိလုပ်ဆောင်နေဆဲ စိုက်ခင်းများ၊ မွေးမြူရေးခြံများ နဲ့ ငါးကန်များကို ပြုစုစောင့်ရှောက် နေသူများလည်း သတ်မှတ်အရေအတွက်အတိုင်း လက်မှတ်မလိုဘဲ သွားလို့ရတယ်။
၃။ ကျန်းမာရေးဝန်ထမ်းတွေ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဘဏ်၊ မီးသတ် စတဲ့မရှိမဖြစ် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ ဝန်ထမ်းတွေ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း များမှာလုပ်ကိုင်နေသူတွေက ဝန်ထမ်းကတ်ပြား ပြသပြီး သွားလို့ရတယ်။
၄။ ဈေးဝယ်စင်တာတွေ၊ အိမ်တိုင်ယာရောက် ပစ္စည်းပို့လုပ်ငန်းတွေမှလုပ်ကိုင်သူတွေက ဝန်ထမ်း ကတ်ပြားအပြင် ဒေသရဲတပ်ဖွဲရဲ့ ခွင့်ပြုလက်မှတ် ပြသပြီး သွားလို့ရတယ်။
ဒီနေ့မနက် တားဆီးမိန့်အသက်ဝင်လာချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ အခုလိုတွေ့ရပါတယ်။
၁။ ရဲတပ်ဖွဲ့ဝင်တွေက အမိန့်ကို သေသေချာချာ နားမလည်တဲ့အတွက် အပြင်ထွက်သူမှန် သမ ျှ ကို အကုန်လိုက်ဖမ်းနေတယ်။ အိမ်တိုင်ရာရောက်ပစ္စည်းပို့တဲ့လုပ်သားတွေလည်း ရဲအဖမ်းခံရတယ်။
၂။ တစ်နိုင်ငံလုံးမှာ ကုန်ပစ္စည်းပို့ဆောင်ခွင့်ရှိတယ်ဆိုပေမယ့် တစ်ချို့ပြည်နယ်အစိုးရတွေက ပြည်နယ်အတွင်း အဝင်၊ အထွက်တွေကို ပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှု ပြဿနာရှိနေ တယ်။
၃။ စိုးရိမ်စိတ်နဲ့ အွန်လိုင်းက ပစ္စည်းမှာသူတွေများတဲ့အတွက် ဝန်ဆောင်မှုလုပ်ငန်းတွေက အလျင်မီအောင် မပို့ပေးနိုင်ကြောင်း ကြေညာထားတယ်။
၄။ လူတွေတစ်ဦးနဲ့ တစ်ဦး မထိတွေ့အောင်တားဆီးဖို့အတွက် အမိန့်ထုတ်ပေမယ့် အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ နယ်ပြန်တဲ့လူတွေက ဘူတာရုံတွေ၊ ကားဂိတ်တွေမှာ တိုးဝှေ့နေကြတယ်။
၅။ အိန္ဒိယမြို့ကြီးတွေမှာ နယ်က အလုပ်လာလုပ်သူ ၄၅ သန်းလောက်ရှိတယ်လို့ခန့်မှန်းထား တယ်။ အဲဒီလူတွေ နယ်လည်း ပြန်လို့မရ၊ မြို့ပေါ်မှာလည်း အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ ၊ စားနပ်ရိက္ခာလည်း ကြိုတင်စုဆောင်းထားဖို့ ပိုက်ဆံမရှိ နဲ့ ကျူး ကျော်ရပ်ကွက်တွေမှာ ပိတ်မိနေမယ့်အခြေအနေတွေကို စိုးရိမ်နေကြတယ်။
၆။ အိန္ဒိယအလုပ်သမား ၉ ဝ% က က အလုပ်လက်မဲ့ခံစားခွင့်တွေ၊ လစာပြည့် ခွင့်ရက်တွေ ၊ လူမှုဖူလုံရေးစောင့်ရှောက်မှုတွေနဲ့ အကျုံးမဝင်တဲ့လုပ်ငန်းတွေမှာလုပ်ကိုင်နေကြတယ်။ အဲဒီ လူတွေ အလုပ်လက်မဲ့ဖြစ်ကုန်မှာလည်း စိုးရိမ်နေကြတယ်။
၇။ မြို့ကြီးတွေရဲ့ ကျူးကျော်ရပ်ကွက်တွေထဲက အိမ်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာ လူတွေ စုပြုံ နေကြတယ်။ အခြေခံအကျဆုံး ကာကွယ်မှုဖြစ်တဲ့လက်ဆေးဖို့တောင် ရေလုံလုံလောက်လောက် မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် သုံးပေခွာနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလူ တွေအတွက် ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုလုပ်ငန်းတွေကို ဘယ်လိုလုပ်မလဲ။
၈။ ကျူးကျော်ရပ်ကွက်တွေက အလုပ်သမားအများစုက စာမတတ်ဘူး။ အိမ်ထဲမှာ ပိတ်မိနေတဲ့ သူတို့တွေကို ရောဂါကာကွယ်ရေးနောက်ဆုံးသတင်းတွေ ရအောင်၊ လိုက်နာနိုင်အောင် ဘယ်လို လုပ်ပေးမလဲ။
အိန္ဒိယအစိုးရတော့ အောက်ခြေလူတန်းစားတွေအတွက် လက်ရှိတစ်ကီလို ၃၇ ရူပီး ဈေးရှိတဲ့ ဆန် ကို တစ်ကီလို သုံးရူပီးနဲ့ ရောင်းပေးမယ်၊ တစ်ကီလို ၂၇ ရူပီးဈေးပေါက်နေတဲ့ ဂံျုကို နှစ် ရူပီးနဲ့ ရောင်းပေးဖို့ စီစဉ်နေတယ်လို့ ကြေညာထားတယ်။ ဒါ့အပြင် ကျန်းမာရေး ကဏ္ဍ အတွက် နောက်ထပ် ဒေါ်လာ နှစ်ဘီလျံ ထပ်ဖြည့်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်။
မြို့ပေါ်မှာ ရွှေ့ပြောင်းလုပ်သားတွေများပြားတဲ့ အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ မြန်မာ နိုင်ငံအတွက်လေ့လာသင့်တဲ့သင်ခန်းစာပါပဲ။
ကိုးကား။ စထရိတ်တိုင်းမ်သတင်းစာ၊ ဘီဘီစီသတင်းဌာန၊ အယ်လ်ဂျာဇီးယား သတင်းဌာန နဲ့ တိုင်းမ်အော့ဖ် အင်ဒီးယား သတင်းစာ