ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ပတ်သက်ပြီး သေဆုံးနှုန်းက ၄.၄ % ပဲရှိတယ် ဆိုတဲ့အချက်ကို ကိုးကားပြီး စိတ်မပူကြဖို့ ပြောနေတာတွေ တွေ့ရတယ်။ ဒီလို ပြောတဲ့အထဲမှာ တာဝန်ကြီးကြီး ယူ ထားတဲ့သူတွေလည်းပါတယ်။
အဲဒီ ကိန်းဂဏန်းက မှန်ပေမယ့် သာမန်ပြည်သူအချို့ကို နားလည်မှုလွဲမှားစေပြီး ဖြစ်တိုင်းသေတာမှမဟုတ်တာ၊ ကြောက်စရာမလိုဘူး ဆိုပြီး ပေါ့ပေါ့ တန်တန် ပြောဆို နေ ထိုင်နေတာကို မြင်ရ၊ ကြားရတယ်။
တကယ်တော့ ဖြစ်တဲ့ လူတိုင်းသေတာမဟုတ်ပေမယ့် ဒီရောဂါဟာ ကပ်ဘေး ရောဂါ ဖြစ်တဲ့အတွက် လူတစ် ယောက်မှာ ကူးစက်ပြီ ဆိုတာနဲ့
၁။ မဖြစ်မနေ ဆေးရုံတင်ပြီး ကုသရတယ်။ ကောင်းသွားမှာပါ၊ အိမ်မှာ ဆေးသောက် နားလိုက် လို့ပြောလို့မရဘူး။ လူတစ်ယောက်ချင်းအတွက် ဆေးဝါး သာမက ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ် အားတွေ၊ အချိန်တွေပါ အများကြီးသုံးရတယ်။
၂။ သူနဲ့ ဆက်စပ်ခဲ့တဲ့သူတွေ အားလုံးကို သီးခြား ခွဲခြားထိန်းသိမ်းပြီးစောင့်ကြည့်ရတယ်။ စား သောက်နေထိုင်ရေး စီစဉ်ပေးရတယ်။
၃။ သံသယရှိသူအားလုံးကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရတယ်။ ဒီလို စစ်ဆေးတာကိုလည်း နေရာ တိုင်းမှာ လုပ်လို့မရဘူး။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကိုပို့ရတယ်။
၄။ လူနာရဲ့ မိသားစုသာမက သူသွားလာနေထိုင်ခဲ့တဲ့နေရာ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ အားလုံး စိုးရိမ်ပူပန်မှုဖြစ်ရတယ်။ သွားလာမှုကန့်သတ်ခံရတယ်။
ဆေးရုံတွေဆိုတာ ဒီရောဂါတစ်ခုတည်း ကုသနေရတာမဟုတ်ဘူး။ အခြား ရောဂါပေါင်းစုံကို ကုသ နေရတာဖြစ်ပါတယ်။ အနေအထိုင်မဆင်ခြင် လို့ ကူးစက်ခံရသူတွေများလာရင် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်လာပြီး လူနာအားလုံး ဒုက္ခရောက်မယ်။ ဒီရောဂါနဲ့ ဆေးရုံတက်တဲ့သူတွေများလာ ရင် ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်ဖို့ အခွင့်အရေးပိုများလာတယ်။ ကျန်းမာရေး ဝန်ထမ်း တွေ ပြိုလဲသွားရင် ဖိုးသူတော်လဲ ရင် တောင်ဝှေးမထူနိုင်တဲ့ အဖြစ်ကို ရောက်မယ်။
ဒီနေ့မနက် ABC (Australian Broadcasting Corporation) ရေဒီယို သတင်းမှာ အင်မတန် ခေတ်မီ တိုးတက်တဲ့ အမေရိကန်၊ အီတလီ၊ စပိန် တို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်သူ တွေများလွန်းလို့ ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်နေပြီ။ အသက်ရှုကရိယာတွေ မလုံလောက် တော့ ဘူး။ အခြားရောဂါဖြစ်ပွားသူတွေကိုလည်း လုံလောက်တဲ့ စောင့်ရှောက်မှုပေးဖို့ ခက်လာပြီ။ တစ်ချိန်မှာ ရှားပါးတဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက်သုံးနိုင်ဖို့အတွက် ဆရာဝန်တွေ အနေနဲ့ ဘယ်သူ့ကိုပဲ ကုတော့မယ်၊ ဘယ်သူ့ကိုတော့ မရတော့ဘူး၊ ထားလိုက်တော့လို့ ဆုံးဖြတ်ရမယ့် အချိန်ကိုရောက်လာမှာ စိုးရိမ်မိတယ်လို့ ဆွေးနွေးသွားတယ်။
ပြန်ချုပ်လိုက်ရင် လူတစ်ရာမှာ ငါးယောက်လောက်ပဲ သေဆုံးနိုင်ပေမယ့် လူတစ်ယောက်ဖြစ်ရင် လူတစ်ရာ မက ဒုက္ခရောက်တယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ဖိအားတွေ အများကြီး ဖြစ်တယ်။
ရောဂါ ဖြစ်သူအတွက် ၄.၄% ဟာ စိတ်ဓာတ်တက်ကြွစေတဲ့ ကိန်းဂဏန်းဖြစ်ပေမယ့် မဖြစ်သေးတဲ့သူတွေကတော့ ၄.၄% ကို အားကိုးပြီး မမိုက်ကြပါနဲ့။