ဒီနေ့ မနက် ဆယ်နာရီလောက်က ပစ္စည်းတစ်ချို့ဝယ်ဖို့ ၂၇ လမ်း၊ ၂၈ လမ်းဘက် ရောက် သွားတယ်။
ဗိုလ်ချုပ်လမ်း၊ ဆူးလေ ဘုရားလမ်း ကားရှင်းတယ်။ အနော်ရထာ၊ မဟာဗန္ဓုလ ၂၈ လမ်း ၊ ၂၇ လမ်းတစ်ဝိုက်မှာ ကားကျပ်ဆဲ၊ ကားရပ်ဖို့နေရာခက်နေဆဲပဲ။ ကားကို ဟိုတယ်/ခရီး ရုံးဟောင်း ရှေ့မှာ သွားရပ်ပြီးလမ်းပြန်လေ ျှာက်ရတယ်။
မဟာဗန္ဓုလ လမ်း ဘယ်ညာ ပလက်ဖောင်းတွေပေါ်မှာတော့ လူနည်းနည်းရှင်းတယ်။ ကွန်က ရစ်မြောင်းလုပ်နေတဲ့ ၊ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပင်တွေကို ခုတ်နေတဲ့ စည်ပင်ဝန်ထမ်းတွေ၊ တွေ့တယ်။ မြို့တော်ကြီး ရပ်မသွားဖို့ အခြေခံအကျဆုံးအလုပ်တွေကို လုပ်နေသူတွေပေါ့။ လူမသိတဲ့ သူရဲကောင်းတွေပဲ။ စည်ပင်ဝန်ထမ်းတွေသာ တစ်ပတ်လောက် အမှိုက်မသိမ်းနိုင် ရင် ရန်ကုန်မြို့ဘာဖြစ်သွားမလဲလို့ တွေးကြည့်မိတယ်။
ပလက်ဖောင်းပေါ်မှာ Mask တပ်ထားသူတွေတော်တော်များတယ်။ ဒါပေမယ့် လူတစ်ယောက် နဲ့တစ်ယောက် သုံးပေခွာနေရမယ်ဆိုတဲ့ စည်းကမ်းချက်ကို မသိတဲ့သူ ဒါမှမဟုတ် သိရက် နဲ့ မလိုက်နာတဲ့သူအတော်များတယ်။ ပုခုံးဖက်သွားနေသူတွေရှိတယ်။ ပူးကပ်ထိုင်နေသူတွေရှိတယ်။
လက်ဆေးဖို့ကတော့ လူတိုင်းသတိရှိကြတယ်။ ဆိုင်တိုင်းလိုလိုမှာ လက်သန့်စင်ဆေးရည် ဘူး လေးတွေချပေးထားတယ်။ မှန်ပုံးနဲ့ ရောင်းတဲ့မျက်မှန်ဆိုင်လေးမှာတောင် ဆေးရည် ဘူး တော့ရှိတာပဲ။
၂၇ လမ်းဈေးကတော့ ထုံးစံအတိုင်း ကားနဲ့ လူ ပြည့်ကျပ်နေတာပဲ။ ဒီလမ်းထဲမှာ သုံးပေ ကွာ ဖို့ ဘယ်လို့မှ မဖြစ်နိုင်တဲ့အတွက် အထဲကိုမဝင်တော့ဘူး။ ၂၇ လမ်းထိပ်မှာ လက်သန့်စင်ဆေးရည် ထည့်တဲ့ဘူးလွတ်တွေ အိတ်ကြီးနဲ့ချပြီး လူတစ်စု ခွဲဝေနေကြတယ်။ ဒါတွေဟာ မီးပွိုင့်တွေမှာ ရောင်းနေတဲ့ အရည်အသွေးမမီတဲ့ လက်သန့်စင်ဆေးရည်တွေ ဖြစ်သွားမယ် ထင်တယ်။
လမ်းမကြီးပေါ်က ရွှေဆိုင်တစ်ချို့ ဖွင့်ထားတယ်။ တစ်ချို့ဆိုင်တွေက ဖွင့်ထားပေမယ့် ဘာမှ ခင်းမထားဘူး။ တစ်ချို့ဆိုင်က တံခါးတစ်ခြမ်းပဲဖွင့်ထားတယ်။ ရွှေကိုမလို ဆေး နဲ့ ဆပ်ပြာ သာ လိုသည်ဆိုတဲ့အချိန်မှာတော့ ရွှေဆိုင်တွေလည်း ရောင်းရမယ်မထင်ဘူး။ မျက်မှန်ဆိုင်တွေ လည်း ဒီလိုပဲ။
၂၈ လမ်းထဲမှာတော့ ရပ်ထားတဲ့ကားတွေများပေမယ့် လူနည်းပါတယ်။ ဓာတုပစ္စည်းတွေ၊ သန့်ရှင်း ရေးဆေးရည်တွေရောင်းတဲ့ဆိုင်တွေ ဖွင့်ထားတယ်။ ဒါပေမယ့် လူတွေ အရမ်း စုပြုံ ဝယ် တာတော့မရှိဘူး။ အဲဒီဆိုင်တွေမှာ ဒက်တောဆေးရည်တွေ ပေါပေါများများ ဝင်မလာခင်က သုံးရ တဲ့ ကာဘော်လစ်ဆီ ၊ ဖီနိုင်း စတဲ့ဆေးရည်တွေရှိတယ်။ ကိုယ့်ဘာသာကိုယ် ပိုးသတ်ဆေးဖျန်း မယ် ဆိုရင် စပ်လို့ရတဲ့ ဓာတုပစ္စည်းတွေရှိတယ်။ ဆပ်ပြာရည် လုပ်မယ်ဆိုရင်လည်း ဝယ်လို့ ရတယ်။ ရှော့ပင်းစင်တာတွေမှာမရှိရင် ဒီဆိုင်တွေကို အားကိုးလို့ရပါတယ်။
စားသောက်ဆိုင်တွေကတော့ စားတဲ့သူတော်တော်နည်းတယ်။ နေ့လယ်စာစားဖို့ စောနေ သေး တဲ့အတွက်လည်းဖြစ်နိုင်တယ်။
ရန်ကုန်မြို့လယ်ကတော့ နှလုံးခုန်သံနည်းနည်းနှေးနေပေမယ့် စည်းချက်မှန်နေဆဲပါ။