၂၀၁၃ ခုနှစ် သြဂုတ်လ နေပြည်တော်မှာ အမေရိကန်နိုင်ငံက မီဒီယာကျွမ်းကျင်သူ မာဂရိတ် ဆူလီဗန် ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ရေးတာဝန်ယူမယ့် အရာရှိကြီး တွေကို သင်တန်းပို့ချတယ်။ သူက အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန စတဲ့ အရေးကြီးတဲ့ဌာနတွေမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးတယ်။ ကိုယ် တိုင်ကလည်း စာနယ်ဇင်းသမားဖြစ်တဲ့အပြင် သတင်းနဲ့စာနယ်ဇင်းအတတ်ပညာ မဟာဘွဲ့ကို ရ ထားတဲ့သူဖြစ်ပါတယ်။
သူက ကျွန်တော့်ကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ယူတဲ့အခါ လိုက်နာရမယ့် အချက်သုံးချက် ကို ပြောပြခဲ့တယ်-
၁။ သည်းခံ ၊ သည်းခံ ၊ သည်းခံ
ပြောရေးဆိုခွင့်ရှိသူဆိုတာ အစိုးရ ၊ မီဒီယာ နဲ့ ပြည်သူ သုံးပွင့်ဆိုင်ကြားမှာ နေရတယ်။ လိုအပ်ချက်က တစ်ယောက်တစ်မျိုး မတူဘူး။ အဲဒါကိုလည်း သည်းခံ။ နောက်တစ်ခါ လူ တစ်ယောက်နဲ့တစ်ယောက် နောက်ခံဘဝ၊ ပညာ၊ တွေးခေါ်ပုံ မတူဘူး။ ဒါ့ကြောင့် ကိုယ်ပြော တာကို နားမလည်ရကောင်းလားလို့ စိတ်မဆိုးရဘူး၊ သည်းခံ။ နောက်ဆုံးကတော့ သတင်းထောက်ဆိုတာ အရာရာကို မေးခွန်းထုတ်ဖို့ ၊ သံသယနဲ့ ချဉ်းကပ်ဖို့ ဆိုတဲ့အလုပ်ကို လုပ်နေတဲ့သူတွေ၊ ကိုယ်ပြောတာကို လက်မခံလို့ ဆိုပြီး စိတ်မတိုနဲ့၊သည်းခံ။
၂။ အဖြေတွေကို သတိထား
လူတွေက မေးခွန်းတွေကို သတိမရဘူး။ အဖြေတွေကိုပဲ သတိရတယ်။ အဖြေတွေကပဲ မှတ်တမ်း ဝင်သွားတယ်။ သတင်းထုတ်ပြန်ရေးမှာ အူကြောင်ကြောင် ရူးနှမ်းနှမ်း မေးခွန်းဆိုတာ မရှိဘူး။ အူ ကြောင်ကြောင် ရူးနှမ်းနှမ်း အဖြေ ဆိုတာပဲ ရှိတယ်။ ဒါ့ကြောင့် မမေးသင့်တဲ့ မေးခွန်းမေးတယ် ဆို ပြီး စိတ်မတိုနဲ့။
၃။ ဆရာနှစ်ယောက်
ပြောရေးဆိုခွင့်ရှိသူဆိုတာ ကိုယ့်ဌာနကိုယ်ပဲတာဝန်ခံရတယ်၊ သမ္မတ (သို့ ) ဝန်ကြီးက ကိုယ့်ဆရာ ပဲ လို့ ထင်နေရင်မှားတယ်။ ပြောရေးဆိုခွင့်ရှိသူကို သမ္မတ ( သို့ ) ဝန်ကြီးက ခန့်ပေ မယ့် သူ့မှာ အစိုးရရယ်၊ မီဒီယာရယ်ဆိုတဲ့ဆရာနှစ်ယောက်ရှိတယ်။ အစိုးရက ပြောချင်တဲ့ အချက်တွေကို မီဒီယာတွေ သိအောင်ပြောပြရသလို မီဒီယာတွေ သိချင်တဲ့ သတင်းတွေကို အစိုးရ ဆီကနေ ရအောင်တောင်းပေးရတယ်။ ဒါ့ကြောင့် မီဒီယာတွေက သတင်းမေးရင် စိတ်မတိုနဲ့ ။
အရေးပေါ်အခြေအနေ ဆိုရင် လူတွေက သတင်းအချက်အလက်တွေ ပိုသိချင်တယ်။ ခိုင်မာတဲ့ အရင်းအမြစ်တွေဆီက သတင်းအချက်အလက်တွေမရတဲ့ အခါ ကောလာဟလ သတင်းတွေက နေရာယူလာတယ်။ အဲဒီလို မဖြစ်အောင် အစိုးရက သတင်းတွေကို မှန်မှန် နဲ့ မြန်မြန်ထုတ်ပေး ရ တယ်။ ဒီအလုပ်ကို အဓိက တာဝန်ယူရတဲ့သူတွေက သတင်းထုတ်ပြန်ရေး အရာရှိ တနည်းအား ဖြင့် ပြောရေးဆိုခွင့်ရှိသူတွေပေါ့။
အစိုးရ အဖွဲ့ ဒါမှမဟုတ် ဝန်ကြီးဌာနတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူအလုပ်က အရေးပေါ်အခြေအနေ နဲ့ပတ်သက်ပြီး အစိုးရ ဘာလုပ်နေသလဲ၊ လက်ရှိအခြေအနေကဘယ်လိုလဲ၊ နောင် ဘာလုပ်ဖို့ စီ စဉ်ထားသလဲဆိုတာတွေကို မီဒီယာပလက်ဖောင်းမျိုးစုံကနေ လူထုဆီရောက်အောင်လုပ်ပေးရ တာပဲ။ အဲဒီလို လုပ်တဲ့အခါမှာ သတင်းစာရှင်းလင်းပွဲလို အခမ်းအနားကနေ ဖုန်း၊ ရုပ်သံ နဲ့ဖြေတာ အလယ်၊ လူမှုမီဒီယာတွေပေါ်က ကိုယ်တိုင်ဖြန့်ဝေတာအဆုံးအားလုံးလုပ်ရတယ်။
နိုင်ငံအတော်များများမှာ ပြောရေးဆိုခွင့်ရှိသူဆိုတာ သူ့ရုံးအဖွဲ့နဲ့ သတင်းထုတ်ပြန်ပေးတဲ့အလုပ် ပဲ သီးခြားလုပ်တယ်။ မြန်မာနိုင်ငံမှာက ပြောရေးဆိုခွင့်ရှိသူဆိုတာ မူလတာဝန်ဝတ္တရားအပေါ်မှာ အပိုဆောင်းပေးတာ။ သူ့မှာ သီးခြားရုံး နဲ့ အထောက်အကူပြုဝန်ထမ်းမရှိဘူး။ ဒီလိုပဲ ကိုယ်နဲ့ နီး စပ်ရာလူတွေကို ဆွဲလွဲပြီး အရပ်ကူပါ လူဝိုင်းပါ လုပ်ရတာပါ။
ဒါဟာ သာမန်အချိန်မှာ ပြဿနာမဟုတ်ပေမယ့် အရေးပေါ်အခြေအနေလို အချိန်နဲ တစ်ပြေးညီ သတင်းလည်းထုတ်ရ၊ ကိုယ့်မူလအလုပ်လည်း လုပ်ရ၊ အခြားဌာနတွေကလည်း မကူဆိုတဲ့အချိန် မျိုးမှာ ပြောရေးဆိုခွင့်ရှိသူအတွက် ဖိအားအလွန်ကြီးတယ်။ အဲဒီအခါမျိုးမှာ ဒေါသဖြစ်တာတွေ၊ ပေါက်ကွဲတာတွေ ဖြစ်တတ်တယ်။
ဒါပေမယ့် ပြောရေးဆိုခွင့်ရှိသူ တာဝန်ယူထားပြီးဆိုရင်တော့ ဒီ လို တုန့်ပြန်လို့မရဘူး။ပြောရေးဆိုခွင့် ရှိသူက စိတ်တိုဒေါသထွက်ပြီး မပြောသင့်၊မရေးသင့်တာ ကို ရေး မိ၊ ပြောမိရင် အစိုးရ ကြိုးစားထားသမ ျှ ရေစုံမျောသွားပါလိမ့်မယ်။
ဒါ့ကြောင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးတာဝန်ယူထားသူများ ကျွန်တော့်ကို မစ္စဆူလေဗန် သင်ပေးခဲ့တဲ့အချက်သုံးချက်လုံး မလိုက်နာနိုင်ရင်တောင် “သည်းခံ ၊ သည်းခံ ၊ သည်းခံ ” ဆိုတဲ့အချက်လေးတော့ နှလုံးသွင်းထားကြဖို့ တိုက်တွန်းချင် ပါတယ်။