မိုင် တစ်ထောင်ဆိုတာ ကားနဲ့သွားမယ်ဆိုရင်တောင် အတော်ဝေးတဲ့ ခရီး၊ လမ်းမရှိတဲ့ နှင်း တောထဲမှာ ခွေးတွေဆွဲတဲ့ စွတ်ဖားနဲ့သွားရမယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် Aliy Zirkel ဆိုတဲ့ အမျိုးသမီးကတော့ အဲဒီ မိုင်တစ်ထောင်ခရီးကို နှစ်ပေါင်းနှစ်ဆယ်တိတိ နှစ်စဉ် မပျက်မကွက် သွားခဲ့ပြီးပြီ။ နောက်လည်း သွားဦးမှာပဲ။
အာလ်လီကို ၁၉ ၇၀ ပြည့်နှစ်မှာမွေးတယ်။ တက္ကသိုလ်ကဘွဲ့ရပြီးတော့ အလာစကားပြည်နယ် ကို သွားတယ်။ ပထမတော့ အပန်းဖြေခရီးပဲ။ ဒါပေမယ့် အလာစကားဒေသရဲ့ ခက်ခဲကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင် ကို ကြိုက်တော့ ၁၉ ၉ ၅ ခုနှစ်မှာ အလာစကားကိုပြောင်းပြီး အခြေချတယ်။ အဲဒီမှာပဲ အိမ်ထောင်ကျတယ်။
အာလ်လီဟာ ငယ်ငယ်လေးထဲက တိရိစ္ဆာန်တွေကို ချစ်တယ်။ တိရိစ္ဆာန်တွေကလည်း သူ့ကို ချစ်တယ်။ အလာစကားရောက်တော့ ပတ်ဝန်းကျင်က တောတောင်တွေထဲကို သွားဖို့ အတွက် စွတ်ဖားဆွဲတဲ့ ခွေးတစ်ကောင်မွေးတယ်။ ခွေးနာမည်က Skunk တဲ့။ ဒီလိုနဲ့ ခွေးဆွဲတဲ့ စွတ်ဖား နဲ့ တောတောင်တွေထဲမှာ ခရီးသွားရတာကို စွဲလမ်းသွားတယ်။ နောက်ထပ်ေ ခွးခြောက်ကောင် မွေးတယ်။ နည်းနည်းကြာလာတော့ ဒေသတွင်း စွတ်ဖားပြိုင်ပွဲမှာ ဝင်ပြိုင်တယ်။ ပထမ ဆုံးပြိုင်ပွဲမှာ ပန်းဝင် တော့ သူ့နောက်မှာတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် ပျော်တယ်။
နောက်တော့ တကယ့်ကြေးစားပြိုင်ပွဲကြီးတွေကို ပြိုင်ဖို့ကြိုးစားတယ်။ ၁၉ ၉ ၈ ခုနှစ်မှာ Yukon Quest ပြိုင်ပွဲကို ဝင်ပြိုင်တယ်။ ပထမနှစ်မှာ အဆင့် ၁၇ ရတယ်။ ၁၉ ၉ ၉ ခုနှစ်မှာ အဆင့်လေး ရတယ်။ ၂၀၀၀ ခုနှစ် မှာ ပထမ ရတယ်။ စံချိန်က ၁၀ ရက် ၊ ၂၂ နာရီ ၅၇ မိနစ်။ အာလ်လီဟာ Yukon Quest ပြိုင်ပွဲမှာ ပထမ ရတဲ့ ပထမဆုံးအမျိုးသမီးအားကစားသမားဖြစ် လာတယ်။
အာလ်လီဟာ Yukon Quest ပြိုင်ပွဲမှာ ပထမရပြီးတဲ့အခါ အလာစကားရဲ့ နာမည်အကြီးဆုံး ပြိုင်ပွဲ Iditarod မှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တယ်။ ဒီပြိုင်ပွဲကို နှစ်စဉ် မတ်လရဲ့ ပထမဆုံး စနေနေ့မှာ ကျင်း ပ တယ်။ ၁၀၄၉ မိုင်ရှည်တယ်။ တောင်တွေ ၊ ရေခဲနေတဲ့မြစ်တွေကို ဖြတ်သွားရတယ်။ အခန့် မသင့်ရင်နှင်းမုန်တိုင်းနဲ့တွေ့နိုင်တယ်။ ဒီပြိုင်ပွဲမှာ ရေခဲနေတဲ့ ယူကွန်းမြစ်အတိုင်း ၁၃၃ မိုင် သွားရ တဲ့ အပိုင်းလည်း ပါတယ်။ ပြိုင်ပွဲကာလက ၈ ရက်ကနေ ၁၅ ရက်လောက်ကြာတယ်။
၂၀၀၁ ခုနှစ်မှစပြိုင်တော့ အဆင့် ၃၃ ရတယ်။ စံချိန်က ၁၂ ရက် ၁၇ နာရီ ၅၃ မိနစ် ၃၃ စက္ကန့်၊ ၂၀၀၂ ခုနှစ်မှာ အဆင့် ၂၉ ၊ ၂၀၀၃ ခုနှစ်မှာ အဆင့် ၁၄ ၊ ၂၀၁၁ ခုနှစ်အထိ ပထမဆယ်ယောက် မှာ မပါဘူး။ ဒါပေမယ့် လက်မလျော့ဘူး။ နှစ်တိုင်း မပျက်မကွက်ပြိုင်တယ်။ ဇွဲကောင်းလွန်းတဲ့ သူ့ ကို အမျိုးသားပြိုင်ပွဲဝင်တွေကတောင် လက်ဖျားခါတယ်။
အာလ်လီရဲ့ ကြိုးစားမှုက ၂၀၁၂ ခုနှစ်မှာ အရာထင်လာတယ်။ အဲဒီနှစ်မှာ ဒုတိယ ရတယ်။ စံချိန်က ၉ ရက် ၅ နာရီ ၂၉ မိနစ် ၁၀ စက္ကန့်။ ၂၀၁၃ မှာလည်း ဒုတိယပဲရတယ်။ ဒါပေမယ့် ပထမ ရသူနဲ့၂၃ မိနစ်ပဲကွာတယ်။ အာလ်လီကတော့ ၂၀၁၄ ခုနှစ်ဟာ သူ့အတွက်ပဲ လို့ ယုံကြည် ထားတယ်။
၂၀၁၄ ခုနှစ် ပြိုင်ပွဲမှာ ပန်းဝင်ဖို့ မိုင်ခြောက်ဆယ်လောက်အလိုရောက်တော့ နှင်းမုန်တိုင်း နဲ့ တွေ့တယ်။ ပြိုင်ပွဲမှာ အဲဒီအပိုင်းက အခက်ခဲဆုံးအပိုင်းလည်းဖြစ်တယ်။ ပင်လယ်ကမ်း ခြေအတိုင်းသွားရတာဖြစ်ပြီး လမ်းမှားသွားရင် ရေခဲပြင်ပါးတဲ့နေရာရောက်ပြီး ရေနစ်နိုင်တယ်။ အဲဒီအချိန်မှာ အာလ်လီ က ဒုတိယနေရာမှာရှိတယ်။ သူ့ရှေ့က ပြိုင်ပွဲဝင်က နှင်းမုန်တိုင်းထဲမှာ ဆက်မသွားနိုင်တော့လို့ နား လိုက်ရတယ်။ အဲဒါကို အာလ်လီမသိဘူး။ သူ့ရှေ့က သွားနေတယ် ပဲထင်နေတာ။
အာလ်လီကိုယ်တိုင်လည်း နှင်းမုန်တိုင်းထဲမှာ ဒုက္ခရောက်နေတယ်။ ဆလိုက်မီးက နှင်းမုန် တိုင်း ကို မဖောက်နိုင်တော့ဘူး။ တစ်နေရာမှာ ကျောက်တုံးကို တိုက်ပြီး စွတ်ဖားမှောက်သွားတယ်။ ဒါ ပေမယ့် လူရော၊ ခွေးရော ဒဏ်ရာမရဘူး။ ဒါပေမယ့် လမ်းအမှတ်အသားတွေ အားလုံးပျောက် နေပြီ။ မမြင်မစမ်းနဲ့ သွားရင် ရေခဲပြင်ပါးတဲ့ဘက်ရောက်ပြီး ဒုက္ခတွေ့ နိုင်တယ်။ နောက်ဆုံး တော့ ခေါင်းဆောင်ခွေး ကီတို ရဲ့ ပါးနှစ်ဘက်ကို ကိုင်ပြီး “ ကီတိုရေ၊ လမ်း ရှာပါဦး၊ ငါတော့ လမ်းပျောက်နေပြီ” လို့ ပြောရတယ်။
ကီတိုက တကယ်ပဲ လမ်းရှာတွေ့ခဲ့တယ်။ ပန်းတိုင်နဲ့ မိုင်နှစ်ဆယ်ကျော်ကွာတဲ့ နောက်ဆုံး သတင်းပို့စခန်းကိုရောက်တော့ သူ ဟာ ပထမဆုံးနေရာမှာ ရောက်နေပြီ ဆိုတာသိလိုက်ရတယ်။ ဆက်သွားမလား၊ နားမလား ဆုံးဖြတ်ရတော့မယ်။ ခွေးတွေက အရမ်းပင်ပန်းနေပြီ၊ ဒါ့ကြောင့် ခဏ နားလိုက်တယ်။
သူနားနေတုန်း ၊ သူ့နောက်က ပြိုင်ပွဲဝင်တစ်ယောက် ရောက်လာတယ်။ သူကတော့ မနားဘူး ၊ချက်ခြင်း ဆက်ထွက်တယ်။ ဒီတော့မှ အာလ်လီလည်း နောက်က အတင်းလိုက်ရတယ်။ ဒါပေမယ့် မမီတော့ဘူး ။ ပထမလူနဲ့ ၂ မိနစ်၊ ၂၂ စက္ကန့်ကွာပြီး ဒုတိယနေရာက ပန်းဝင်ခဲ့ တယ်။ စုစုပေါင်း စံချိန်က ၈ ရက် ၁၃ နာရီ ၆ မိနစ်နဲ့ ၄၁ စက္ကန့်။ ဒါဟာ အာလ်လီ ဘဝမှာ အကောင်း ဆုံးစံချိန်ပဲ။
အာလ်လီကတော့ သူနားလိုက်တဲ့အတွက် ဒုတိယနေရာရောက်သွားတာကို နောင်တမရ ပါဘူး။ “ပထမရတာကတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပထမရဖို့အတွက် အားလုံးကို စတေး လိုက်တာမျိုးတော့ မလုပ်နိုင်ဘူး။ ခွေးလေးတွေက အရမ်း ပင်ပန်းနေပြီလေ။ သူတို့မျက်လုံး တွေက ခဏ နားချင်တယ်လို့ပြောနေတာ။ ခွေးလေးတွေကို သူတို့လုပ်နိုင်တာထက် ပိုပြီးမခိုင်းရက်ဘူး။” လို့ပြောတယ်။
၂၀၁၅ ခုနှစ်ပြိုင်ပွဲမှာတော့ အဆင့်ငါးရတယ်။ ၂၀၁၆ ခုနှစ် ပြိုင်ပွဲမှာတော့ အာလ်လီအခြေ အနေကောင်းတယ်။ လမ်းတစ်ဝက်ရောက်တော့ အဆင့်နှစ်နေရာမှာရှိနေတယ်။ ရှေ့က လူ ကို ကျော်နိုင်မယ့်အခြေအနေမှာရှိတယ်။ ဒါပေမယ့် သူထင်သလို ဖြစ်မလာဘူး။ အာလ်လီ တစ်ယောက်တည်း ညဘက် ယူကွန်းမြစ်အတိုင်းသွားရတဲ့အပိုင်းမှာ သွားနေတုန်း နောက်က နှင်းလျောယာဉ် ( Snowmobile) တစ်စီးမောင်းလာသံကြားရတယ်။ သာမန်အားဖြင့် နှင်းလျောယာဉ်တွေက ပြိုင်ပွဲဝင်တွေကို တွေ့ရင် ဝေးဝေးက ပန်းပြီးကျော်တက်ကြတယ်။
ဒါ့ကြောင့် အာလ်လီလည်း ကိုယ့်လမ်းအတိုင်းပဲပုံမှန်ဆက်သွားနေတယ်။ ဒါပေမယ့် အဲဒီ နှင်း လျောယာဉ်က အရှိန်ပြင်းပြင်းနဲ့ အနားက ကပ်ဖြတ်ပြီး စွတ်ဖားကို ချိတ်ဆွဲသွားတယ်။ အာလ်လီရော၊ သူ့ခွေးတွေပါ လွင့်စင်သွားတယ်။ ပြန်ထဖို့လုပ်နေတုန်း နှင်းလျောယာဉ် က ပြန်လှည့်လာတယ်။ နောက်တစ်ကြိမ်တိုက်ဖို့ကြိုးစားတယ်။ အာလ်လီက ခွေးတွေရှေ့က မားမား ရပ်ပြီး နှင်းလျောစီးတုတ်နဲ့ ပြန်ခုခံတယ်။ နှင်းလျောယာဉ်က အနားရောက်တော့ ကပ်ရှောင် သွား တယ်။ နောက်ထပ် သုံးလေးခါလောက် အဲဒီလိုလုပ်ပြီးမှာ ထွက်ပြေးသွားတယ်။ ဒါပေမယ့် နောက် တစ်နေရာမှာ ပြိုင်ပွဲဝင်တစ်ယောက်ကို ထပ်တိုက်တယ်။ ဒီတစ်ခါတော့ ခွေးတစ်ကောင်သေသွား တယ်။
ဒီတိုက်ခိုက်မှုကြောင့် ပြိုင်ပွဲဝင်အားလုံး တုန်လှုပ်သွားတယ်။ တိုက်ခိုက်တဲ့သူကိုလည်းမမိသေး တော့ နောက်ပြိုင်ပွဲဝင်တွေလည်း တိုက်ခိုက်ခံရမယ့် အန္တရာယ်ရှိနေတယ်။ အာလ်လီကို ရည် ရွယ် ပြီးတိုက်တာဆိုရင်လည်း နောက်ထပ် တိုက်ခိုက်မှာကို စိုးရိမ်ရတယ်။ သွားရမယ့် ခရီး ကလည်း မိုင် ၃၉ ၀ ကျော်ကျန်သေးတယ်။
ပြိုင်ပွဲကော်မတီနဲ့ လုံခြုံရေးအဖွဲ့တွေက သူ့လုံခြုံရေးအတွက် အာလ်လီကို ဆက်မပြိုင်ဘဲ နားမလားလို့မေးတယ်။ အယ်လ်လီက မနားဘူး။ ဆက်ပြိုင်တယ်။ အဆင့် ၃ ရတယ်။ အာလ် လီ ပန်းဝင်လာတော့ တစ်မြို့လုံးက ကောင်းချီးသြဘာပေးကြတယ်။ ပထမရတဲ့သူတောင် သူ့လောက် ဂုဏ်ပြုမခံရဘူး။
ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ အာလ်လီဟာ စိတ်ဖိစီးမှု နဲ့ ရင်ဆိုင်ရတယ်။ တရားခံကို တရားရုံး မှာ မျက်နှာချင်းဆိုင်ရမှာကို ကြောက်တယ်။ နောက်နှစ်ပြိုင်ပွဲဝင်ရင် သူတိုက်ခိုက်ခံရတဲ့ လမ်းအတိုင်း ပြန်သွားရမှာကို ကြောက်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ အဲဒါတွေ အားလုံးကို ကျော် လွှားနိုင်တယ်။ အာလ်လီက “ ကိုယ့်ဒုက္ခက သေးသေးလေး၊ သူများတွေက ကိုယ့်ထက် ပို ဆိုးတယ်၊ မေ့သင့်တဲ့အရာတွေကို မေ့လိုက်တာအကောင်းဆုံးပဲ” လို့ ရှင်းပြတယ်။
ပြိုင်ပွဲကို ဆက်ပြိုင်တယ်။ ၂၀၁၇ မှာ အဆင့် ၈၊ ၂၀၁၈ မှာ အဆင့် ၁၅၊ ၂၀၁၉ မှာ အဆင့် ၄ ရတယ်။ ဒီနှစ် ၂၀၂၀ မှာတော့ အဆင့် ၁၈ပဲရတယ်။ ဒါပေမယ့် ပရိသတ်ကတော့ အာလ်လီ ပန်းဝင်လာပြီဆိုတာနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုကြတယ်။ သူတို့အတွက် အာလ်လီဟာ စတားလုံးရဲ့ ရော့ကီ ဇာတ်ကောင်လိုပဲ၊ ဘယ်တော့မှအရှုံးမပေးတဲ့ သူရဲကောင်းပေါ့။
အာလ်လီက အသက်ငါးဆယ်ရှိပြီ။ နောက်နှစ်ပြိုင်ပွဲဝင်ဦးမလား၊ ချန်ပီယံဖြစ်ဖို့ မေ ျှာ်လင့် သေးလားလို့ မေးတဲ့အခါ
“ချန်ပီယံလား၊ ဖြစ်နိုင်တာပေါ့။ ပထမ ရရင် အရမ်းပျော်ရမှာ၊ ဒါပေမယ့် ပထမမရလို့ အသည်းကွဲစရာအကြောင်းမရှိဘူး။ နောက်တစ် ခါ ထပ်ကြိုးစားတာပေါ့။” လို့ ဖြေတယ်။
မှီငြမ်း ။ Losers, Aliy by Netflix နှင့် ဝီကီပီးဒီးယားမှ အချက်အလက်များ