အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ Jack Ryan ကတော့ကိုယ့်ဝါသနာနဲ့ ကိုယ့်အလုပ် တစ်ထပ် တည်းဖြစ်နေရင် အောင်မြင်တာပဲတဲ့။
ဂျက်ကို ၁၉ ၆၂ ခုနှစ် ဇူလိုင် ၂၇ နယူူးယောက်၊ ဘရွတ်ကလင်းနယ်မြေမှာမွေးတယ်။ သူ့ အဖေက ဆိပ်ကမ်း အလုပ်သမား၊ နာမည်ကလည်း Jack Ryanပဲ၊ သူ့အဖေက စိတ်ကြမ်း၊ လူကြမ်း။ သူစိတ်ကြည်ရင် ဂျက်ကို ဂျက်ကလေးလို့ ခေါ် တယ်။ မကြည်ရင် ေ-ာက်တုံး လို့ခေါ်တယ်။ ထစ်ကနဲ ဆိုရင် လက်ပါတယ်။ အဖေ က နှိမ်လွန်းတော့ ဂျက်ငယ်ငယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး။
ဂျက်က ငယ်ငယ်ထဲက လူနောက်၊ သူအသက် ခုနှစ် နှစ်မှာ အမေက စက်ဘီးဝယ်ပေးတယ်။ ပထမဆုံးစီးတဲ့နေ့မှာပဲ လက်လွတ်ပြီးစီးပြလိုက်တာ ကားတိုက်မိပြီး ရှေ့သွားတွေ အားလုံး ကျိုး သွားတယ်။ သွားတုတပ်ရတယ်။ အတန်းထဲရောက်ရင် သွားတုကို ချွတ်၊ ကောင်မလေးတွေ အလစ်မှာ ပခုံးပေါ်မှာ သွားတင်ပြီးစတယ်။ ဆရာမ စာသင်နေရင် သွားတုကို နဲ့နဲ့လေး လုပ်ထားပြီး အရိုးခြောက်လုပ်သလို ဂေါက်ဂေါက် ဂက်ဂက်လုပ်ပြတယ်။ ဂျက်က အဲဒီ သွားတု ရတာ ဘဝမှာပျော်စရာအကောင်းဆုံးလက်ဆောင်ပဲလို့ပြောတယ်။ အခုထိ ဗီဒီယိုရိုက်ရင် သွား တုနဲ့ ဂေါက်ဂက် လုပ်ပြနေတုန်း။
အလယ်တန်းရောက်တော့ အမေရိကန်လူငယ်တွေ ထုံးစံအတိုင်း အမေရိကန် ဘော်လုံး ကစား တယ်။ ကျောင်းအသင်းမှာကစားရတယ်။ ဒါပေမယ့် ဂျက် ပိုပြီး ဝါသနာပါတာက ဘတ်စကက် ဘော။ သူ့အဖေကတော့ ဘော်လုံးပဲ ကစားစေချင်တယ်။ ဘောလုံးအသင်းကထွက်ပြီး ဘတ် စကက်ဘောကစားမယ်လို့ပြောတော့ သူ့အဖေက အရမ်းစိတ်ဆိုးတယ်။ သား အဖ နှစ်ယောက်ဆက်ဆံရေးက မြောင်းထဲရောက်သွားတယ်။
ဂျက်တို့ အိမ်နောက်ဘက်က ပန်းခြံထဲမှာ ဘတ်စကက်ဘောကွင်းရှိတယ်။ မနက် နှစ်နာရီ၊ သုံးနာရီ ဆိုရင် အိမ်က ခိုးထွက်ပြီးသွားဆော့တယ်။ ငါးနာရီလောက်ဆိုပြန်လာပြီး အိပ်တယ်။
အထက်တန်းရောက်တော့ စာ မလုပ်၊ ဘတ်စကက်ဘောပဲ ကစားနေလို့ ကျောင်း နှစ်ကျောင်း ပြောင်းရ တယ်။ တတိယမြောက်ကျောင်းက လူမည်းတွေများတဲ့ကျောင်း၊ ရောက်စက အနှိမ်ခံရ တယ်၊ ရန် ဖြစ်တယ်။ ဒါ ပေမယ့် ဘတ်စကက်ဘောကစားပြတော့ သူ့ကိုလက်ခံ လာကြတယ်။ ကျောင်း လက်ရွေးစင်အသင်းမှာ ကစားခွင့်ရတယ်။ ဆုတွေဘာတွေရတယ်။
တစ်ကြိမ်မှာတော့ ဘတ်စကက်ဘောမှာ နာမည်ကြီးတဲ့ အခြားကျောင်းမှာ သွားပြိုင်ရတယ်။ အဲဒီကျောင်းကလည်း လူမည်းတွေများတယ်။ ကွင်း ထဲမှာ အဖြူဆိုလို့ သူ၊ သူ့သူငယ်ချင်း နဲ့ နည်းပြပဲရှိတယ်။ သူလက်စွမ်းပြတယ်။ တစ် ယောက်တည်းနဲ့ အမှတ် ၄၀ လောက်ရအောင် ဂိုးသွင်းခဲ့တယ်။ အိမ်ကွင်းပရိသတ်က သူ့ကို လှောင်တယ်၊ ဆဲ တယ်။ နောက်ဆုံးသူက အဲဒီပရိသတ်ဘက်ကို ဘောင်းဘီချွတ်ပြီး -င်ကုန်းပြတယ်။ ပြီးတော့ သူလုပ်နေကျ အတိုင်း သွားတုကို နဲ့နဲ့လေးထားပြီး ဂေါက်ဂက်လုပ်ပြတယ်။ ဒိုင်လူကြီးက သူ့ ကို ထုတ်ပစ်လိုက်တယ်။
ဂျက်က ဘတ်စကက်ဘောကစားတဲ့အခါ စိတ်ရော ကိုယ်ရောနှစ်ကစားတယ်။ ဒေါသ ကြီးတယ်။ ပေါက်ကွဲလွယ်တယ်၊ ပြီးရင် သမားရိုးကျ နည်းစနစ်ပုံစံတွေမဟုတ်ဘူး။ ဘောလုံး ကို ဆပ်ကပ်ထဲက ဘောလုံးကစားသလို အမျိုးမျိုး လုပ်ပြီးကစားတယ်။ နည်းပြ တွေခိုင်းတဲ့ လေ့ကျင့်ခန်းလည်း လုပ်ချင်မှလုပ်တယ်။ ဒီတော့ ကွင်းထဲမှာ လက်စွမ်းပြနိုင်ပေမယ့် နည်းပြတွေနဲ့ အဆင်မပြေဘူး။ နည်းပြတွေ၊ အသင်းဖော်တွေက သူ့ကို အသုံးမကျဘူး အလကား ကောင်ဆိုပြီးနှိမ်တယ်။ သူက ပိုပြီး အရွဲ့တိုက်တယ်။
အထက်တန်းကျောင်းပြီးတော့ ဘတ်စကက်ဘောကောင်းတဲ့ သူ့ကို တက္ကသိုလ်၊ ကောလိပ်တွေကလည်း စိတ်ဝင်စားတယ်။ သူ တို့ အသင်းအတွက်ခေါ်တယ်၊ ကျောင်းတက်ခွင့်ပေးတယ်။ ကြာကြာမခံဘူး။ လက်လန်သွား တယ်။ အဲဒီအချိန်မှာ ဂျက်က အရက်၊ မိန်းမ၊ ဆေး အကုန်စုံနေပြီ။ ဒါပေမယ့် ကွင်းထဲရောက်ရင်တော့ ပုံမှန်လက်စွမ်းပြနေဆဲပဲ။ ဒါပေမယ့် ဘယ်အသင်းကမှ စနေမနက် လေ့ကျင့်ခန်းကို အရက်နံ့ တထောင်းထောင်းနဲ့ ရောက်လာတဲ့ အသင်းသားကို လက်မခံနိုင်ဘူူး။ ကျောင်းလေးကျောင်းပြောင်းရတယ်။
ဒီလို နဲ့ကျောင်းထွက်လိုက်ရတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘယ်တော့ မှ မရောက်နိုင်တော့ဘူးဆိုတာ လက်ခံလိုက်တယ်။ ပန်းခြံတွေထဲက ကွင်းတွေမှာ လိုက် ကစား တယ်။ အဲဒီလိုကစားတဲ့သူတွေကို streetball player လို့ခေါ်တယ်။ သူတို့က လွတ်လပ်တယ်၊ ကြိုက်သလို အစွမ်းပြနိုင်တယ်။ ဂျက်အတွက်ကတော့ အဲဒါ နေရာမှန်ပဲ။ Streetball ကစားသူ အများစုက လူမည်းတွေဆိုတော့ အစပိုင်းမှာ သူ့ကို အထင်သေးကြတယ်။ ဒါပေမယ့် နောက်တော့ ဆရာကြီးဖြစ်သွားတယ်။
ဂျက်က ငါးဒိုင်မှာ အလုပ်ရတယ်။ မနက် နှစ်နာရီ၊ သုံးနာရီ အလုပ်ဆင်း ၊မနက် ၇ နာရီ ဆိုရင် အလုပ်သိမ်းတယ်။ ပြီးရင် ခဏပြန်အိပ်၊ နိုးလာရင် တစ်နေကုန် ပန်းခြံထဲမှာ ဘတ်စကက်ဘော ကစား၊ ည အရက်အမူးသောက်၊မနက်အလုပ်ဆင်း ၊ အိပ်၊ ကစား။ ဒီသံသရာမှာပဲ လည်နေတယ်။
သူ့ငယ်သူငယ်ချင်းတွေ အလုပ်အကိုင်အတည်တကျဖြစ်နေပြီ။ သူကတော့ ဝေလေလေပဲ။
သူ အသက် ၂၇ နှစ်မှာ သူကစားနေတာကို ဝါရှင်တန်ပို့စ် အားကစားဆောင်းပါးရှင် Pete Vescey ကတွေ့ပြီး အရမ်းသဘောကျသွားတယ်။ Pete က ဂျက်တစ်ယောက် လမ်းပေါ်မှာ ကစားနေတာဟာ သူ့အရည်အချင်းကို ဖြုန်းတီးပစ်နေတာပဲ။ ဂျက်ဟာ NBA မှာ ပရော်ဖက်ရှင် နယ်အဖြစ် ကစားသင့်တဲ့သူလို့ မြင်တယ်။ ဒါ့ကြောင့် ဂျက်ကို ကလပ်အသင်းတစ်ခုခုမှာ ကစား ဖို့ နားချတယ်။
ပြီးတော့ သူ့မိတ်ဆွေ Bill Fitch နည်းပြနေတဲ့ New Jersey NETS အသင်းကို အပ်ပေးတယ်။ Pete ဘဝမှာ လမ်းပေါ်က ကစားသမားတစ်ယောက်ကို ထောက်ခံပေးတာ ဂျက်က ပထမဆုံးပဲ။ Bill Fitch က တွေ့စမှာ ဂျက်ကို အထင်မကြီးဘူး။ ကွင်းထဲမှာစမ်းကြည့်တော့မှာ ဂျက်အရည် အချင်းကို သိသွားပြီးလက်ခံလိုက်တယ်။ လာမယ့်ရာသီအတွက် ကစားသမားတွေကို စခန်း သွင်း လေ့ကျင့်တဲ့နေရာကို ခေါ်သွားတယ်။
ဂျက်ကလည်း အခွင့်အရေးကို လက်လွတ်မခံဘူးလို့ ဆုံးဖြတ်တယ်။ အရင်အကျင့်တွေ အားလုံး ကို ပြင်ပြီး ခိုင်းသမ ျှ လုပ်တယ်။ ကွင်းထဲမှာ အစွမ်းပြတယ်။ ဒါပေမယ့် နောက်ဆုံးလူစာရင်း ဖြတ် တဲ့ အချိန်မှာ သူမပါတော့ဘူး။ နည်းပြတွေက ရေရှည်ပျိုးထောင်လို့ရမယ့် ကစားသမား၊ အသင်း က ချပေးတဲ့ပုံစံအတိုင်းလိုက်ကစားမယ့် ကစားသမားမျိုးကို လိုချင်တာ။ ဂျက်က အဲဒီပုံစံခွက်ထဲမှာ မဝင်ဘူး။ မှတ်မှတ်ရရ ဂျက်ကို မရွေးဘူးလို့ခေါ်ပြောတဲ့နေ့က သူ့မွေးနေ့၊ ၁၉ ၉ ၀ ဇူလိုင် ၂၇။
ဂျက်တစ်ယောက် စိတ်ဓာတ်ကျလွန်းလို့ ပုံလဲမတတ်ဖြစ်သွားတယ်။ တန်ဖိုးမရှိတဲ့ လူတစ်ယောက်လို့ခံစားရတယ်။ ဒီလိုနဲ့ ကစားလိုက်၊ သောက် လိုက်ဘဝကို ပြန်ရောက်သွားတယ်။
၁၉ ၉ ၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မှာ သူ့လက်ထဲမှာ ၁၅ ဒေါ်လာပဲရှိတယ်။ လူက အသက် သုံးဆယ်ကျော်နေပြီ၊ အလုပ်အကိုင်က အတည်တကျမရှိဘူး။ သူ့ အခန်းလခကိုတောင် အမေက ပေးနေရတာ။ အဖေကတော့ ကွယ်လွန်သွားပြီ၊ သူသေတဲ့အချိန်ထိ ဂျက်ကို အသုံးမကျ တဲ့ကောင်လို့ မြင်သွားခဲ့တယ်။ နှစ်သစ်ကူးညမှာ အရက်မူးအောင်သောက်တယ်၊ မြေအောက် ရထားပေါ်မှာ ငိုတယ်၊ ပလက်ဖောင်းပေါ်မှာ လမ်းလေ ျှာက်ရင်းငိုတယ်။ သူ့ညီမဆီကို ဖုန်းဆက် ပြီး လောကကြီးမှာ မနေချင်တော့ဘူးလို့ပြောတယ်။
ဒါပေမယ့် ဘတ်စကက်ဘောကစားတာတော့ မရပ်ဘူး။ ကွင်းထဲမှာ ကစားနေတဲ့အချိန်ပဲ သူ့ ကို သူယုံကြည်မှုပြန်ရတာကိုး။ ၁၉ ၉ ၇ ခုနှစ်ထဲမှာပဲ သူကစားနေကျ ၁၄ လမ်းကွင်းမှာ ကစားနေတုန်း ဘောလုံးကို လက်မပေါ်၊ လက်ချောင်းတွေပေါ်၊ ပခုံးပေါ်၊ ကျော်ပေါ် တင်ပြီး အမျိုး မျိုးဆော့နေတဲ့ ဂျက်ကို နည်းပြတစ်ယောက်က “ မင်းဒါတွေ လုပ်တတ်တာ၊ Harlem Wizards အသင်းမှာ ကစားပါလား” လို့ အကြံပေးတယ်။ Harlem Wizards အသင်းဆိုတာက ဖျော်ဖြေရေးနဲ့ ဘတ်စကက်ဘော ကို တွဲပြီး ပျော်ပွဲရွှင်ပွဲတွေ၊ NBA ပြိုင်ပွဲတွေမှာ ဖျော်ဖြေတဲ့အသင်း။ ဘောလုံးနဲ့ စတန့်အမျိုးမျိုး လုပ် ပြတယ်။ ကလေးတွေကိုလည်း လုပ်ခိုင်းတယ်။
နောက်ဆုံး ဂျက်တစ်ယောက် Harlem Wizards အသင်းကို ရောက်သွားတယ်။ ကျောနံပါတ် ၂၁ ဝတ်ရတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု၊ နောက်ပြောင်တတ်မှုတွေက အဲဒီအသင်းနဲ့ အကိုက်ဆုံးပဲ။ ဂျက် တစ်ယောက် နေရာမှန်ကို တွေ့သွားတယ်။ အဲဒီတစ်သင်းလုံးမှာ သူတစ်ယောက်ပဲ လူဖြူ ရှိတဲ့ အတွက် သူ့ကိုယ်သူ Black Jack လို့ နာမည်ပေးလိုက်တယ်။
ဘဝတည်ငြိမ်သွားတဲ့ ဂျက်ဟာ Streetball ကစားသမားတွေအတွက် ပြိုင်ပွဲတွေမှာ ဝင်ပြိုင် တယ်။ ၂၀၀၃ နှစ်မှာ Streetball အကြောင်းရေးတဲ့ Slam မဂ္ဂဇင်းရဲ့ အကောင်းဆုံး ကစားသမား ဆုရတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာပဲ နယူးယောက်တိုင်းမ်သတင်းစာ အားကစားကဏ္ဍမှာ သူ့အကြောင်းဆောင်းပါး ရှည် ကြီးပါခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ Slam 3-Point Shooting ချန်ပီယံဆုကိုရတယ်။ ဒါ့အပြင် ဂျက်ဟာ ဘတ်စကက်ဘော ဘော်လုံးကို လက်ပေါ် တင်လှည့်တာနဲ့ ပတ်သက်တဲ့ ဂင်းနစ် စံချိန် သုံးခု ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
အခု ဂျက်မှာ မော်ဂန်ဆိုတဲ့သမီးလေးရနေပြီ။ သမီးလေးကလည်း တစ်နှစ်သမီးထဲက သူ့ နဲ့ အတူ ကွင်းထဲမှာလိုက်ဆော့ခဲ့တာ။ အခုသားအဖနှစ်ယောက်တွဲပြီး ဖျော်ဖြေနေပြီ။ ဂျက်ကတော့ ကလေး တွေကို ဖျော်ဖြေရတာ အကြိုက်ဆုံးပဲတဲ့။ ကလေးတွေရဲ့ ရယ်သံက သူ့အတွက် ခွန်အား အသစ်ကိုပေးတယ်၊ သူ့ဘဝသင်ခန်းစာတွေကို ကလေးတွေကို မ ျှဝေပေးရတာ ကြိုက်တယ်။
ဝါသနာပါတာကို လုပ်နေရတော့ အလုပ်လုပ်နေတယ်လို့တောင်မခံစားရဘူး။ အရင်က ကိုယ့်ကို ကိုယ် ယုံကြည် မှုတွေက ခြေထောက်အောက်မှာ၊ အခုတော့ မိုးပေါ်မှာ၊ ဒီဘဝကနေ ဘယ်တော့မှ အနားမယူဘူး လို့ ဂျက်ရိုင်ယန်ကပြောတယ်။