ပြီးခဲ့တဲ့ ရက်တွေမှာ စာတွေမပြတ်ရေးနေပေမယ့် တကယ်တော့ ကျွန်တော်ဟာ တံခါးပိတ် သော့ခတ် Lockdown လုပ်ခံထားရတာပါ။ သင်္ကြန်ကာလ အိမ်မှာပဲနေကြဖို့သတ်မှတ်ထား တဲ့ အချိန် ဧပြီ ၁၀ ရက်နေ့က စပြီးအိမ်မှာပဲနေတယ်။ ဧပြီ ၁၅ ကျတော့ ကျွန်တော်တို့နေတဲ့ တိုက် တစ်တိုက်လုံး အပြင်မထွက်ဖို့ တားမြစ်ခံရတယ်၊ မေ ၅ ရက် ညနေရောက်မှ Lockdown ကာလ ပြီး တယ်ဆိုတော့ တစ်လနီးပါးလောက် တံခါးပိတ်နေခဲ့ရတာပေါ့။
တံခါးပိတ်သော့ခတ်ခံရတာကတော့ ထုံးစံအတိုင်းပါပဲ။ တိုက်မှာနေတဲ့ လူနှစ်ယောက်က ရောဂါပိုး ရှိကြောင်းစစ်ဆေးတွေ့ရှိသူ အိမ်ကိုရောက်ဖူးတယ်။ ဒီတော့ သူတို့ နှစ်ယောက်ကို သီးခြား စောင့်ကြည့်ဖို့လာခေါ်သွားတယ်။ ကျွန်တော်တို့အားလုံးကတော့ တိုက်ထဲမှာပဲနေပေါ့။
ကျွန်တော်တို့ မြို့နယ်ကတော့ သံသယရှိသူကိုလာခေါ်တာ အဲဒီကာလက ဖေ့စ်ဘွတ်တွေမှာ မြင် ရသလို မီးတန်းကားတွေ၊ ဝတ်စုံမျိုးစုံနဲ့ လက်ညှိုးထိုးပြီး သြဇာပေးမယ့်သူတွေ၊ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မယ့် လူအုပ်ကြီးတွေမပါပါဘူး။ လုပ်ရမယ့်အလုပ်တွေကို အေးအေးဆေးဆေးပဲ လုပ် သွားခဲ့တယ်။
ပထမဆုံး ကျန်းမာရေးက ကာယကံရှင်ကို ဖုန်းနဲ့ဆက်သွယ်တယ်။ လိုအပ်တာတွေ ကြိုပြင်ဆင် ထားဖို့ပြောတယ်၊ လူနာတင်ကားရယ်၊ တာဝန်ရှိသူတွေရယ်ရောက်လာတယ်။ သံသယရှိသူတွေ ကို ခေါ်သွားတယ်။ တာဝန်ရှိသူတွေက တိုက်စည်ပင်သာယာရေးအဖွဲ့က လူကြီးတွေကို လိုက် နာရမယ့် စည်းကမ်းတွေ နဲ့ သူတို့ဘက်က လုပ်ဆောင်ပေးမယ့် အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စတွေကို ရှင်းပြတယ်။ Lockdown ကို စောင့်ကြည့်မယ့် အဖွဲ့တွေနေရာယူတယ်။ ဒါ ပါပဲ။ ကျွန်တော်တို့အပါအဝင် တစ်ချို့ အခန်းတွေဆိုရင် တိုက်လူကြီးတွေက အကြောင်းကြားမှ Lockdown ဆိုတာ သိရတယ်။
Lockdown သတင်းကို ကြားတော့ ပထမဆုံးလုပ်တဲ့အလုပ်ကတော့ သံသယရှိသူနှစ်ယောက်မှာ ပိုးမတွေ့ပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့တာပဲ။ ဒါပေမယ့် ဒီဆုတောင်းဟာ စစ်မှန်တဲ့ဆုတောင်း လို့တော့ ပြောလို့မရဘူး။ သူတို့မှာ ပိုးတွေ့ရင် ကိုယ်ပါ ၂၁ ရက် Lockdown အလုပ်ခံရမှာကို ကြောက်လို့ ဆုတောင်းတဲ့ ကိုယ်ကျိုးနဲ့ယှဉ်သော ဆုတောင်းမျိုးပါ။
ဒါပေမယ့် ဆုတောင်းမပြည့်ပါဘူး။ တစ်ယောက်မှာ ပိုးတွေ့လို့ ဆေးရုံတက်ရတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ပိုးမတွေ့ပေမယ့် ၂၁ ရက် သီးခြားစောင့်ကြည့်ခံရတယ်။ ကျွန်တော် တို့ တိုက်လည်း ၂၁ ရက် Lockdown ဖြစ်မယ်လို့ အကြောင်းကြားတယ်။ တိုက်မှာနေတဲ့လူစာ ရင်းကောက်တယ်။
တကယ် Lockdown နဲ့ ရင်ဆိုင်ရပြီဆိုတော့ ပထမဆုံးပေါ်လာတာက အပြစ်တင်တဲ့စိတ်ပဲ ။ ဒီလူ တွေ ဘာဖြစ်လို့ အဲဒီနေရာကို သွားရတာလဲ၊ အဲဒီလူကို တွေ့ရတာလဲ။ သူ့ကြောင့် ငါတို့ အားလုံး ဒုက္ခရောက်ပြီ စသည်ဖြင့်ပေါ့။ ဒါပေမယ့် ဘယ်သူက ရောဂါကူးစက်ခံချင်မှာလဲ။ သူလည်း မသိလို့ သွားမိ တာပေါ့။ ကိုယ်က အိမ်မှာ တံခါးပိတ်သော့ခတ်ခံရတာ၊ သူကျတော့ မိသားစုနှစ်ယောက်ထဲရှိတာ၊ တစ်ယောက်က သီးသန့် ခွဲထား တဲ့နေရာမှာ။ တစ်ယောက်က ဆေးရုံမှာ၊ ဘယ်လိုနေရှာမလဲ လို့တွေးပြီး ခွင့်လွှတ်နိုင်ပါတယ်။
တိုက်က လူအများစုကလည်း ဒီလိုပဲတွေးမယ်ထင်ပါတယ်။ သံသယလူနာနှစ်ယောက်ရဲ့ ပုဂ္ဂိုလ် ရေးလွတ်လပ်ခွင့်ကိုလည်း မတိုင်ပင်ထားပဲနဲ့စောင့်ထိန်းကြပါတယ်။ တကယ်တော့ အဲဒီအထဲက က တစ်ယောက်ဆိုရင် နာမည်ပြောလိုက်ရင် လူတော်တော်များများသိတဲ့သူပါ။ ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ် နဲ့ သူ့မိသားစုဝင် တို့ ပိုးတွေ့တာ၊ Q ဝင်ရတာ နဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ မတွေ့ ရဘူး။
အပြစ်တင်ချင်တဲ့စိတ်ပျောက်သွားတော့ စိုးရိမ်စိတ်ပေါ်လာတယ်။ ရောဂါပိုးတွေ့သူနဲ့ အတက်/ အဆင်း ဆုံခဲ့ဖူးလား၊ တိုက်အဝင်တံခါး၊ ဓာတ်လှေကား၊ ဘာတွေကိုင်မိခဲ့သလဲ။ အပြင်က ပြန်လာတိုင်း လက်ဆေးမိ ရဲ့လား၊ တိုက်ထဲမှာ ကူးစက်ခံရသူ ထပ်တွေ့ရင် ဘာဆက်ဖြစ်မလဲ။ အဲဒီ အတွေးတွေက နှစ်ပတ်လောက် ဖိစီးနေတယ်။နှစ်ပတ်မြောက်မှာ ကိုယ်ရော၊ တိုက်က သူ တွေပါ ဖျားတာ၊ ရောဂါလက္ခဏာပြတာ မရှိတော့ဘူးဆိုမှ သက်ပြင်းချနိုင်တော့တယ်။
ကိုယ့်အိမ်မှာကိုယ် Lockdown လုပ်ခံရတာဆိုတော့ နေမှု၊ စားမှုကတော့ အခက်အခဲမရှိဘူး။ သင်္ကြန်မတိုင်ခင်ထဲက နှစ်ပတ်စာကြိုဝယ်ထားတာရှိတယ်။ အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင် မှု တွေရှိတယ်။ အိမ်နဲ့မနီးမဝေး ဝယ်နေကျဈေးက ဟင်းသီးဟင်းရွက်သည်က ဧပြီ ၁၀ Home Stay ကာလမစခင်ထဲက ဖောက်သည်တွေကို သူ့ဖုန်းနံပါတ်ပေးထားတယ်။ လိုရင်ဖုန်းဆက်မှာ၊ ဆိုက်ကားနဲ့ ပို့ ပေးမယ်၊ ပို့ဆောင်ခမယူဘူးလို့ပြောထားတယ်။ တိုက်မှာ သူ့ဖောက်သည် လေးငါး ယောက်ရှိ တော့ ဟင်းသီးဟင်းရွက်အပြင် သူ့ဆိုင်မှာ မရှိတဲ့ အသား၊ ငါး ၊ ကြက်ဥ တွေ လည်း မှာရင် ဝယ်ပို့ပေးတယ်။ Lockdown ပြီးတော့လည်း ဒီဝန်ဆောင်မှုကို ဆက် ပေး မယ်တဲ့။ ကိုဗစ် အလွန်ကာလမှာ အရောင်းအဝယ်ပုံစံတွေ ပြောင်းလဲသွားတော့မယ့် လက္ခဏာ ပဲ။
လူ အပြင်မထွက်ရတော့ အင်တာနက်ပေါ်ကနေ ခရီးထွက်တယ်။ ဒါပေမယ့် ဘယ်နေရာ ကြည့် ကြည့် ရောဂါ ကပ်ဘေးသတင်းတွေ၊ ကြာတော့လည်း ကူးစက်ခံရသူ၊ သေဆုံးသူ စာရင်း တွေကို ဘောလုံးပွဲရလဒ်လို စောင့်ကြည့်ရတာ ငြီးငွေ့လာတယ်။ ဒါ့ကြောင့် သတင်းတွေထဲက စိတ်အားတက်ကြွစရာအဖြစ်အပျက်လေးတွေကို ရှာဖွေပြီးရေးတယ်။
အပြင်မထွက်ရဘူးဆိုတော့ အတိတ်က သွားခဲ့၊လာခဲ့ ၊ စားခဲ့တာတွေပြန်တွေးတယ်။ အရမ်းသွား ချင်တယ်။ ဒါပေမယ့် နည်းနည်းကြာလာတော့ ဒါတွေ မရှိဘဲနဲ့လဲ နေလို့ရတာပဲ ဆိုတာမြင် လာ တယ်။ စာအုပ်စင်ကို ရှင်းတယ်။ အညွှန်းကောင်းလို့ ဝယ်ထားပြီး မဖတ်ဖြစ်တဲ့စာအုပ်တွေ နဲ့ အကြိမ်ကြိမ်ဖတ်ဖြစ်တဲ့စာအုပ်တွေ၊ မဖြစ်မနေ ဖတ်ကို ဖတ်ရမယ့်စာအုပ်တွေကို ခွဲခြား လိုက်တယ်။ အီလက်ထရောနစ်ပစ္စည်းတွေထည့်ထားတဲ့ပုံးထဲမှာလည်း ဒီလိုပဲ။ လက်ရှိသုံးနေ တာနဲ့ ထူးဆန်းလို့၊ လှလို့၊ ဝယ်ထားတာတွေ ခွဲလိုက်တယ်။ မလိုတာတွေအားလုံး လိုတဲ့သူတွေ ကို ပေးဖို့ စီစဉ်တယ်။
အားလုံးပြီးသွားတော့ ဘဝမှာ လိုအပ် လို့ မဖြစ်မနေလုပ်ရတဲ့ ကိစ္စ ( Need ) နဲ့ အလိုဆန္ဒတွေကြောင့် လုပ်မိ တဲ့ ကိစ္စ ( Want) တွေကို ခွဲခွဲခြားခြားမြင်လာတယ်။ အပိုတွေ နဲ့ ဝန်ပိနေတဲ့ ကိုယ့်ကိုကိုယ် သနားမိတယ်။
အင်္ဂလိပ်လူမျိုးစာရေးဆရာ Jerome K. Jerome ( ၁၈၅၉ – ၁၉ ၂၇) ကတော့
“ ဘဝလှေကို ပေါ့ပေါ့ပါးပါးထား၊ လိုအပ်တာပဲယူ၊ နွေးထွေးတဲ့အိမ်၊ ရိုးစင်းတဲ့ပျော်ရွှင်မှု၊ မိတ်ဆွေ ကောင်းတစ်ယောက်၊ နှစ်ယောက်၊ ချစ်သူတစ်ယောက်၊ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်၊ ဆေးတံတစ်ချောင်း၊ နှစ်ချောင်း ဆိုရင် နေပျော်ပြီ ”လို့ ဆိုဖူးတယ်။
ဗုဒ္ဓကတော့ မေတ္တသုတ်မှာ ဉာဏ်ပညာနဲ့ယှဉ်တဲ့ အကျိုးစီးပွားရဖို့ဆိုရင် နည်းသော အမှုကိစ္စ ( အပ္ဗကိစ္စောစ ) ရှိရမယ်၊ ပေါ့ပါးသော နေထိုင်မှု ( သလဟုကဝုတ္တိ ) ရှိရမယ်လို့ဟောကြားခဲ့ တယ်။
လူသားတွေသာ အသက်ရှင်သန်ရေးအတွက် မလုပ်မဖြစ် လုပ်ရမယ့်အလုပ်တွေကိုပဲ လုပ်မယ် ၊ အပိုအလုပ်တွေလေ ျှာ့လိုက်မယ်ဆိုရင် ကမ္ဘာကြီးဟာ အတော်နေထိုင်လို့ကောင်းတဲ့နေရာ ဖြစ် မှာပဲ။ လူတွေဟာ သူတို့ရဲ့ အပိုအလုပ်တွေနဲ့ ကမ္ဘာကြီးကို ဝန်ပိစေခဲ့တာ ကြာခဲ့ ပြီ ။ အခု ကိုဗစ် ကပ်ဘေးကြောင့် အလုပ်ပိုတွေမလုပ်နိုင်တဲ့အခါ ကမ္ဘာကြီး ပြန်ကျန်းမာလာခဲ့တာမျက်မြင် ကိုယ် တွေ့ပဲ။
လူကို သော့ခတ်တံခါးပိတ်ထားချိန်မှာ၊ စိတ်တံခါးတွေပွင့်သွားခဲ့တယ်။ သော့ခတ်တံခါးပိတ် ချိန် ပြီးဆုံးသွားပေမယ့် အပိုတွေကို ဖယ်ထုတ်ပစ်ဖို့ကိစ္စတွေမပြီးသေးဘူး။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေက စာအုပ်စင် ရှင်းသလောက်မလွယ်လှဘူး။