ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်ရပ်တည်ခွင့်မရှိကြောင်း နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာခဲ့တယ်။ ပုံ ၁
ဒီကြေညာချက်ကြောင့် တစ်ချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် ကြတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် လို့မရဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအတိုင်းလုပ်ရမှာပဲ။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ အချက်နှစ်ချက်ပါတယ်။
ပထမအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (ဃ) နဲ့ ငြိစွန်း တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ပုဒ်မ ၁၁ ပုဒ်မ ခွဲ (ဃ) ဆိုတာက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံ ရ ပြီး တဲ့နောက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိ ဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ပုံ ၂
ဒုတိယအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၈ ၊ ပုဒ်မခွဲ (က) အရ နောင် ပြုလုပ်တဲ့ရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ဖြစ် ပါတယ်။
ပုဒ်မ ၈၈ ပုဒ်မခွဲ (က) ဆိုတာက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ဒါမှမဟုတ် သေဒဏ် / တစ်သက်တစ်ကျွန်းဒဏ်ထိုက်သော ပြစ်မှုနဲ့ ပြစ်ဒဏ်စီရင်ခြင်းခံရလို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူးလို့ ကြေညာခြင်းခံရရင် အဲဒီကြေညာတဲ့နေ့က စပြီး နောင် ပြုလုပ်သည့် ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်မရှိဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ပုံ ၃
ဒီပုဒ်မ ၈၈ (က) က နည်းနည်းတော့ ထူူးခြားတယ်။ ဒီပုဒ်မကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကျမှ ပြင်ဆင်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပုံ ၄
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှတ်တမ်းများအရ
ဒီဥပဒေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတာ၊ ဆွေးနွေးတာမရှိဘူး ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကြားမှာ သဘောထားကွဲတာ မရှိတဲ့အတွက်ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၁ အရ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုတယ်။ ပုံ ၅
သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၁၈ ရက်နေ့မှာလက်မှတ် ထိုးတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၇) အဖြစ် အတည်ဖြစ်သွားခဲ့တယ်။
အဲဒါဆိုရင် တပ်မတော်အစိုးရ ( နယကအစိုးရ ) လက်ထက် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေမှာ ပုဒ်မ ၈၈ ကို ဘယ်လို ပြဋ္ဌာန်းခဲ့လဲ ပြန်လေ့လာကြည့်ရအောင်။
အဲဒီ မူလ ဥပဒေမှာ က ပုဒ်မ ၈၈ မှာ အပိုဒ်ခွဲတွေမပါဘူး။ တစ်ပိုဒ်ပဲပါတယ်။ အဲဒီမှာ ရွေးကောက် ပွဲ ဥပဒေအရ အရည်အချင်းပျက်ယွင်းရင်၊ ဒါမှမဟုတ် ရွေးကောက်ပွဲဥပဒေအခန်း ၁၃ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုကျူးလွန်လို့ ထောင်ဒဏ်ကျခံရရင် ၊ ဒါမှမဟုတ် တည်ဆဲ ဥပဒေတစ်ခုခုကို ချိုးဖောက်ပြီး ထောင်ဒဏ်ကျခံရရင် လက်ရှိ လွှတ်တော်သက်တမ်း နဲ့ နောက် လာမယ့် လွှတ်တော်သက်တမ်းအတွက် ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိ လို့ပဲ ပြဋ္ဌာန်းထားတယ်။ ပုံ ၆
ဒီတော့ မူလဥပဒေမှာက လက်ရှိလွှတ်တော်သက်တမ်းနဲ့နောက်လာမယ့်လွှတ်တော်သက်တမ်း ဆိုတော့ အများဆုံး ဆယ်နှစ် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးပေါ့။
၂၀၁၆ တတိယအကြိမ်ပြင်ဆင်ချက်မှာကျတော့ “ နောင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ” လို့ ပြဋ္ဌာန်းထားတဲ့အတွက် တစ်သက်လုံး နိုင်ငံရေးမလုပ်ရတဲ့သဘောဖြစ်နေတယ်။ ပိုပြင်း ထန် သွားတယ်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အဲဒီအချိန်က ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ကိုယ် တိုင်လည်း အလေးအနက်မထားခဲ့ဘူး။ ပြင်တယ်ဆိုတဲ့သတင်းလောက်ပဲ သိခဲ့တယ်။ လွှတ်တော် ထဲမှာ အကြိတ်အနယ်ဆွေးနွေးတာလည်း သတိမထားမိဘူး။ မီဒီယာတွေမှာလည်း အကျယ် တဝင့် သုံးသပ်တာရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်လက်လှမ်းမီသလောက်မှာတော့ မတွေ့ခဲ့ ဘူး။
အခု ဒေါက်တာအေးမောင် ကိစ္စဖြစ်လာတဲ့အချိန်မှာတော့ ပုဒ်မ ၈၈ (က) ကိစ္စက အလေးအနက် ဆွေးနွေးရမယ့် ကိစ္စဖြစ်လာပြီလို့မြင်ပါတယ်။ ဒီပုဒ်မကို ပြင်သင့်လား၊ ဒီအတိုင်း ဆက်ထားမလားဆိုတာကလည်း လက်ရှိလွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရအဖွဲ့က ပြန် လည် သုံးသပ်သင့်ပါပြီ။ သမ္မတ ဦးဝင်းမြင့် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့လည်း အဲဒီအချိန်က လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့အတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ တဲ့အခြေအနေတွေကို သိမှာပါ။
မတရားတဲ့ဥပဒေတွေဆိုရင် ပြင်ရမယ်၊ ဆန့်ကျင်ရမယ်ဆိုတဲ့ အယူအဆကို ဆွဲကိုင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်များလက်ထက်မှာ ပြင်ချင်တဲ့ဆန္ဒရှိရင် ပြင်လို့ရတယ်လို့ပဲ မြင်ပါတယ်။