ဝေဖန်မှုနဲ့ သတိပြုစရာ

ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression ) က အရေးကြီးတယ်။ ဒီနေ့ပြောနေကြတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အစိတ်အပိုင်း၊ တနည်းအားဖြင့် စာနယ်ဇင်းသမားများရဲ့ လုပ်ငန်း သဘောသဘာ၀ အရ လိုအပ်ချက်များကို သီးခြားအထူးပြုပြောထားတာဖြစ်ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးများထဲက တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကို ၊ အဖွဲ့အစည်းတစ်ခုကို ဝေဖန် တယ်ဆိုတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာပဲပေါ့။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားတယ်။

“ လူတိုင်းတွင် ထင်မြင်ယူဆခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ တွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်း အချက်အလက်နှင့်အတွေးအခေါ်အယူအဆများကို သတင်းမီဒီယာတစ်ရပ်ရပ်မှ တဆင့် နယ်နမိတ်အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့် ၊ လက်ခံခွင့် နှင့် ဖြန့်ချိခွင့် တို့ပါဝင်သည်။

အခုခေတ် ဖေ့စ်ဘွတ်ကနေ၊ ဘလော့ဂ်ကနေ ကိုယ့်အယူအဆတွေ၊ အတွေးအမြင်တွေ၊ သုံးသပ် ချက်တွေကို ရေးသားနေတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကို ကျင့်သုံးနေတာပါ ပဲ။

ဒါပေမယ့် ဒီ အခွင့်အရေးဟာ အတားအဆီးမဲ့၊ အကန့်အသတ်မဲ့ကျင့်သုံးလို့ ရတာတော့ မဟုတ်ဘူး။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၂ မှာ

“ မည်သူမ ျှ မိမိ၏ ပုဂ်္ဂိုလ်ရေးလွတ်လပ်ခွင့် ၊ မိသားစု ၊ နေအိမ် သို့မဟုတ် စာပေး စာယူ ကိစ္စရပ်များတွင် မတရားဝင်ရောက်စွက်ဖက်ခြင်းကိုလည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ခာ နှင့် ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း၊ ပုတ်ခတ်ခြင်းတို့မှ ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်ရှိသည်။ ”

လို့ ဖော်ပြထားတယ်။

ဒီတော့ လူတိုင်းက လွတ်လပ်စွာဝေဖန်လို့ရတယ်။ ဒါပေမယ့် ဝေဖန်ခံရသူဘက်ကလည်း ကိုယ့် ဂုဏ်သိက္ခာကို ထိခိုက်တယ်၊ မမှန်မကန်ဝေဖန်ခံရတယ်လို့ ယူဆရင် တရားစွဲတာ၊ တိုင်ကြား တ လုပ်လို့ရတယ်၊ နှစ်ယောက်လုံးမှာ အခွင့်အရေးရှိတယ်။ ဘယ်သူ့အခွင့်အရေးက ပိုသာတယ် လို့ ပြောလို့မရဘူး။ နှစ်ခုလုံးက အခြေခံလူ့အခွင့်အရေးပဲ၊ တန်းတူပဲ။

ဒါ့ကြောင့်လည်း သက်ဆိုင်ရာနိုင်ငံတိုင်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကို ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ အခြေခံဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားသလို လူတစ်ဦးချင်းက မိမိ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ တရားမဥပဒေ နဲ့ ပြစ်မှုဆိုင်ရာဥပဒေတွေ ပြဋ္ဌာန်းပေးထားတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူပဲ။

ဒီတော့ ဝေဖန်သူကိုလည်း ဝေဖန်ရမလားဆိုပြီး အပြစ်မတင်နဲ့။

အဲဒီလိုပဲ တရားစွဲတဲ့သူကိုလည်း တရားစွဲရမလားဆိုပြီး အပြစ်မတင်နဲ့။

ဥပဒေနဲ့ အညီ တရားရုံးမှာ ရင်ဆိုင်၊ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူ ဖို့နဲ့ လူအုပ်စု နဲ့တရားစီရင်တာ၊ မီဒီယာပေါ်မှာ တရားစီရင်တာ (Trial by Media) မဖြစ်ဖို့ပဲ အရေးကြီးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: