ညနေရုံးဆင်းချိန်ဆိုရင် တိုးမပေါက်အောင် စည်ကားလေ့ရှိတဲ့ နေပြည်တော်မြို့မဈေး ညဈေးတန်း ဟာ အခုတော့လူနည်းနည်းပဲ။ ညဈေးတန်းအဝင်၀ မှာ Mask မတပ်ရင် ဈေးထဲမဝင်ရဘူးဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ စားနေကျယမ်ယမ်ဆိုင်က စားပွဲတစ်လုံးပဲ ထိုင်စားလို့ရတယ်။ ကျန်တာကပါဆယ်ဆွဲ။ ကိုဗစ် ကြောင့် အရင်ရောင်းအားရဲ့ သုံးပုံတစ်ပုံပဲရောင်းရတယ် တဲ့။
ကုန်ခြောက်၊ ကုန်စိမ်း၊ သားငါး ရောင်းသူတွေလည်း ထိုနည်းလည်းကောင်းပဲ။ အသင့်ချက်ပြီး ဟင်းရောင်းတဲ့သူတွေရှေ့မှာတော့ ဈေးဝယ်နည်းနည်းများတယ်။ လူတွေက ဟင်းချက်စားမယ့် အစား နှစ်ရာမျိုး ၊ သုံးရာမျိုး ဝယ်စားတာများလာတော့ ဈေးကွက်မပျက်ဘူးပေါ့။ ဒါပေမယ့် အခုလို အောက်ခြေလူတန်းစားတွေ၊ လစာ နည်းဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်မှုပုံစံ တွေပြောင်းနေတာကို မသိသူတွေလည်းရှိသေး တယ်။
ညဈေးအပြင်ဘက်လမ်းမပေါ်မှာ လိုက်ထရပ်ပေါ်ကနေ ကြက်သားဒန်ပေါက် တစ်ပွဲငါးရာ ဆိုပြီး အော်ရောင်းနေတယ်။ ဒန်ပေါက် ငါး ရာ ဆိုတာက ကြက်သားလက်မလောက် နှစ်တုံး နဲ့ ထမင်းတစ်ခါပြင်စာပေါ့။ ထမင်းချက်ထားပုံကလည်း ဒန်ပေါက်ချက်ထားပုံနဲ့ သိတ်မတူဘူး။ ငါးရာတန် အာသာပြေဒန်ပေါက်ပေါ့လေ။
အဝတ်အထည်ဆိုင်တွေကတော့ အရောင်းအထိုင်းဆုံးထင်တယ်။ တစ်ချို့ဆိုင်တွေက ည ၇ နာရီလောက်နဲ့ ဆိုင်သိမ်းဖို့ပြင်နေပြီ။
ကားကွင်းထဲမှာ ထီကား ၁၅ စီး၊ ၁၆ စီးလောက် မီးထိန်ထိန်လင်းအောင်ထွန်းပြီး ရပ်ထားတယ်။ ထီထိုးသူတစ်ယောက်စ ၊ နှစ်ယောက်စပဲရှိတယ်။ လူတွေဟာ စိတ်ကူးယဉ်ဖို့အတွက်တောင် အင်အားမရှိတော့ဘူးထင်ပါရဲ့။
ကိုဗစ်လည်ပင်းညှစ်ခံထားရတဲ့ ညဈေးတန်းဟာ ကြေကွဲစရာပါပဲ။