ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးသိန်းစိန် အစိုးရ လက်ထက် က အသုံးပြုခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ များနဲ့ပတ်သက်ပြီး ပေးဆပ်ရန်ကျန်နေတဲ့ တိုင်း ဒေသ ကြီး၊ ပြည်နယ် လေးခုက ကျပ်သန်း သုံးထောင်ကို ဇွန် ၈ ရက်နေ့မှာ အပြီးပေးသွင်း ဖို့ ညွှန်ကြားထားတဲ့ အကြောင်း ရှင်းလင်းပြောကြားသွားခဲ့တယ်။ (ပုံ ၁)
တကယ်တော့ သတင်းမှာပါတဲ့ ရှမ်း၊ ကရင်၊ မန္တလေးနဲ့ ရန်ကုန် တိုင်းဒေသကြီး၊ ပြည်နယ်လေးခု တင် မဟုတ်ဘူး။ ငွေပြန်သွင်းလိုက်တဲ့ မကွေးနဲ့ ဧရာ ဝတီပါ ပေါင်းလိုက်ရင် အားလုံးပေါင်း ခြောက်ခုဖြစ်ပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်လောက်က စလို့ သတင်းတွေတက်လာခဲ့တယ်။ ဒါပေမယ့် သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရ နာမည်နဲ့ပဲ သတင်းတင်ကြ၊ ဝေဖန်ပြောဆိုကြတဲ့အတွက် Comment ရေး ပြီး ရှင်းပြတာတာမျိုးပဲလုပ်ခဲ့တယ်။ သီးခြားဆောင်းပါးရေး ရှင်းပြတာမျိုး မလုပ်ခဲ့ ဘူး။
အခုတော့ “ ဦးသိန်းစိန်အစိုးရ လက်ထက်က အသုံးပြုခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနှင့် ပတ်သက်၍” လို့ခေါင်းစဉ်တပ်လာတဲ့အတွက် ဒါဟာ သမ္မတ ဦးသိန်းစိန် နဲ့ရော ၊ ပြည်ထောင် စု အစိုးရ အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်အပါအဝင် ကျန်တဲ့ ဝန်ကြီးတွေပါ ခေါင်းစဉ် တပ်ခံရတဲ့ သဘောဖြစ်လာပါပြီ။ ဒါ့ကြောင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ပတ်သက်ပြီး ကိုယ်သိ သလောက် ရှင်းပြဖို့ တာဝန်ရှိလာပါပြီ။
၂၀၁၁-၂၀၁၆ ကာလ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်များအဖြစ်တာဝန်ထမ်းဆောင် ခဲ့သူ တွေအများစုဟာ ကျွန်တော့ထက် သဘာရော၊ ဝါ ပါ ကြီးမားသူတွေဖြစ်တဲ့အတွက် အား နာနာနဲ့ပဲ ရှင်းရမှာ ဖြစ်ပါတယ်။ မရှင်းရင်လည်း ဒီငွေတွေကို သမ္မတနဲ့ ပြည်ထောင်စု အစိုးရ က ကိုင်ပြီးသုံးတယ်လို့ အထင်မှားခံရတော့မယ်။
ဖွံ့ဖြိုးရေးရန်ပုံငွေ
အခုပြဿနာဖြစ်နေတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စတွေမှာ စစ်ဆေးချက် အစီရင်ခံစာတွေ အပြည့်အစုံ မဖတ်ရလို့ ကိစ္စတစ်ခုခြင်းကို အသေးစိတ်မသိဘူး။ သို့သော် ဖတ်ရတဲ့ သတင်းတွေ အရ ယေဘုယျအားဖြင့် အောက်ပါ နှစ်ချက်မှာ တစ်ခု မဟုတ် တစ်ခုနဲ့ ငြိစွန်းနေတာဖြစ်ပါတယ် –
၁။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရပိုင်ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပုဂ္ဂလိကဖောင်ဒေးရှင်းရဲ့ ငွေ စာရင်းကို လွှဲပြောင်းပေးခြင်း။
၂။ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို သုံးစွဲရာမှ စနစ်တကျမရှိတဲ့အတွက် ဆုံးရှုံး နစ်နာမှုများ ပေါ်ပေါက် ခဲ့ခြင်း။
ဒီတော့ ပထမဆုံး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုတာဟာ ၁၉ ၈၈ ခုနှစ်ပိုင်းမှာ တယက၊ ပယက တွေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ် ဖို့ အတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှာဖွေစုဆောင်းထားတဲ့ ရန်ပုံငွေပါပဲ။ အဲဒါကလည်း တပ် မတော်အစိုးရကာလမှာ တည်ဆောက်ရေး၊ ပြုပြင်ရေး လုပ်ငန်းတွေအများကြီးလုပ်ချင်တယ်၊ အစိုးရ ဘတ်ဂျက်ကလည်းမတတ်နိုင်ဘူး။
ဒါ့ကြောင့် ကိုယ့်နယ်မြေဖွံ့ဖြိုးရေးအတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ်ရှာသုံးဆိုပြီး တာဝန်ပေးရာကနေ စလာခဲ့တာပါပဲ။ အဲဒီအစဉ်အလာ က အခြေခံဥပဒေအရပေါ်ပေါက်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်အထိ ဆက်ပါလာခဲ့တယ်။
ဒီငွေတွေက အစိုးရ ဘတ်ဂျက်က လာတဲ့ငွေမဟုတ်ဘူး။ တယက ၊ ပယက ဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ် တွေ ရဲ့ အစီ အစဉ်နဲ့ ရှာတယ်။ သူူ့အစီအစဉ်နဲ့ သူ သုံးတယ်။ ဘယ်လုပ်ငန်းတွေအတွက်ပဲသုံးရမယ်ဆို တာ မျိုးကန့်သတ်တာလည်း မရှိသလောက်ပဲ။ အများအားဖြင့် အဆောက်အဦဆောက်တာ၊ လမ်းဖောက်တာ၊ ဆေးရုံ၊ကျောင်း၊ ဘာသာရေးအတွက်လှုဒါန်းတာမျိုးတွေမှာသုံးတာပဲ။ တယက ၊ ပယက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် နယ်ဆင်းတဲ့အခါ ဒေသခံလူထုကတောင်းဆိုတဲ့ ကိစ္စ တွေအတွက် ငွေထုတ်ပေးတဲ့အခါမျိုးမှာလည်း ဒီရန်ပုံငွေက သုံးတာများပါတယ်။
အစိုးရဘတ်ဂျက်မဟုတ်တဲ့အတွက် စာရင်း စစ် ချုပ်ရုံးက တရားဝင်စစ်ဆေးတာမျိုးမရှိဘူး။ ကိုယ့် အစီအစဉ်နဲ့ ကိုယ် စာရင်းစစ်အဖွဲ့ ဖွဲ့စစ် တယ်။ ဥက္ကဋ္ဌတွေ၊ဝန်ကြီးချုပ်တွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှာတယ်၊ သုံးတယ်။ ဒီတော့ရှာရ၊ သုံးရလွယ်တယ်။ မြန်မြန် အလုပ်ဖြစ်တယ်။ ဒါပေမယ့် တာဝန်ခံသုံးတဲ့ပုဂ္ဂိုလ်အပေါ်မူတည်ပြီး အကောင်း၊ အဆိုး ဖြစ် တာပဲ။ တစ်ဦးတည်းသဘောနဲ့ သုံးသလိုဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု အလွဲတွေဖြစ်ဖို့၊ အဂတိ လိုက်စားမှု တွေဖြစ်ဖို့ အခွင့်အလမ်းလည်းပိုများတယ်။
အဲဒီ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကို ဘယ်လိုရှာသလဲ။ ယျေဘုယျအားဖြင့် အောက်ပါနည်းလမ်း တွေ ကိုသုံးတယ်-
၁။ စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ အလှုခံတယ်။
၂။ မြေကွက်တွေ ရောင်းတယ်။
၃။ လုပ်ပိုင်ခွင့်ပါမစ်တွေချပေးပြီး ရန်ပုံငွေထည့်ခိုင်းတယ်။
အဲဒီနည်းလမ်းသုံးခုကို ကြည့်လိုက်ရင်လည်း ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေ ပါဝင်ပတ်သက်လာဖို့ အတွက် အခွင့်အရေးပေးထားသလိုဖြစ်နေတယ်ဆိုတာကို တွေ့ရမှာပါ။ ဒါပေမယ့် အလုပ်ဖြစ်ရေး က အဓိက ဖြစ်နေတော့ ဒီလိုပဲ လုပ်ခဲ့ကြတာပါပဲ။
အလွှဲအပြောင်း
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရပြီးတဲ့အခါ သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ဒီဇင်ဘာလ ၂ ရက်နေ့ သမ္မတအိမ်တော်မှာတွေ့တယ်။ အဲဒီတွေ့ဆုံမှုမှာ သမ္မတဦးသိန်းစိန် နဲ့ အတူ ကျွန်တော်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အခု သမ္မတ ဦးဝင်းမြင့်ပါတယ်။
အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့အခါ နှစ်ယောက်လုံးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေတဲ့ ကာလမှာ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတစ်ခု ထားခဲ့ဖို့ ဆိုတဲ့အချက်ကို သဘောတူခဲ့ကြတယ်။
နောက်တော့ တာဝန်လွှဲပြောင်းရေးကို အကောင်အထည်ဖော်ဖို့အတွက် လက်ရှိအစိုးရဘက်က
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ဥက္ကဌ၊ ကျွန်တော်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေး ( အခု ညွှန်ချုပ်) တို့ ကို အဖွဲ့ဝင်အဖြစ်တာဝန်ပေးတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူ ( အခု စိုက်ပျိုးရေးဝန်ကြီး) တို့ကို တာဝန်ပေးတယ်။
ကျွန်တော်တို့အဖွဲ့နှစ်ဖွဲ့က အဓိက အားဖြင့် နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်းတဲ့ အခမ်း အနား ကျင်းပရေးနဲ့ ဝန်ကြီးဌာနများတာဝန်လွှဲပြောင်းရေးဆိုင်ရာကိစ္စတွေကို ညှိပါတယ်။ အဲဒီအချိန်မှာပဲ သမ္မတရုံးကနေ ဝန်ကြီးဋ္ဌာနတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေ တာဝန်လွှဲပြောင်း ရာမှာလိုက်နာရမယ့်အချက်တွေ၊ အလွှဲအပြောင်း အစီရင်ခံစာမှာ ပါဝင်ရမယ့်အချက်တွေကို ညွှန်ကြားချက်ထုတ်ပြန်ပါတယ်။ နေပြည်တော်မှာ သမ္မတရုံးက အမြဲတမ်းအတွင်းဝန်တွေ နဲ့ အစည်းအဝေးလုပ်ပြီး အလွှဲအပြောင်းစနစ်တကျဖြစ်ရေးညွှန်ကြားတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် တွေနဲ့ အစည်းအဝေးလုပ်၊မလုပ်တော့ မသိဘူး။ အစိုးရအဖွဲ့ရုံး နဲ့ သမ္မတရုံးမှာ အဲဒီအချိန်က မှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ သိမှာပါ။
သမ္မတရုံးက ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ လျာထားချက်များ ၊ စာရင်းစစ်ကန့်ကွက်ချက်၊ ပိုင်ဆိုင်မှု၊ ဝန်ထမ်းသက်သာ ကိစ္စ စသည်ဖြင့် ငွေကြေးနဲ့ပတ်သက်တဲ့အချက်ကို စနစ်တကျလွှဲပြောင်း ပေး ဖို့ ပါဝင်ပါတယ်။ တာဝန်လွှဲပြောင်းမှုနမူနာပုံစံအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလွှဲအပြောင်း ပုံစံကို လေ့လာနိုင်ပါတယ်။( ပုံ ၂၊ ၃ နဲ့ ၄ ) လွှဲပြောင်းတဲ့အချက်တွေက ဝန်ကြီး ဌာနတစ်ခုနဲ့ တစ်ခု လုပ်ငန်းသဘောအရ အနည်းငယ်ကွာခြားမှုရှိနိုင်ပေမယ့် အခြေခံအချက်တွေကတော့ အတူတူပါပဲ။
ဦးသိန်းစိန်ကလည်း ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို တာဝန်လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ပြောတဲ့ အချိန်တိုင်းမှာ ငွေကြေးကိစ္စတွေ စနစ်တကျလွှဲဖို့၊ အရှုပ်အရှင်းကင်းဖို့ ညွှန်ကြားခဲ့တယ်။
ဒါပေမယ့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပေါ်ထွက်လာတဲ့သတင်းအချက်အလက်တွေအရ တိုင်းဒေသကြီး နဲ့ ပြည်နယ် ဝန်ကြီးချုပ် အချို့ဟာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေကို “ ငါတို့ ရှာထားတဲ့ငွေတွေ ၊ ငါတို့ကြိုက်သလိုသုံးမယ်” ဆိုတဲ့ စဉ်းစားတွေးခေါ်ပုံမျိုးနဲ့ လုပ်ဆောင်ခဲ့ တဲ့ အတွက် အခုလို အရှက်ရစရာအဖြစ်အပျက်တွေနဲ့ ကြုံလာရတာပဲဖြစ်ပါတယ်။
တကယ်တော့ ရိုးရိုးလေးစဉ်းစားရင်တောင် အလှုငွေပေးတယ်ဆိုတာ သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရကို ပေးတာလေ။ ဝန်ကြီးချုပ် ဦးဖြူ လိုရာသုံးပါလို့ပေးတာမှမဟုတ်ဘဲ။ ဦးဖြူတာ ဝန်မယူတော့ရင် နောက်ဝန်ကြီးချုပ်က ဆက်တာဝန်ယူဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲဒါကို မမြင် နိုင်အောင် အတ္တမာနတွေ ဖုံးနေတဲ့အတွက် အခုလို အရှက်ကွဲရတာပါပဲ။
သမ္မတ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းဒေသကြီး ၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတ က ခန့်တာဖြစ်တဲ့အတွက် ကိုယ်ခန့်ထားတဲ့ ဝန်ကြီးချုပ်တွေရဲ့ လုပ်ဆောင်ချက်တွေ အတွက် သမ္မတ က တာဝန်ခံရမှာပဲ။ ဦးသိန်းစိန်အနေနဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေ လွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ် လုပ်ခဲ့ရင် အခုလို “ ဦးသိန်းစိန်အစိုးရလက်ထက်” ကလို့ နာမည်တပ်ပြီးအပြောခံရတဲ့ အဖြစ်ကို ရှောင်လွှဲနိုင်မှာပါ။
ဒါပေမယ့် ကျွန်တော့်စာအုပ် Myanmar’s Political Transition and Lost Opportunities (2010–2016) စာမျက်နှာ ၂၂၀ မှာ ဝန်ကြီးချုပ်တွေ၊ဝန်ကြီးတွေက သမ္မတ ဦးသိန်းစိန် အပေါ် ဘယ်လို သဘောထားလဲဆိုတာကို အခုလိုရေးပြခဲ့တယ် –
“သူ၏ နှိမ့်ချသော စိတ်ရှည်သော အများသဘောတူညီချက်ကို တည်ဆောက်တတ်သော ခေါင်းဆောင်မှုပုံစံသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်ရာတွင် အားသာချက်ဖြစ် သည်။ သို့သော် သူ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် ဆက်ဆံရာတွင်မူ အားနည်းချက်ဖြစ်သွားခဲ့သည်ကို တွေ့ရသည်။”
“ဦးသန်းရွှေ ၏ ခေါင်းဆောင်မှု ပုံစံနှင့် နေသားကျလာသော ဝန်ကြီးများသည် ဦးသိန်းစိန်ကို ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် လေးစားကြသော်လည်း မကြောက်ကြချေ။ သူတို့ အမိန့်မနာခံသော်လည်း ဦးသိန်းစိန်က သူတို့ကို ပစ်ပစ်ခါခါ အရေးယူမှု လုပ်လိမ့်မည် မဟုတ်ဆိုတာ သိပြီးဖြစ်သည်။ ”
နောက်ဆုံးတော့ သမ္မတ ဦးသိန်းစိန်ဟာ သဘောကောင်းလွန်းတဲ့အတွက် အခုလို အပြစ် တင်ခံရ တဲ့ အဖြစ်ကိုရောက်ရတာပါပဲ။ သူ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ပုံရိပ်ကောင်းဟာ အခုလို အရှုပ် တော်ပုံတွေကြောင့် ထိခိုက်သွားရတာကတော့ စိတ်မကောင်းစရာပဲ။
ပါတီ
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အချို့ရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ အရှုပ်အရှင်းတွေဟာ ပြည်ခိုင်ဖြိုး ပါတီ ပုံရိပ်ကို အများကြီးထိခိုက်စေတယ်။ ဒီကိစ္စတွေအတွက်တာဝန်ရှိသူ တစ်ချို့ဟာ အခုအချိန်ထိ ပါတီတာဝန်တွေထမ်းဆောင်နေဆဲဖြစ်တယ်။ တစ်ချို့က လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ် ပြိုင်ကောင်း ယှဉ်ပြိုင်လိမ့်မယ်ထင်တယ်။ ဒီပုဂ္ဂိုလ်တွေကို ပြည်ခိုင်ဖြိုး ပါတီက ဘယ်လို စိစစ်မလဲ၊ ဘယ်လို သုံးသပ်မလဲ၊ ဘာတွေဆုံးဖြတ်မလဲ ၊ ကာယကံရှင်တွေကရော ဘယ်လို တာဝန်ယူမလဲ၊ တာဝန်ခံမလဲ ဆိုတာ မဲဆန္ဒရှင်တွေက စောင့်ကြည့်နေမှာပဲ။
ဘာမှမလုပ်ဘူး ဆိုရင်တော့ မဲဆန္ဒရှင်တွေက ပြည်ခိုင်ဖြိုးပါတီကိုပါ အလိုတူ အလိုပါလို ထင်မှာပဲ။ ဒါဆိုရင် ပါတီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး မကြာခဏဝေဖန်တိုက်ခိုက်ခံနေရတဲ့ ပြည်ခိုင်ဖြိုးပါတီ အတွက် အလားအလာမကောင်းဘူး။
သင်ခန်းစာ
အခုဖြစ်စဉ်တွေကနေ နောက်သင်ခန်းစာယူနိုင်တာကတော့
၁။ ငွေကြေးသုံးစွဲရမယ့်လုပ်ငန်းတွေမှာ အစိုးရ ဘတ်ဂျက်က တရားဝင်သုံးတာကိုပဲ အားပေး ပါ။ အလှုခံတာ၊ အခြားနည်းလမ်းနဲ့ ရှာပြီး အလုပ်ဖြစ်ရင် ပြီးရောလုပ်တာမျိုးကို အားမပေးပါနဲ့။
၂။ အင်စတီကျုးရှင်းတွေ၊ စည်းမျဉ်းတွေကို ခိုင်မာအောင်လုပ်ပါ။ ပုဂ္ဂိုလ်တစ်ဦးတည်းက ဆုံးဖြတ် လုပ်ဆောင်တာမျိုးမဖြစ်အောင် ကာကွယ်ပါ။
အခု အစိုးရလက်ထက်တော့ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရတွေမှာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ထားတာ မရှိတော့ဘူးလို့ထင်ပါတယ်။ ရှိရင်လည်း ရှေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာ ယူပြီး အမြန်ဆုံးဖျက်သိမ်းသင့်ပါပြီ။