ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းပြီးေ တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား ဆိုတာကို ဝေဖန်သုံးသပ်ထားတဲ့ နေယံဦးရဲ့ ဆောင်းပါး
———————————————————————————————–
ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား။
တနည်းပြောရရင် ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းသလား။
ဖေ့စ်ဘွတ်ခ်က တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား။
ကျွန်တော့်ကိုယ်တွေ့ကို အခြေခံပြီး ပြောရမယ်ဆိုရင် ဖေ့စ်ဘွတ်ခ်က ဘက်လိုက်ပါတယ်။ အာဏာရပါတီဖက်ကို ပင်းပါတယ်။ အစိုးရကို ဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားပါတယ်။
ကျွန်တော် အကျဉ်းချုံး ရှင်းပြပါမယ်။ အရင်ကလည်း ဒီအကြောင်းတွေ ပိုစ့်ရေးပြီးသားပါ။
▪️ကျွန်တော် NLD အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ ရေးပြီးတိုင်း ကျွန်တော့်ဖေ့စ်ဘွတ်ခ်အကောင့်က ခိုးယူဖို့ကြိုးစားခြင်း အမြဲခံရပါတယ်။ ဒါက ဖေ့စ်ဘွတ်ခ်က လုပ်တာ မဖြစ်နိုင်ပါ။ ကျွန်တော် ဒီလို ဝေဖန်စာတွေ ရေးနေတာ မကြိုက်တဲ့သူတွေက လုပ်တာ ဖြစ်နိုင်ပါတယ်။
▪️ဒါပေမယ့် FB က ကျွန်တော့်အကောင့်ကို ဝင်မရအောင်တော့ လုပ်ပါတယ်။ နာမည်အရင်းနဲ့ ဖွင့်ထားတဲ့အကောင့်ကို ပြန်ဝင်တာ ပေးမဝင်ပါ။ password လည်း မမှားပါ။ ဓါတ်ပုံတွေ ရိုက်ပို့၊ မှတ်ပုံတင်တွေပို့၊ SMS ကနေ code တွေ ပြန်တောင်းနဲ့ အမြဲ အလုပ်ရှုပ်ပါတယ်။
ပုံမှန်ဆို အဲဒီလို မဖြစ်ပါ။ အစိုးရကို ဝေဖန်ပြီဆိုရင် ဒီကိစ္စက ဖြစ်လာပါပြီ။ နာရီပေါင်းများစွာ ကျွန်တော့်အကောင့်ကို ဝင်မရ ဖြစ်ပါတယ်။
https://www.facebook.com/nayyanoo.nayyan/posts/417286215890777
▪️ပိုဆိုးတာက FB က ကျွန်တော့်လက်ရှိအကောင့်က ဓါတ်ပုံတွေ အကုန်လုံးကို ဖျက်ပစ်လိုက်တာပါပဲ။ မှတ်မှတ်ရရ ဒါက Ministry of Social Welfare, Relief and Resettlement Myanmar လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဆုအတုအကြောင်းကို ရေးပြီးတဲ့နောက်ပါ။
https://www.facebook.com/nayyanoo.nayyan/posts/418185659134166
ကျွန်တော် FB Myanmar Team ကို အသေအချာလေးပြောတော့မှ သူတို့ဖျက်လိုက်တဲ့ ဓါတ်ပုံတွေ (ပုံပေါင်းရာချီရှိပါတယ်) ကျွန်တော့်အကောင့်မှာ ပြန်တင်ပေးပါတယ်။ ဒါတောင် နှစ်ပတ်လောက် စောင့်ရပါတယ်။ အဲဒီကာလအတွင်း ကျွန်တော့်အကောင့်မှာ စာပဲရေးလို့ရပြီး ပုံတင်မရပါ။
▪️ကျွန်တော့် FB အကောင့်က မလုံခြုံတော့လို့ Page တစ်ခုဖွင့်ပြီး ပြောင်းသုံးပါတယ်။ နိုင်ငံရေးပင်တိုင်ရေးတဲ့ Page ဖြစ်လို့ ဖတ်သူများပါတယ်။ လူစည်ပါတယ်။ ဒါက Page လိပ်စာပါ။
https://www.facebook.com/nayyanoo13/
ဒါပေမယ့် NLD အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ပါးကို တရားစွဲမယ်လို့ ကျွန်တော့် Page မှာ ရေးလည်း ရေးရော အဲဒီရေးထားတဲ့ပိုစ့်ကို Community Standard နဲ့မညီလို့ဆိုပြီး ဖျက်ပစ်လိုက်ပါတယ်။
နည်းနည်း အသေးစိတ်ပြောရရင် တက္ကသိုလ်အတု၊ ဒေါက်တာဘွဲ့အတုနဲ့ နိုင်ငံတော်ဘဏ္ဍာ သိန်း ၁၉၀၀ကျော် လေ့လွှင့်အောင်လုပ်ခဲ့တဲ့ Union Civil Service Board Myanmar ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌ ဦးဝင်းသိမ်းကို တရားစွဲဖို့ ကျွန်တော် ပြည်သူတွေဆီက လက်မှတ်ကောက်ပါတယ်။
ကျွန်တော့်ပိုစ့်တင်ပြီး ၇ နာရီအတွင်း လက်မှတ်ထိုးသူ ရာကျော်လာပါတယ်။ လူတွေက ဘယ်လောက်တောင် အစိုးရအဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှုကို မသတီလည်းဆိုတာ ဒီမှာ သိနိုင်ပါတယ်။
လူတွေအများကြီးက ကျွန်တော့်ပိုစ့်ကို ခပ်စိတ်စိတ် share လာတဲ့အခါမှာတော့ FB က ကျွန်တော့်ပိုစ့်ကို ဖြုတ်ချလိုက်ပါတယ်။
ဘာကြောင့် FB က ဒီလို လုပ်တာလဲ။ အွန်လိုင်းပေါ်ကနေ ပြည်သူတွေဆီက လက်မှတ်ကောက်တာ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါ။ ကျွန်တော့်ရှေ့မှာ လူတွေ များစွာ လုပ်ပြီးခဲ့ပါပြီ။
ဘာကြောင့် NLD ဝန်ကြီးတစ်ပါးကို တရားစွဲမယ်ဆိုတော့မှ FB က ကျွန်တော့်ပိုစ့်ကို ဖြတ်ချရတာလဲ။
▪️ပိုဆိုးတာက (အခု အချက်ကို ကျွန်တော် ရင်းနှီးတဲ့သူတွေမှ လွဲ၍ တခြားဘယ်သူကိုမှ မပြောရသေးပါ) FB က ကျွန်တော့်ပိုစ့်ကို ဖြုတ်ချလိုက်ယုံသာမက ကျွန်တော့် Page ကို လူတွေဆီ ပေးမပြတော့တာပါပဲ။
ကျွန်တော် Page မှာ ရေးတဲ့စာတွေက အရင်ကဆို လူပေါင်း သိန်းနဲ့ချီ သောင်းနဲ့ချီဆီ ရောက်ပါတယ်။ ဒါတောင် boost လုပ်တာတို့ ပိုက်ဆံပေးပြီး ကြေငြာတာတို့ မဟုတ်ပါ။ Organic reach ပါ။
နိုင်ငံရေးရေးတဲ့ Page ဖြစ်လို့ နိုင်ငံရေးစိတ်ဝင်စားသူတွေအကြား ကျွန်တော့် ဆောင်းပါးတွေက ပေါက်ပါတယ်။ လူဖတ်များပါတယ်။
နဂိုဆို ကျွန်တော့်ပိုစ့်တွေက လူပေါင်း သိန်းနဲ့ချီ သောင်းနဲ့ချီ ရောက်ပေမယ့် အခုတော့ ထောင်ဂဏန်းမပြောနဲ့ ရာဂဏန်းတောင် မကျော်ချင်ပါ။
ဒီလို ပိုစ့်တွေက လူတွေဆီ မရောက်တော့တာကလည်း ဗြုန်းစားကြီး ဖြစ်သွားတာပါ။ ဦးဝင်းသိမ်းကို တရားစွဲမယ်ဆိုတဲ့ ပိုစ့်တင်ပြီး၊ အဲဒီပိုစ့်ကို FB က ဖြုတ်ချလိုက်ပြီးနောက်ပိုင်းမှ ဖြစ်လာတာပါ။
ကျွန်တော့်စာကို ပုံမှန်ဖတ်နေသူတွေတောင်မှ ကျွန်တော်ရေးတာတွေ သူတို့ရဲ့news feed ထဲ မပေါ်တော့တဲ့အကြောင်း ကောမန့်တွေမှာ လာလာပြောပါတယ်။ အမှန်တော့ ကျွန်တော်က ပုံမှန်ပိုစ့်တင်ပါတယ်။ FB က ကျွန်တော့် ပိုစ့်ကို လူတွေအများကြီးဆီ အရင်လို ရောက်အောင် မပြတော့တာပါ။
(FB က ပိုက်ဆံလိုချင်လို့ boost စေချင်တဲ့အတွက် လူတွေဆီ ပေးမပြတော့တာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့် Page က ဗြုန်းစားကြီး ဘာဖြစ်လို့ လူတွေဆီ မရောက်တော့တာလဲ။ ဖြစ်တာကလည်း ဦးဝင်းသိမ်းကို တရားဆွဲမယ်ဆိုတဲ့ ပိုစ့်ရေးပြီးမှ ဖြစ်လာတာပါ။ အချိန်ကိုက်ဖြစ်မှု timing ကို ကြည့်စေချင်ပါတယ်။
ကျွန်တော့် Page က Community Standard ကို ချိုးဖောက်ထားလို့ လူတွေဆီမရောက်အောင် သူတို့က ကန့်သတ်ထားတာလို့ FB က အကြောင်းပြချက် ပေးနိုင်ပါတယ်။
ဒါဆိုရင်လည်း ကျွန်တော်က FB ကို ပြန်မေးရပါမယ်။ NLD အစိုးရရဲ့ အမှားကို ထောက်ပြပြီး အကျင့်ပျက်ခြစားမှု သံသယရှိနေတဲ့ ဝန်ကြီးဖြစ်သူကို တရားဆွဲဖို့လုပ်တာ Community Standard ကို ချိုးဖောက်တာလားဆိုပြီးတော့။)
▪️FB ရဲ့ တရားမဲ့ပြုကျင့်မှုကြောင့် အခုတော့ ကျွန်တော့် Page က သေနေပါပြီ။ အရင်လို လူတွေ အများကြီးဆီ ကျွန်တော့် စာတွေက မရောက်တော့တာပါ။
ကျွန်တော် ရှေ့ဆက်ပြီး ဘယ်လို စာရေးမလဲ။ အစိုးရကို ဘယ်လို ဝေဖန်ထောက်ပြမလဲ။
ဒါကြောင့် လုံခြုံရေးစိတ်မချရလို့ ကျွန်တော် မသုံးဘဲ ပြစ်ထားရတဲ့ FB အကောင့်ကို ပြန်သုံးနေရပါတယ်။
ရွေးကောက်ပွဲဝင်မယ့်သူတစ်ယောက်အနေနဲ့ FB ရဲ့ အခုလို ဘက်လိုက်မှု၊ NLD အစိုးရကိုဝေဖန်တဲ့သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားနေမှုကို ကျွန်တော် အလွန်စိုးရိမ်ပါတယ်။
အားလုံးသိတဲ့အတိုင်း အခုက ကိုဗစ်ကာလကြီးပါ။ အပြင်ထွက်ပြီး မဲဆွယ်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်တဲ့ကာလပါ။ ကိုယ်စားလှယ်တိုင်း၊ နိုင်ငံရေးပါတီတိုင်း FB ပေါ်ကနေ မဲဆွယ်ရပါလိမ့်မယ်။ FB က ရွေးကောက်ပွဲကာလာမှာ နိုင်ငံရေးသမားတိုင်း အဓိကထားသုံးမယ့် ပလက်ဖောင်း ဖြစ်လာပါလိမ့်မယ်။
ဒါပေမယ့် အခုလိုသာ FB က အာဏာရပါတီဖက်ကို ပင်းမယ်၊ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ အကောင့်ကို ဖျက်မယ်၊ သုံးမရအောင် လုပ်မယ်၊ လူတွေဆီ ပေးမပြဘူးဆိုရင် ကျွန်တော်တို့ ဘယ်လို ရှေ့ဆက်ကြမှာလဲ။ ဒီလိုဆို တရားမျှတဲ့ရွေးကောက်ပွဲကော ဖြစ်တော့မှာလား။
ကျွန်တော် တကယ်စိုးရိမ်ပါတယ်။
မြန်မာ့နိုင်ငံရေးကို (အထူးသဖြင့် ရွေးကောက်ပွဲအခင်းအကျင်းကို) နိုင်ငံခြားကုမ္ပဏီတစ်ခုက ဝင်ရောက် ချယ်လှယ်နိုင်တယ်ဆိုတာ တကယ်ကို မဖြစ်သင့်တဲ့ ကိစ္စပါ။
အမေရိကန် ၂၀၁၆ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နိုင်အောင် ရုရှဖက်က ကူညီခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒါသည် foreign interference in elections ရွေးကောက်ပွဲတွင် နိုင်ငံခြားမှ ပါဝင်စွက်ဖက်မှုဖြစ်တယ်ဆိုပြီး အမေရိကန်နိုင်ငံရေးမှာ အတော်လေး ဂယက်ရိုက်သွားပါတယ်။ ဒီမိုကရေစီကို အခြေကနေ ကိုင်လှုပ်လိုက်တဲ့ ဖြစ်စဉ်ပါ။
အခု ဖေ့စ်ဘွတ်ခ်က မြန်မာပြည်မှာ ဘက်လိုက်သူအဖြစ် ဝင်ပါနေတာကလည်း ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှက ပါဝင်စွက်ဖက်တာနဲ့ ဘာများ ကွာတော့မှာလဲ။
မြန်မာပြည်ရွေးကောက်ပွဲဆိုတာ မြန်မာနိုင်ငံသားတွေနဲ့သာ ဆိုင်သင့်ပြီး အကျိုးအမြတ်ရှာ ပြည်ပကုမ္ပဏီတစ်ခုက ဘယ်ပါတီကတော့ နိုင်ရမယ်၊ ဘယ်အဖွဲ့ကတော့ ရှုံးရမယ်ဆိုပြီး ရွေးကောက်ပွဲအဆုံးအဖြတ်ပေးနိုင်သူအဖြစ် ရှိနေခြင်းက တိုင်းပြည်အတွက် အလွန်ကို အန္တရာယ်များပါတယ်။
ကျွန်တော်အပေါ်မှာ တင်ပြခဲ့သလို FB က အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ပိုစ့်တွေကို လူတွေဆီ မပြဘူး၊ ကန့်သတ်တယ်ဆိုတာကလည်း တောရမ်းမယ်ဘွဲ့ လျှောက်ပြောနေတာ မဟုတ်ပါ။
မြန်မာပြည်မှာဆိုရင် ကျွန်တော့် ကိုယ်တွေ့ပါ။
အမေရိကန်မှာဆိုရင်လည်း ဖေ့စ်ဘွတ်ခ်က လစ်ဘရယ်သမားတွေရဲ့ ပိုစ့်တွေကိုသာ ဦးစားပေး ဖော်ပြပြီး ရှေးရိုးစွဲအစဉ်အလာကြီးတဲ့ ကွန်ဆာဗေးတစ်တွေရဲ့ ပိုစ့်တွေကိုတော့ ကန့်သတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိပါတယ်။ ဒါကြောင့်လည်း မာ့ခ်ဇက်ကာဘာ့ဂ်ကြီး အမေရိကန်ကွန်ကရက်မှာ အစစ်ဆေးခံရတော့ ရီဘတ်ပလီကန်အမတ်တွေက သူ့ကို ဒီအကြောင်း မေးခွန်းထုတ်ခဲ့တာပါ။
အခုဆောင်းပါးကို နိဂုံးချုပ်ရရင် ဖေ့စ်ဘွတ်ခ်က မြန်မာပြည်မှာ ဘက်လိုက်သလားဆိုရင် ဘက်လိုက်နေပါသည်လို့ပဲ ကျွန်တော့်အတွေ့အကြုံကို အခြေခံပြီး ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။
(အစိုးရနဲ့ အမြင်ချင်းဆန့်ကျင်တဲ့ တခြားသူတွေအပေါ် ဖေ့စ်ဘွတ်ခ်က မမျှမတ ဆက်ဆံတဲ့အကြောင်းလည်း သတင်းစာတွေမှာ ပါပြီးသားဖြစ်နေလို့ အကျယ်မရေးတော့ပါ။)
ဖေ့စ်ဘွတ်ခ်နဲ့ NLD အစိုးရတို့ အဆက်အဆံရှိတယ်၊ အစိုးရကလည်း ဆိုရှယ်မီဒီယာစောင့်ကြည့်လေ့လာရေးအတွက် ပိုက်ဆံတွေ သုံးနေတယ်၊ ဖေ့စ်ဘွတ်ခ်ကလည်း ပိုက်ဆံအဓိကရှာတဲ့ အကျိုးအမြတ်ကုမ္ပဏီဖြစ်တယ်ဆို ကျွန်တော်တို့လည်း သိနေတာပဲ မဟုတ်လား။
ဒါကြောင့် ဖေ့စ်ဘွတ်ခ်သည် မြန်မာပြည်တွင် ဘက်လိုက်ပါသည်။
ဒီမှာ မေးခွန်းထုတ်ဖို့လိုတာက ဒီလို ဘက်လိုက်နေတာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကြီးတစ်ခုလုံးရဲ့ ပေါ်လစီလား။ သို့မဟုတ် ဖေ့စ်ဘွတ်ခ်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေရဲ့ချယ်လှယ်မှုလား။ မြန်မာစာ မတတ်တဲ့ နိုင်ငံခြားသားတွေအပေါ် ကတုံးပေါ်ထိပ်ကွက်ပြီး အနီဖက်ယိမ်းတဲ့ အနီယိမ်းတွေလားပေါ့။ ဒီကိစ္စကို လေ့လာဖော်ထုတ်ဖို့တော့ လိုပါတယ်။
အခု ပိုစ့်ကိုလည်း ဖေ့စ်ဘွတ်ခ်က တခုခုလုပ်မှာစိုးလို့ ဇော်ဂျီနဲ့ ရေးတင်လိုက်ရပါတယ်။ ပုံမှန်က ယူနီကုတ်နဲ့ ရေးနေကြပါ။ ယူနီကုတ်ဆိုရင် သူတို့ AI က အလိုလိုဖတ်တတ်နေတော့ ဇော်ဂျီနဲ့ဆို အနည်းငယ် လွတ်လိုလွတ်ငြား မှန်းဆပြီး တင်လိုက်ရတာပါ။
စာပေကင်ပေတိုင်ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာပြည်ကလူတွေအတွက် ဖေ့စ်ဘွတ်ခ်ကင်ပေတိုင်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်နေခြင်းအား ပြန်တော်လှန်ဖို့ အချိန်ရောက်ပါပြီ။
နေယံဦး
ဟုတ်တယ် ဗျ
LikeLike