မုံရွာ၊ဘုတလင်နယ်ဘက်ကနေ ရန်ကုန်မှာ အသုပ်စုံလာရောင်းတဲ့ လူငယ်လေးတွေ အကြောင်းကို “KBZ နဲ့ အသုပ်စုံ” ဆိုပြီး ရေးခဲ့ဖူးတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းမှာတော့ ကိုဗစ် မုန်တိုင်းထဲမှာ အဲဒီဆိုင်လေးလည်း လွင့်ပါသွားခဲ့တယ်။ ကိုဗစ် တားဆီးကာကွယ်ရေး စည်းကမ်းတွေလေ ျှာ့ပေးတာနဲ့အတူ သူတို့များ ပြန်လာပြီလားလို့ ရှာပေ မယ့် မတွေ့ဘူး။
ဒီနေ့မနက်တော့ ဘော်ဒါတွေရဲ့ အသုပ်စုံဆိုင်လေးပြန်ထွက်လာပြီ။ ဧပြီလ ဆန်းမှာ ရွာပြန်သွား တယ်၊ ရွာရောက်တော့ ၂၁ ရက် ကွာရင်တိုင်း ဝင်ခဲ့ရတယ်။ ရန်ကုန်မှာ အခြေအနေ မကောင်း သေးဘူး။ ကားလိုင်းတွေလည်း မဖွင့်သေးဘူး ဆိုတော့ ရွာမှာသောင်တင်နေခဲ့တယ်။
ဇွန်လ ၁ ရက်နေ့ မှာ ရန်ကုန်ပြန်ရောက်တယ်။ အရင် ငှားခဲ့တဲ့ အခန်းက ငှားလို့မရတော့ဘူး။ အခန်းသစ်တွေငှားဖို့ကလည်း တစ်ချို့ရပ်ကွက်တွေက လူစိမ်းအဝင်မခံသေးတော့ အခန်းရှာရ တာ အတော်ကြာတယ်။ အခုတော့ ဒေါပုံ ၊ ဝါဆိုရပ်ကွက်မှာ အခန်း ရလို့ ဒီနေ့မှ ဆိုင်ပြန် ထွက် နိုင်တယ်တဲ့။
သူနဲ့ အတူလုပ်တဲ့ ညီအကိုဝမ်းကွဲကတော့ ကိုဗစ်ကာလမှာ ဖူးစာရှင်တွေ့ပြီး ရွာမှာ ကျန်ခဲ့တယ်။ သူတို့က အထမ်းအပိုင်ရှိလို့ပြန်လာနိုင်ပေမယ့် သူများဆိုင်မှာ အလုပ်လုပ်ရသူတွေကတော့ ပိုင်ရှင်တွေက ပြန်မခေါ်သေးလို့ ရွာမှာသောင်တင်နေတုန်းပဲလို့ပြောတယ်။
သူ့ဆိုင်လေးပြန်ဖွင့်တော့ ဖောက်သည် ဝန်ထမ်းတွေ၊ အရောင်းစာရေးမလေး တွေ ပြန်ရောက်လာကြတယ်။ ဒါပေမယ့် ထိုင်စားထက် ပါဆယ်ဝယ်သူက ပိုများပါတယ်။ ကျွန်တော်တို့လို ထိုင်စားတဲ့သူတွေ ကတော့ ခွေးခြေလေးကို ဆွဲပြီး အဆင်ပြေတဲ့နေရာ ကို ရွှေ့ပြီးစားကြတယ်။
အသုပ်စုံကတော့ တစ်ပွဲငါးရာပဲ ၊ဈေးမတက်သေးဘူး။ အရင်လိုရောင်းရပါ့မလားလို့မေးကြည့် တော့ သူ့အမာခံဖောက်သည်တွေရှိပြီးသား၊ လာစားကြမှာပါလို့ပြောတယ်။ သူအကြောက်ဆုံး က စည်ပင်သာယာပဲ၊ နှစ်လလောက် နားထားရတော့ ငွေမရှိရတဲ့အထဲ စည်ပင်ဖမ်းလို့ အထမ်း တွေ ၊ ထိုင်ခုံတွေပါသွားရင် ဘဝဆုံးပြီပေါ့။
ကိုဗစ် ကြောင့် ကျဆင်းနေတဲ့ စီးပွားရေးတွေ နလံထူအောင် ကြိုးစားနေချိန်မှာ အသေးစား ၊အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီသလို လမ်းဘေးဈေးသည်လေးတွေကိုလည်း မေ့ မထားသင့်ဘူး။
ပြီးခဲ့တဲ့ အပတ်ထဲမှာ တရုတ်ဝန်ကြီးချုပ် လီခချန်းက ကိုဗစ် ၁၉ လွန်ကာလ စီးပွားရေး နလံ ပြန်ထူဖို့ဆောင်ရွက်တဲ့အခါ လမ်းဘေးဈေးသည်တွေဟာ အလုပ်လက်မဲ့လေ ျှာ့ချရေးကို အထောက်အကူဖြစ်စေတယ်၊ “လမ်းဘေးစီးပွားရေး (street stall economy)” ဟာ စီးပွားရေး နလံပြန်ထူရေးမှာ အရေးပါတဲ့ကဏ္ဍပဲလို့ပြောခဲ့တယ်။
ဒါ့ကြောင့် အရင်က လမ်းဘေးဈေးသည်တွေကို နှိပ်ကွပ် ခဲ့တဲ့ ဘေးဂျင်းအပါအဝင် မြို့ကြီးတွေမှာ လမ်းဘေးဈေးသည်လေးတွေကို အကန့်အသတ်နဲ့ ပြန်ပြီးခွင့်ပြုလာရတယ်။ ဒါဟာ ၁၉ ၇၈ တရုတ်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေစတင်ခဲ့ချိန်က လယ်သမားတွေ၊ မြို့နေလူတန်းစားတွေ ကို တစ်ပိုင်တစ်နိုင် ရောင်းချခွင့်ပေးခဲ့တဲ့ အချိန်ကာလမျိုးကို ပြန်ရောက်သွားတာပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ပြည်ပရောက်အလုပ်သမားတွေ အလုံးအရင်း နဲ့ ပြန်လာရ ချိန်၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည်မလည်ပတ်နိုင်သေးခင်မှာ လမ်းဘေး ဈေး သည်လို တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးတွေအတွက် စဉ်းစားပေးနိုင်ရင်ကောင်းမှာပဲ။
တရုတ်နိုင်ငံအကြောင်းစဉ်းစားမိတော့ အသုပ်စုံဆရာလေးကို မင်းတို့ လမ်းဘေးဈေးသည် တွေကို အခုလိုအချိန်မျိုးမှာ ဖမ်းတာ၊ ဆီးတာ မလုပ်ဖို့ ငါဆောင်းပါးရေးဦးမယ်ကွာလို့ပြော လိုက်တယ်။
အဲဒီစကားကို ကြားတော့ အသုပ်စုံဆရာလေးက ရီကျဲကျဲ နဲ့ “ ဟိုတစ်ခါ ဦးလေးရေး တုန်းကတော့ ရောင်းကောင်းပါရဲ့။ ဒါပေမယ့်သိပ်မကြာဘူး စည်ပင်က ကျွန်တော့်ဆိုင် လာဖမ်းလို့ ထိုင်ခုံတွေ ပါသွားတယ်” လို့ပြောတယ်။
ဒီတစ်ခါတော့ ကိုဗစ်လွန်ကာလ အရာရာရှားပါး၊လူတိုင်း ရုန်းကန်နေရတဲ့အချိန်မှာ စည်ပင်အနေနဲ့ “လမ်းဘေးစီးပွားရေး (street stall economy)” ရဲ့ အရေးပါမှုကို နားလည်ပေးနိုင် မယ်ထင်ပါ တယ်။