ထင်ရှူးမြိုင် (၃)

တောင်ကျရွာက ထွက်တော့ မိုးဖွဲဖွဲ ရွာလာတယ်။ မိုးနှင်းတွေကြောင့် ပတ်ဝန်းကျင်ရှုခင်းကို ကောင်းကောင်း မမြင်ရဘူး။ ကားမောင်းရတာလွမ်းစရာကောင်းတယ်။ မိုးနှင်းတွေဝေနေတဲ့ တောင်ပေါ် ခရီးကို သွားရတဲ့အခါ မဲခေါင်ခရီးသွားချိန်က လာအိုနိုင်ငံတောင်ထိပ်၊ မိုးနှင်းတွေကြားမှာ White Lion အဖွဲ့ရဲ့ “ Till Death Do Us Part” သီချင်းလေးကြားခဲ့ရတာကို သတိရတယ်။

ကားက ရှေ့ကို ခရီးနှင်နေပေမယ့် ကျွန်တော့်စိတ်တွေက အတိတ်ကို ပြန်သွားနေတယ်။ လွှဲကြီး မှာ၊ ကိုးကွေ့မှာ၊ တောင်ကျ မှာ တစ်ချိန်က လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေတွေ ရှိနိုင်သေး တယ်။ ဒါပေမယ့် ကားရပ်ပြီး မရှာတော့ဘူး။ သူတို့နဲ့ အတူနေချိန်က အကောင်းဆုံး လက်တွဲ ဆက်ဆံခဲ့တယ်၊ ဖြည့်ဆည်းခဲ့တယ်။ တူတာတွေရှိ၊ မတူတာတွေရှိပေမယ့် အတတ်နိုင်ဆုံး ညှိ နှိုင်းခဲ့တယ်။ အားလုံးကို လိပ်ပြာသန့်သန့်နဲ့ဆက်ဆံခဲ့တယ်။

သူတို့နဲ့ပတ်သက်တဲ့ ပျော်ရွှင်စရာတွေကို ထာဝရသိမ်းထားမယ်။ စိတ်အခန့်မသင့် တာ၊ ဝမ်းနည်းစရာ၊ ဒေါသဖြစ်စရာတွေရှိခဲ့ရင်တောင် ပြီးခဲ့ပြီလေလို့မေ့ထားလိုက်မယ်။ အဲဒါဟာ အကောင်းဆုံး အမှတ်တရပဲ။ တစ်ချိန်မှာတော့ သူတို့နဲ့တွေ့ဖို့ ပြန်လာကောင်း ၊ပြန်လာဦးမှာပါ။ အခုအချိန်မှာတော့ ရည်မှန်းချက် ကလောကို အရောက်သွားဖို့ပဲ စိတ်မှာ ရှိ တော့တယ်။

ရေပူစမ်းလမ်းခွဲကိုကျော်တော့ ညာဘက်မှာ “ ကသောင်း” သို့ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့ တယ်။ ကသောင်း ရွာသား တွေက ကယားပြည်နယ်ဘက်ကရွှေ့လာတာ။ ၁၉ ၉ ၂/၉ ၃ လောက်က လို့ပြောတယ်။ ဒေသခံ ကရင်တွေနဲ့ စကားမတူ၊ လူမျိုးမတူဘူး။ ဘာသာအရလည်း နတ် ကိုးကွယ်တဲ့သူတွေ။ သူတို့ ခြံထွက်သီးနှ ံ တွေရောင်းတာ၊ လိုချင်တာ ဝယ်တာကလွဲရင် ပတ်ဝန်းကျင်ရွာတွေနဲ့ လူမှုရေးအရ အဆက်အဆံမရှိဘူး။ ကလေးတွေလည်း ကျောင်းမထား ဘူး။

ကသောင်းက ရှမ်းပြည်နယ်ထဲမှာဆိုတော့ ကျွန်တော်တို့နဲ့ အုပ်ချုပ်ရေးအရ မပတ်သက်ပါဘူး။ ဒါ ပေမယ့် လုံခြုံရေးအရ ဆက်စပ်နေတော့ ၁၉ ၉ ၉ ခုနှစ် လွှဲကြီးကို ပြောင်းရွှေ့လာပြီးတဲ့အခါ ကသောင်းရွာကို သွားခဲ့ရတယ်။ အဲဒီအချိန် က ရွာက အိမ်ခြေသုံးဆယ်လောက်ပဲရှိတယ်။ အိမ်တွေကလည်း ခြေတံရှည် ဝါးတဲတွေပါပဲ။ ရေချောင်းနဲ့လည်းဝေးတော့ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အားနည်းပါတယ်။

ရွာလူကြီးနှစ်ယောက်ပဲ ဗမာစကားပြောတတ်တယ်။ ဟိုဘက်၊ ဒီဘက် ပဋိပက္ခဖြစ်နေတဲ့နေရာက နေ ရှောင်ပြေးလာလို့ထင်တယ်။ သူတို့ရွာကို အခြားဧည့်သည့်တွေလာတာ နှစ်သက် ပုံမရဘူး။ ရွာတည်တာတောင် ကားလမ်းဘေးမှာ မတည်ဘူး။ လမ်းမကနေ အထဲကို တစ်မိုင်ကျော်ကျော် လောက်ဝင်ရတဲ့နေရာမှာတည်ထားတယ်။ လူကြီးတွေက မေးတစ်ခွန်း၊ ဖြေတစ်ခွန်းပဲ။ ရွာသားတွေကတော့ လူစိမ်းလာတာနဲ့ တဲပေါ်တက်ပြီးတံခါးပိတ်နေ ကြတာပဲ။ တောင်ကျ၊ ကိုးကွေ့ရွာသားတွေလည်း ကသောင်းကို သွားလေ့မရှိဘူး။

ကျွန်တော်တို့လည်း တစ်ခြားရွာကို ဆယ်ခါသွားမှ ၊ ကသောင်းကို တစ်ခေါက်ရောက်ဖြစ်တယ်။ အကူအညီလိုရင်ပြောလို့တော့မှာထားတာပေါ့။ ၂၀၀၀ ပြည့်နှစ်ထဲမှာတော့ တစ်ရွာလုံး ဖျားနေ လို့ လာကြည့်ပေးပါဆိုပြီး တောင်ကျရွာကတဆင့် အကြောင်းကြားလို့ သွားရတယ်။
ဟိုရောက်တော့ တစ်ရွာလုံး တုပ်ကွေးဖြစ်နေကြတယ်။ ဆေးကုမယ်ဆိုတော့ တစ်ချို့က လက်မခံဘူး။ ရိုးရာနည်းနဲ့ပဲ ကုမယ်ဆိုလို့ ရွာလူကြီးနဲ့ မနည်းရှင်းပြပြီး ကုသရတယ်။

ဘာပဲဖြစ်ဖြစ် ဆေးကုပေးတာကို အကြောင်းပြုပြီး နည်းနည်းတော့ ရင်းနှီးသွားတာပေါ့။ ဒါ ပေမယ့် ရွာသန့်ရှင်းရေး၊ ကျန်းမာရေး၊ပညာရေးတို့နဲ့ပတ်သက်ပြီး ဘာလုပ်ပါ။ ဘာလုပ်သင့်တယ်လို့ ပြောရင်တော့ ပြန်မပြော နားမထောင်ဘဲ။ ကျွန်တော်တို့ကလည်း သူတို့ အကြောင်းသိနေတော့ အတင်းအဓမ္မလည်း မခိုင်းပါဘူး။

တစ်နေ့တော့ လွိုင်ကော်ဘက်မှာ အခြေစိုက်တဲ့ ခရစ်ယန်အသင်းတော်တစ်ခုက လူငယ် လေးနှစ်ယောက် ကသောင်းရွာကို ရောက်လာတယ်။ ကသောင်း ရွာသားတွေက ဖိတ်ခေါ် တာမဟုတ်ဘူး။ သူ တို့ အစီအစဉ်နဲ့ သူတို့ရောက်လာတာ။ သူတို့ရောက်လာတယ်ဆိုတာ သိတော့ လူစိမ်းတွေနဲ့ အဆက်အဆံမလုပ်တဲ့ ကသောင်းရွာသားတွေနဲ့ လူငယ်လေးတွေ ဘယ်လို လုပ်ကြမလဲဆိုတာ စောင့်ကြည့်မိတယ်။

လူငယ်လေးတွေက ရွာအဝင် လမ်းဘေးမှာ သူတို့ အစီအစဉ်နဲ့သူတို့တဲလေးတစ်လုံး ဆောက်ပြီး နေတယ်။ ရွာသားတွေက သူတို့ကို အဆက်အဆံမလုပ်ဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ လူငယ်လေး နှစ်ယောက်က သူတို့လုပ်အားနဲ့ ရွာအဝင်လမ်းလေးကို စပြီး ပြင်တယ်။ သုံးလေး ရက် လောက်နေတော့ လူကြီးတွေမလာပေမယ့် ကလေးတွေက သူတို့ အလုပ်လုပ်တာကို လာကြည့်တယ်။ စပ်စုကြတာပေါ့။

အဲဒီမှာ မုန့်လေးတွေကျွေး၊ ဂစ်တာလေးတီးပြနဲ့ ကလေးတွေနဲ့ လူငယ်လေးနှစ်ယောက် ရင်းနှီးသွားကြတယ်။ မကြာခင်မှာပဲ လူငယ်လေးနှစ်ယောက်က လွိုင်ကော်က သူငယ်ချင်း တွေ နဲ့ အတူ ရေထွက်ကနေ ရေပိုက်သွယ်ပေးလိုက်တယ်။ ရွာလမ်းလေးလည်း ကားဝင် လို့ ရတဲ့ လမ်းလေးဖြစ်သွားတယ်။

ခြောက်လလောက်နေတော့ လူငယ်လေးနှစ်ယောက်ဟာ ရွာသားတစ်ပိုင်းဖြစ်နေပြီ။ ရွာလေးရဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေးသန့်ရှင်းရေး လည်းကောင်းလာပြီ။ ၂၀၀၃ ခုနှစ် ကျွန်တော်ပြောင်းလာတော့ ကသောင်းဟာ အတော်ပြောင်းလဲနေပြီ။ ရွာသားတွေက သီးသီးသန့်သန့်နေတယ်ဆိုပေမယ့် အရင်လို တံခါးပိတ် နေတာမဟုတ်တော့ဘူး။ ခရစ်ယန်ဘာသာဝင်တွေလည်းရှိလာတယ်။ ဘာသာရေးအခမ်းအနား တွေဘာတွေလုပ်လာပြီ။

ဆယ်နှစ်နီးပါးရှိမှ ကသောင်းရွာနားက ဖြတ်သွားရတဲ့အခါ လူငယ်လေးနှစ်ယောက် ဘယ်ရောက် နေပြီလဲ၊ ကသောင်းရွာရော ဘယ်လိုအခြေအနေရှိလဲဆိုတာ စဉ်းစားမိတယ်။ လူထု စည်းရုံးရေးဆိုတာ လူထုကြားမှာနေ၊ လူထုလိုအပ်ချက်ကို အခြေခံကနေ ဖြည့်ဆည်း၊ စံနမူနာပြဦးဆောင်၊ အမိန့်ပေးစနစ် မကျင့်သုံးနဲ့ ဆိုတဲ့ သဘောတရားကို လက်တွေ့ ပြသွားတဲ့ လူငယ်လေးနှစ်ယောက်ဟာ မြင်ဆရာပါပဲ။

မိုင်တိုင် ၃၃ ရောက်တော့ မိုးနည်းနည်းစဲသွားတယ်။ ရှုခင်းလည်းကောင်းတော့ ဓာတ်ပုံရိုက်လို့ ရအောင် ခဏနားတယ်။ တဲပိုင်ရှင်က လက်ဆွဲဘက်က လာတာ။ ဒီနေရာမှာ နေတာ ၁၁ နှစ် လောက်ရှိပြီတဲ့ ။ လ ျှိုစောင်းက ခြံထဲမှာ သရက်၊ ပိန္နဲ၊ ထောပတ်၊ ကော်ဖီပင်တွေစိုက် ထားတယ်။ နှစ်ရှည်သီးနှံတွေက ငွေမဝင်သေးဘူး။ ကြားထဲမှာ တောင်ယာခုတ်၊ တံမြက်စည်း ပင်ချိုးပြီး ငွေရှာရတာပေါ့။

လမ်းကို မေးတင်ဆောက်ထားတဲ့ တဲက နှစ်ပိုင်း။ မီးဖိုချောင်လုပ်ထားတဲ့နေရာက ဟင်းလင်းဖွင့်၊ အကာတင်မရှိတာမဟုတ်ဘူး။ တောင်ထန်းအမိုးကလည်း ကျိုးတိုးကျဲတဲ။ ဒီနေရာက မီးဖိုဖြစ်သလို ဧည့်သည်တွေဘာတွေ နားလို့ရတယ်။ မီးဖိုနေရာမှာ ကတ္တရာပုံးအပိုင်းပြတ်တစ်ခု ကို လေကာလုပ် ထားတယ်။ စင်ပေါ်မှာ မည်းညစ်နေတဲ့ ဒန်အိုးနှစ်လုံး၊ ဒယ်အိုး တစ်လုံးရှိတယ်။ ပလိုင်းအဟောင်းတွေရှိတယ်။ ကြမ်းပြင်ပေါ်မှာ ထမင်းအိုးတစ်လုံးရှိတယ်။ စက္ကူပုံးပေါ်မှာ ပလတ်စတစ်ဆန်ခါကုံးတစ်ခုကို ပက်လက်လှန်ပြီး အိုး အသစ်နှစ်လုံးတင်ထားတယ်။ ပလတ်စတစ် ပုံးခွံတွေရှိတယ်။ ထောင့်တစ်နေရာမှာ မီးသွေးအိတ်တွေဆင့်ထားတယ်။ တပ်ကုန်းဘက် ဆင်းပြီးရောင်းမယ့်ပစ္စည်းတွေပေါ့။ ဒီဒေသမှာ မီး သွေးမဖုတ်ရ၊ တောမခုတ်ရဆိုတဲ့ ဆိုင်းဘုတ်ဟာ ဆိုင်းဘုတ်သက်သက်ပဲ။

အိပ်ခန်းလုပ်ထားတဲ့ အပိုင်းက ရှေ့ဘက်မှာ ကော်ဖီမစ် တွေ၊ မုန့်ထုပ်တွေ တွဲလောင်းချိတ်ထားတယ်။ နောက်ဘက် မှာ အိပ်ခန်း။ အိပ်ခန်း ဆိုတာလည်း ကန့်ထားတာမဟုတ်ပါဘူး။ မိသားစုအားလုံး စုအိပ်တဲ့ နိုင်လွန်ခြင်ထောင်တစ်လုံး ထောင်ထားတယ်။ အဲဒါ အိပ်ခန်းပဲ။ ကျွန်တော်တို့ရောက်တော့ ခြင်ထောင်မသိမ်းရသေးဘူး ။ ခြင်ထောင်ထဲမှာ ကလေးတစ်ယောက်အိပ်လို့၊ ခြင်ထောင်အပြင်မှာ ဇနီးဖြစ်သူထိုင်နေတယ်။ ဘက်ဘက်လက်က ကျောက်ပတ်တီးကိုင်ထားရတယ်။ ချော်လဲတာလို့ပြောတယ်။

သားနှစ်ယောက်ကတော့ ဆိုင်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီးကို တက်ခွနေတယ်။ တောင်ကျ ဘက်က ဈေးဆိုင်ကယ်နှစ်စီးတက်လာတယ်။ ဆိုင်ရှင်ကို လှမ်းနှုတ်ဆက်တယ်။ ဆိုင်ရှင်က လက် ခါ ပြတော့ ဆက်မောင်းသွားတယ်။ ဆိုင်ကယ်တစီးမှာက အသားငါးတွေ၊ ဟင်းသီးဟင်းရွက် အထုတ်လေးတွေချိတ်ထားတယ်။ တစ်စီးကတော့ ဘယ်၊ညာခြင်းတောင်းထဲမှာ ဝက်သား ပေါက် လေးတစ်ကောင်စီထည့်ထားတယ်။ လိန်းလီဘက်က ဆိုင်ကယ်တစ်စီးရောက်လာတယ်။ ဆိုင် ကယ် ကအသစ် ၊ လူက အဝတ်အစားအဟောင်းတွေနဲ့၊ တောင်ယာသွားမလို့တဲ့။ ဟို အရင် ကလို ပလိုင်းလွယ်ပြီး တောင်ယာအရောက်ခြေတိုအောင်လေ ျှာက်ရတဲ့ခေတ်မဟုတ်တော့ဘူး။

ဆိုင်ရှင်ကို နှုတ်ဆက်ပြီး ပြန်ထွက်လာတောင် မိုးဖွဲဖွဲကျလာတယ်။ ရှေ့မှာ လိန်းလီတံတားကို ဆင်းရတော့မယ်။ ခရီးသွားတွေ ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်၊ ခရီးသွားခွင့်မရှိသူတွေ၊ မရောက် ဖူး သူတွေ အားကျအောင် ပုံအမျိုးမျိုးတင်ကြတဲ့နေရာပေါ့။

2 thoughts on “ထင်ရှူးမြိုင် (၃)

  1. စာရေးတော်တော်ကောင်းတာပဲ။ အမြင်တွေကိုလည်းသဘောကျတယ်။

    Like

  2. ဖတ်ရတာ ကောင်းသလို
    မသိတာတွေသိခွင့်ရလို့
    ကျေးဇူးတင်ပါတယ်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: