ထင်းရှူးမြိုင် (၄)

ပေါင်းလောင်းချိုင့်ဝှမ်းထဲကို အဆင်းက ၃၅ မိုင်က စတယ်။ သုံးမိုင်လောက် အဆင်းသက်သက် ပဲ။ အဆင်းတွေကလည်း တစ်ဆစ်ချိုးကွေ့တွေများတယ်။ အကွေ့ကြီး ၁၅ ကွေ့ရှိပြီး နံပါတ်တွေ တပ် ထားတယ်။ ဒီအဆင်းကတော့ ဘရိတ်ကောင်းမှ၊ ဂီယာကြီးနဲ့ဆင်းမှ အန္တရာယ် ကင်းတယ်။ ဒီနေရာမှာတော့ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုက ကန်ထရိုက်စနစ်နဲ့ လမ်းတွေချဲ့နေတာတွေ့တယ်။ မြေထိန်းနံရံတွေကို စနစ် တကျလုပ်နေတယ်။ ကင်းသာ – ပင်းလောင်းလမ်းကို NH 20 ၊ AH 14 လို့သတ်မှတ်ထားတဲ့ ဆိုင်းဘုတ်တွေလည်း တွေ့တယ်။

၃၆/၇ မိုင်တိုင်နားမှာ ဈေးဆိုင်တဲလေးနှစ်ခုရှိတယ်။ နားနေဖို့ အဆောင်နှစ်ခုဆောက်ထားတယ်။ ဒီနေရာက ကြည့်ရင် ပေါင်းလောင်းချိုင့်ဝှမ်းကို ရှုခင်းကောင်းတယ်။ ဆိုင်နှစ်ဆိုင်မှာ တစ်ဆိုင်က တော့ ပိတ်ထားတယ်။ တစ်ဆိုင်က လူရှိပေမယ့် ဆိုင်မဖွင့်ဘူး။ နားနေဆောင်မှာပဲ နားလို့ရတယ်။ ဒီနေရာက ကြည့်ရင် ဖိုကုန်း ရွာကို မြင်ရတယ်။ ပေါင်းလောင်းဆည်ရဲ့ ရေဝပ် ဧရိယာတွေ ကို မြင်ရတယ်။ တောင်ကြောလေးနဲ့ ကွယ်နေလို့ လိန်းလီတံတားကိုတော့ မမြင်ရဘူး။

လိန်းလီ ဆိုတာက ပေါင်းလောင်းချောင်းဘေးက ရွာလေးကို ခေါ်တာပါ။ လိန်းလီ ရွာဟောင်း လက်ရှိ ကြိုးတံတားအောက်ခြေပတ်ဝန်းကျင်မှာရှိပြီး အထက်ပေါင်းလောင်းရေအားလ ျှပ်စစ် စီမံကိန်းအတွက် ဆည်ပိတ်ချိန်မှာ ရေမြုတ်သွားတဲ့အတွက် ပေါင်းလောင်းမြို့သစ်မှာ နေရာ ရွှေ့ ပြီးတည်ထားပါတယ်။

အထက်ပေါင်းလောင်း ရေအားလ ျှပ်စစ်စီမံကိန်း ကို ၂၀၀၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပေါင်းလောင်းချောင်းပေါ်မှာ ပထမ ဆုံး တည်ဆောက်ပြီးစီးတဲ့ရေအားလ ျှပ်စစ်စီမံကိန်းက နေပြည်တော်နားက ပေါင်းလောင်းရေအား လ ျှပ်စစ်စီမံကိန်း၊ ၂၀၀၅ ခုနှစ် မတ်လ ထဲမှာ ပြီးတယ်။ ကျွန်တော်တို့ နေပြည်တော်ကို ရွှေ့တဲ့ အချိန်မှာ ပေါင်းလောင်းရေအားလ ျှပ်စစ်က နေပြည်တော်ကို အဓိက လ ျှပ်စစ်ဓာတ်အားပေးတဲ့ နေရာဖြစ်နေပြီ။ အထက်ပေါင်းလောင်းစီမံကိန်း အပြင် အလယ်ပေါင်းလောင်းရေအားလ ျှပ်စစ် စီမံကိန်းဆိုတာလည်းရှိသေးတယ်။ ဒီစီမံကိန်းက မပြီးသေးဘူး။ နောက်တစ်ခါ ပေါင်းလောင်း ထဲကို စီးဝင်တဲ့နန်ချိုချောင်းပေါ်မှာ နန်ချိုရေအားလ ျှပ်စစ်စီမံကိန်းဆိုတာလည်း ရှိသေး တယ်။ သူကတော့ ၂၀၀၆ ခုနှစ်မှာ တည်ဆောက်ပြီး ၂၀၁၃မှာပြီးတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တည်ဆောက်ဖို့ ဆုံးဖြတ်ပြီးချိန်မှာ နေပြည်တော် အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ကြိုတင်ပြင်ဆင်ခဲ့တယ်။ တစ်ချို့ စီမံကိန်း တွေဆိုရင် အကောင်အထည်ဖော်ရတဲ့ ဝန်ကြီးဌာနကတောင် ဘာရည်ရွယ်ချက် နဲ့ ဆောက်သလဲဆိုတာမသိဘူးလို့ဆိုတယ်။

နယက အစိုးရလက်ထက်မှာ လည်/ဆည်ဝန်ကြီးအဖြစ်နဲ့တာဝန်ယူခဲ့တဲ့ ဦးဌေးဦးကို နှုတ် ပြော သမိုင်း မှတ်တမ်းအတွက်တွေ့ဆုံမေးမြန်းတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးက အခု နေပြည်တော် ဖြစ်လာမယ့် ပတ်ဝန်းကျင်မှာ ငလိုက်ဆည်၊ ချောင်းမကြီးဆည် ( မြို့တော်ဂေါက်ကွင်းနားက ) တို့ ကို ဆောက်ဖို့အတွက်ညွှန်ကြားတယ်။ ဒါပေမယ့် ပဏာမလေ့လာမှုတွေလုပ်တော့ ဆည် ကုန်ကျစရိတ်နဲ့ အဲဒီအချိန်မှာ ရှိနေတဲ့ စိုက်ပျိုးမြေနဲ့ဆိုရင် စီးပွားရေးအရ တွက်ချေမကိုက်ဘူး။
အဲဒီအခြေအနေကို ပြန်တင်ပြတဲ့အခါ ဗိုလ်ချုပ်မှူးကြီးက ဆောက်သာဆောက်ပါ။ နောင်တော့ သိပါလိမ့်မယ်လို့ ပြောတဲ့အကြောင်းရှင်းပြခဲ့တယ်။ အခုတော့ အဲဒီဆည်တွေဟာ နေပြည်တော် စိုက်ပျိုးရေးအတွက်ရော၊ သောက်သုံးရေ ရေပေးဝေရေးအတွက်ပါ အဓိကနေရာတွေဖြစ်နေပါပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တည်ဆောက်ဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့သလို ဆို တာကို စာရွက်စာတမ်းအထောက်အထားတွေ၊ ရှေ့မီ နောက်မီ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်း မှု တွေကနေ ခြေရာကောက်ကြည့်ဖူးတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ကျွန်တော့်စာအုပ် အတွက် တွေ့ဆုံမေးမြန်းချိန်မှာတော့ ၁၉ ၉ ၆ ခုနှစ်အထိတော့ ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်မှာ အစိုးရ ရုံး တွေကို ရွှေ့ပြောင်းဖို့ ဆိုတဲ့အစီအစဉ်ပဲရှိတယ်။ အဲဒီနောက်မှာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က မြို့တော်သစ် တည်ဆောက်ရေးဆိုပြီး အယူအဆပြောင်းသွားခဲ့တယ်လို့ပြောတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်က ၂၀၀၃ ခုနှစ် ဇွန်လဆန်းထဲ မှာ နယကရုံးကနေ အဲဒီအချိန်က နယ်စပ်/စည်ပင် ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် (နောင် နေပြည် တော်ကောင်စီဥက္ကဋ္ဌ နဲ့ မြို့တော်ဝန်) ကို ဥက္ကဋ္ဌ တာဝန်ပေးတဲ့ နေပြည်တော် စီမံကိန်းကော်မတီကို ဖွဲ့စည်းပေးခဲ့တယ်။
ဒါပေမယ့်အဲဒီအချိန်မှာ နေပြည်တော် ဆိုတဲ့ စကားကို မသုံးဘူး။ “ ပျဉ်းမနားဖွံ့ဖြိုးရေးစီမံကိန်း” လို့ပဲသုံးတယ်။ ၂၀၀၄ ခုနှစ်မေလရောက်တော့ “ အထူးဖွံ့ဖြိုးရေးစီမံကိန်း” လို့ သုံးတယ်။ နေပြည်တော် နေရာရွေးတာ၊ စီစဉ်တာတွေ အားလုံးက ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဆုံးဖြတ်ခဲ့တယ်၊ သူ ( ဦးခင်ညွန့်) ကတော့ သွားရောက်စစ်ဆေး ကြီးကြပ်ပေး ရတယ်လို့ ရှင်း ပြတယ်။

၁၉ ၉ ၆ ခုနှစ်အထိ မြို့တော်သစ်တည်ဆောက်ဖို့ အစီအစဉ်မရှိသေးဘူးဆိုတာ မှန်ပါတယ်။ ၁၉ ၉ ၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကနေ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပတဲ့အမျိုးသားညီလာခံ အစည်းအဝေးမှာ ပြည်ထောင်စုနယ်မြေများသတ်မှတ်ရေးနဲ့ပတ်သက်တဲ့ အခြေခံမူတွေကို အတည်ပြုတဲ့အခါ

“ နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်။”

“ ထူးခြားသောအခြေအနေရှိသည့် ကိုးကိုးကျွန်းမြို့နယ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်။”

လို့ မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘာ့ကြောင့်မြို့တော်သစ်တစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်တာလဲ။ ပျဉ်းမနားဒေသကို နေပြည်တော်အဖြစ်ဘာ့ကြောင့်ရွေးရသလဲ ဆိုတာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ( ကွယ်လွန်)ရဲ့ “မမေ ျှာ်လင့်သောခရီးရှည်” စာအုပ်မှာ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခြေခံဥပဒေအရ နောင်ဖြစ်ပေါ်လာမယ့် ပြည်ထေင်စုပုံစံမှာ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဆက်သွယ်ဆက်ဆံ မှု ကောင်းရမယ်၊ ဒါပေမယ့် အဲဒီဒေသအုပ်ချုပ်ရေးတွေနဲ့ ရောထွေးနေတာမျိုးလည်း မဖြစ်တဲ့ မြို့တော်သစ်တစ်ခုတည်ဆောက်ဖို့ လိုအပ်တယ်၊ ရန်ကုန်ဟာ အင်္ဂလိပ် တွေ ရွေးချယ်တည်ဆောက်ခဲ့တဲ့မြို့တော်ဖြစ်တယ်။ အင်္ဂလိပ်က ရေကြောင်း အင်အား နိုင်ငံဖြစ်တဲ့အတွက် ရေကြောင်းဆက်သွယ်ရေးကောင်းတဲ့နေရာကိုရွေးခဲ့တာဖြစ်တယ်။

မြန်မာ နိုင်ငံအတွက်ဆိုရင် မြို့တော်ဟာ ကုန်းတွင်းဆက်သွယ်ရေးလမ်းကြောင်းကောင်းမွန်တဲ့ Heartland နေရာမှာ မြို့တော်ရှိရမယ်။ အနာဂတ်နေပြည်တော်အတွက် တောင်ငူ။ ပျဉ်းမနား၊ မိတ္ထီလာနဲ့မန္တလေးတို့ကို ပဏာမစဉ်းစားပြီးနောက်ဆုံးမှာ ပျဉ်းမနားကို ရွေးချယ်ခဲ့တယ်၊ ပျဉ်းမနားဟာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အခြာကျတယ်၊ စိုက်ပျိုးရေးအရ ပတ်ဝန်းကျင်မှာ လုံလောက်တဲ့ စိုက်ပျိုးမြေ၊ရိက္ခာထုတ်လုပ်နိုင်မှုရှိတယ်။ အနာဂတ် မြို့ပြချဲ့ထွင် ဖို့လိုအပ်ရင်လည်း လုံလောက်တယ်မြေလွတ်မြေရိုင်းတွေရှိတယ်၊ လုံခြုံရေးအရ အနေအထား ကောင်းတယ် လို့ တပ်မတော်နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ရှင်းပြခဲ့တဲ့ အကြောင်း ရေးသားထားတယ်။

နေပြည်တော်ကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာဟာ မဟာဗျူဟာဆုံးဖြတ်ချက် အဆင့် မဟုတ်ဘူး။ အဂ္ဂမဟာဗျူဟာ Grand Strategy အဆင့်ဆုံးဖြတ်ချက်ပဲ။ ဒီဆုံးဖြတ်ချက် ကို အကောင်အထည်ဖော်တဲ့နေရာမှာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေ ရှိကောင်း ရှိနိုင် ပေမယ့် မူဝါဒ အရ မမှားဘူးဆိုတာ ဆယ်ငါးနှစ်နီးပါးရှိလာတဲ့အချိန်မှာ လက်တွေ့မြင်လာရပြီပဲ။

နေပြည်တော်စီမံကိန်းက ဝန်ကြီးဌာနတွေ ပြောင်းမယ်ဆိုမှ ဘွားကနဲပေါ်လာသလိုဖြစ်တော့ မှန်း ဆချက်တွေအမျိုးမျိုးပေါ်ခဲ့တယ်။ ဝန်ကြီးဌာနတွေရဲ့ ပထမဆုံးအသုတ်က ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ ရွှေ့တယ်။ အဲဒီအချိန်က နေပြည်တော်မှာ အဆောက်အဦးတွေက မပြည့်စုံသေးပဲ ရွှေ့တာဆိုတော့ ယကြာကိန်းခန်းအရ ချက်ခြင်းရွှေ့တယ်ဆိုပြီး ပြောကြတာလဲရှိတယ်။

အမှန်ကတော့ ၂၀၀၆ ခုနှစ်ထဲမှာ ပြန်စတင်မယ့် အမျိုးသားညီလာခံမှာ “ နိင်ငံတော်အလံ၊ အထိမ်း အမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်” အခန်းအတွက်ဆွေးနွေးဆုံးဖြတ်ရတော့မှာဖြစ်တယ်။ ဒီတော့ အရင် ၁၉ ၉ ၄ အမျိုးသားညီလာခံမှာ သတ်မှတ်ထားတဲ့ မြို့တော်ဟာ ရန်ကုန် ဆိုတဲ့အချက်ကို ပြင်တဲ့အခါ ကန့်ကွက်လို့မရအောင် နေပြည်တော်ကို မဖြစ်မနေရွှေ့ပြောင်းလိုက်တာပါ။ နေ ပြည်တော်ကို တရားဝင်ရုံးစိုက်တယ်လို့သတ်မှတ်တဲ့နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အစိုးရ အဖွဲ့ခေါင်းဆောင်များရွှေ့ပြောင်းရောက်ရှိတဲ့ ၂၀၀၆ ခုနှစ်ဖေဖော်ဝါရီ ၁၇ ရက် ဖြစ်ပါတယ်။

နေပြည်တော်ကိုပြောင်းမယ့်ယာဉ်တန်းတွေ စထွက်တော့ ဘာဝတ်စုံ ဝတ်ရတယ်၊ ဘယ်လို အော်ရ တယ်ဆိုပြီးပြောကြတာလဲရှိတယ်။ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအရ ထွက်တဲ့အချိန်နဲ့ ရက်ကို အခါကောင်းရွေးတာတော့ ဖြစ်နိုင်ပါတယ်။ ဝတ်စုံတွေ၊ ကြွေးကြော်သံတွေနဲ့ပတ်သက်လို့ကတော့ အခြားဝန်ကြီးဌာနတွေတော့မသိဘူး။ ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်တန်း သိမ်ဖြူလမ်းက စထွက် ချိန်မှာတော့ ဘာအော်ရမယ်လို့လည်း မညွှန်ကြားဘူး။ ဝန်ထမ်းတွေမှာ အော်ဖို့နေသာသာ စိတ်ပျက်လက်ပျက်နဲ့ လိုက်ပို့တဲ့သူတွေကိုတောင် နှုတ်မဆက်နိုင်ဘဲ ဇတ်ကျိုးနေတာပဲတွေ့ မိ ပါတယ်။

ပေါင်းလောင်းချိုင့်ဝှမ်းထဲကို ငေးကြည့်ရင်း အတွေးတွေထဲမှာ နစ်မျောနေတာ ဘယ်လောက်ကြာ သွားလဲမသိဘူး။ နောက်ထပ်ကားနှစ်စီးရောက်လာပြီး ဆူဆူညံညံနဲ့ ခရီးသွားတွေဆင်းလာမှ ခရီး ဆက်ဖို့ သတိရတယ်။ ဖြေးဖြေးမောင်းရင်း သတိနဲ့ ခရီးဆက်ခဲ့တယ်။ ကားက အနိမ့်ပိုင်း ကိုရောက်လာလေ မြင်ကွင်းက ကျဉ်းလာလေပဲ။ အပေါ်ကနေသာ မကြည့်ခဲ့ဖူးဆိုရင် ကားလမ်း ဘယ်၊ ညာ တောအုပ်လေးကိုပဲ မြင်ပြီး ပေါင်းလောင်းရေပြင်ကျယ်ကြီးရှိတယ်ဆိုတာကို တောင် သိမှာမဟုတ်ဘူး။ ရောက်နေတဲ့နေရာအပေါ် မူတည်ပြီး မြင်ကွင်း အကျဉ်း၊ အကျယ်မတူနိုင်ဘူး ဆိုတာ သဘာဝကျပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: