ထင်းရှူးမြိုင် (၆)

လိန်းလီ တံတားပေါ်က လှမ်းကြည့်လိုက်ရင် ပင်လောင်းဘက်အခြမ်း ကမ်းနဖူးမှာ လုံခြုံရေးစခန်း တစ်ခု ကို လှမ်းမြင်နေရတယ်။ ပတ်လည် ဝါးခြံစည်းရိုး၊ စခန်းရုံးလို့ ယူဆရတဲ့အဆောက်အဦ၊ လူနေတဲလေးတွေ၊ ပစ်ကျဉ်းတွေ၊ ခေါင်ကတုတ်တွေ။ နိုင်ငံတော်အလံက တလူလူ လွင့် လို့။ ဒီလို စခန်းလေးတွေမှာ အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ဘူးတယ်။ နေရာဒေသ အခြေအနေ အရ တည်ဆောက်ပုံ၊ လှုပ်ရှားသွားလာရပုံသာ ကွာခြားကောင်း၊ကွာခြားမယ်။ ဒါပေမယ့် ရဲဘော် ရဲ ဘက်စိတ်နဲ့ အတူတကွနေထိုင်ရတဲ့ဘဝတွေကတော့ အတူတူပါပဲ။

စခန်းရှေ့ရောက်တော့ ကားရပ်ပြီး ဘယ်တပ်ကလဲလို့မေးမိတယ်။ ပင်လောင်းမှာ အခြေစိုက်ထား တဲ့ လေ့ကျင့်ရေးတပ်က အဖွဲ့တွေ။ ကျွန်တော်တို့ လွှဲကြီးမှာ ရှိစဉ်ကလည်း အဲဒီတပ်ဖွဲ့ပဲ။ စခန်း ကနေ ဆက်ထွက်လာတော့ တစ်မိုင်ကျော်လောက်သွားလိုက်တဲ့အခါ အိမ်စုလေးတစ်ခုရှိတယ်။ အဲဒီနေရာမှာ အမျိုးသမီးတစ်ယောက် ကားကို ထွက်တားတယ်။ ကားစက်ဖုံးကို လက်နဲ့ ပုတ်ပြီး လက်နှစ်ချောင်းထောင်ပြတယ်။ ကြည့်ရတာ စိတ်ဝေဒနာတစ်ခုခုခံစားနေရပုံပဲ။ ခပ်လှမ်းလှမ်း တဲ တစ်လုံးမှာ လူနှစ်ယောက်၊ သုံးယောက်ထိုင်နေပေမယ့် ဒီအမျိုးသမီးကို တားဆီးတာ၊ ဟန့်တာ လည်းမတွေ့ရဘူး။ အမျိုးသမီးကလည်း ကားရှေ့ကမဖယ်ဘူး။ ရီပြီး လက်နှစ်ချောင်းပဲထောင်ပြ နေတယ်။

နောက်ဆုံး သူ့ပြတဲ့လက်နှစ်ချောင်းကို ကိုယ့်ဘာသာကိုယ် ဘာသာပြန်ပြီး ငွေနှစ်ထောင် ထုတ်ပေးလိုက်တော့မှ လမ်းဖယ်ပေးတယ်၊ ဘိုင့်ဘိုင် လို့အော်ပြီးကျန်ခဲ့တယ်။ သူဘာဖြစ် လို့ ဒီလိုတောင်းတာလဲ၊ ဝေဒနာကြောင့် ကားတစ်စီးကို တားမိရာကနေ ငွေပေးသွားလို့ နောင် ဒီလိုပဲ ဆက်တောင်းနေတာလား။ ကိုယ်အပါအဝင် ပေးလိုက်သူတွေက သူ့ဝေဒနာကို ပိုဆိုးအောင် လုပ် ရာရောက်နေလား၊ အန္တရာယ်ဖြစ်အောင်တွန်းပို့ရာများရောက်နေလား။ အရှိန်ပြင်းတဲ့ ကားတစ်စီး ရှေ့မှာပြေးရပ်မိရင် ဒုက္ခမဖြစ်ပေဘူးလား။ ကားမောင်းထွက်လာပေမယ့် ကိုယ့်ကိုကိုယ် အပြစ် မကင်းဘူးလို့ ခံစားမိတယ်။ ပေးသူရှိလို့ တောင်းတတ်သွားတာလား။ ရှေ့က နမူနာပြ သွားလို့ ငါ လည်းတောင်းမယ်ဆိုပြီး တောင်းတတ်သွားတာလား။ တောင်းတတ်သွားတဲ့ အမျိုးသမီးအကြောင်း အတွေး က ရပ်လို့မရဘူး။

တဲစုကို လွန်တဲ့အချိန်ကစပြီး အတက်ခရီးပြန်စတယ်။ ရှမ်းကုန်းမြေမြင့်ကို အတက်ခရီးစပြီပေါ့။ မိုင်တိုင် ၄၆/၃ နေရာရောက်တော့ ဈေးဆိုင်လေးတစ်ခုတွေ့တယ်။ အဲဒီနေရာကနေ ပြန်ကြည့် ရင် လိန်းလီတံတားကို ပြန်မြင်ရတယ်။ ရှုခင်းကောင်းတယ်။ ဒါ့ကြောင့် ကားခဏရပ်လိုက်တယ်။ ဆိုင် ထဲက စစ်အကျီ ၤ အဟောင်းနဲ့ လူတစ်ယောက်ထွက်လာတယ်။ မြင်ဖူးသလိုလိုပဲ။ အဲဒီ လူက စနှုတ်ဆက်တယ်။ လွှဲကြီးတပ်ရင်းက ဗိုလ်မှူးရဲထွဋ်လားတဲ့။ ဟုတ်ပါတယ်ဆိုတော့ ကျွန်တော် တို့ လိန်းလီမှာ ဆုံဖူးတယ်၊ မှတ်မိလားလို့မေးတယ်။ အဲဒီတော့မှမှတ်မိတယ်။ ဆရာကြီး ဆွမ်ဒိုးနန်း။ ပင်လောင်းလေ့ကျင့်ရေးတပ်က။

ကျွန်တော်လွှဲကြီးမှာ တာဝန်ထမ်းဆောင်ချိန်က ပေါင်း လောင်းချောင်းဘေးမှာ သီတင်းသုံး နေတဲ့ ကျောက်ဂူတောရဆရာတော်ဂုဏ် သတင်း တွေကို ကြားပြီးဖူးမေ ျှာ်ချင်ခဲ့တယ်။ ဒါပေမယ့် တပ်မတော်ထုံးစံအရ အထက်ဌာနခွင့်ပြုချက်မရဘဲ နယ်မြေကျော်လွန်သွားလို့မရဘူး။ တစ်နေ့ တော့ သင်တန်းသားတစ်ဖွဲ့ကို ပျဉ်းမနားကနေ လိန်းလီတံတားအထိ လိုက်ပို့ဖို့ တာဝန် ပေးခံရတယ်။ လိန်းလီတံတားမှာ ပင်လောင်းက လာကြိုတဲ့အဖွဲ့ကိုယာဉ်တန်း လွှဲပေးပြီးတဲ့အချိန်မှာ လိန်းလီတံတားလုံခြုံရေးတာဝန်ကျနေတဲ့ ပင်လောင်းလေ့ကျင့်ရေးတပ်က ဆရာကြီး တစ်ယောက် ကို ဆရာ တော်ဆီကို သွားနိုင်ဖို့အကူအညီတောင်းခဲ့တယ်။ ဆရာကြီးက စက်လှေစီစဉ်ပြီး လိုက်ပို့ ပေးခဲ့တယ်။ အဲဒီဆရာကြီးက အခုတွေ့တဲ့ ဆရာကြီး ဆွမ်ဒိုးနန်းပဲ။

ဆရာကြီးက ၂၀၀၉ ခုနှစ်မှာ အငြိမ်းစားယူပြီး ဒီနေရာမှာ အခြေချနေတာ။ ဆိတ်မွေးတယ်။ နှစ်ရှည်သီးနှံစိုက်တယ်။ ဒီကားလမ်းဘေးမှာအခြေစိုက်နေထိုင်သူတွေရဲ့ ထုံးစံအတိုင်း အိမ် ဆိုင်ဖွင့်ထားတယ်။ ဆရာကြီးရဲ့ဆိုင်မှာ လက်ဖက်ခြောက်နဲ့ ဒေသထွက်ပစ္စည်း တွေရောင်း တယ်။ ကော်ဖီမစ်နဲ့ စားစရာသောက်စရာတွေလည်းရတယ်။ ဆရာကြီးကတော့ တောထဲ တောင်ထဲရောက်နေပေမယ့် မြန်မာ့အရေးနဲ့တော့ အဆက်ပြတ်ပုံမရဘူး။ ခဏလေးတွေ့ တဲ့ အချိန်မှာတောင် အတော်ဆွေးနွေးလိုက်တယ်။ နောက်ဆုံး ကျွန်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးရွှေမန်းအကြောင်းတောင် ပါလိုက်သေးတယ်။

ဒီလမ်းက ပင်လောင်းပြန့်ရောက်တဲ့အထိ အတက်ဖြစ်သလို ပင်လောင်းဘက်က လာရင်လည်း အဆင်းတွေများတယ်။ ဒါ့ကြောင့် မိုင်တိုင် ၅၀ မှာ ကားတွေ ခဏနားဖို့လုပ်ထားတယ်။ ရေဆေး လို့လည်းရတယ်။ မိုင်တိုင် ၅၄ တစ်ဝိုက်ရောက်တော့ လမ်းဘယ်ညာမှာ နှစ်ရှည်စိုက်ခင်းတွေ တွေ့တယ်။ YKT ဘက်စုံစိုက်ပျိုးရေးဥယျဉ်လို့ရေးထားတဲ့စိုက်ခင်းကတော့ အတော်ကြီး တယ်။ ထင်းရှူးစိုက်ခင်းတွေပါသလို နှစ်ရှည်ပင်တွေစိုက်ထားတာလည်းတွေ့တယ်။ ဖိုးဒိုးခွား စိန်တလုံး၊ ဒူးရင်း၊ လိမ္မော်ခြံ ဆိုတဲ့ဆိုင်းဘုတ်လည်း တွေ့တယ်။

လမ်းဘေးမှာလည်း ပေါင်းလောင်းကြိုးဝိုင်း ၊ ၉ -၁- ၂၀၀၁ တည်ထောင်သည်ဆိုတဲ့ ဆိုင်းဘုတ်၊ သစ်တောကြိုးဝိုင်းအတွင်း သစ်ပင်ခုတ်လှဲခြင်း၊ ကျူးကျော်အခြေချနေထိုင်ခြင်း မပြုရ စတဲ့ စည်း ကမ်းချက်တွေရေးထားတဲ့ ဆိုင်းဘုတ်တွေလည်း ရှိတယ်။ သစ်တောကြိုးဝိုင်းဆိုင်းဘုတ်နဲ့ စိုက် ပျိုးရေးခြံ ဆိုင်းဘုတ်တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းပေါ့။ ကားလမ်းပေါ်က မြင်ရ သလောက်တော့ တောင်ယာခုတ်တာရယ်၊ ပုဂ္ဂလိက စိုက်ပျိုးရေးခြံတွေရယ်ကြောင့် ကြိုးဝိုင်း ဟာ ဆိုင်းဘုတ်ပဲကျန်တော့တယ်လို့ခံစားမိတယ်။

ပင်လောင်းမြို့နယ်က ကျယ်တယ်။ ပျဉ်းမနား၊ ကလော၊ ဖယ်ခုံ၊ ညောင်ရွှေ မြို့နယ်တွေနဲ့ ဆက်စပ်နေတယ်။ ပြောရရင် မန္တလေး၊ ရှမ်း ၊ ကယား နယ်မြေသုံးခုလုံးနဲ့ဆက်စပ်နေတာ ပေါ့။ လောပိတရေအားလ ျှပ်စစ်အတွက်အရေးပါတဲ့ ဘီလူးချောင်းနဲ့ ပေါင်းလောင်းရေအားလ ျှပ်စစ် စီမံကိန်းသုံးခုအတွက် အရေးပါတဲ့ ပေါင်းလောင်းချောင်းတို့ကလည်း ပင်လောင်းမြို့နယ်က အစပြု တာဖြစ်ပါတယ်။ ဒါပေမယ့် ပင်လောင်းမြို့နယ်မှာ မြို့နယ် သစ်တောဦးစီးဌာန မရှိဘူး။ ကလော မြို့နယ်က တွဲကိုင်ရတယ်။ တစ်ခါက ကျွန်တော်တို့နဲ့ ဆက် စပ်နေတဲ့ ရှမ်းပြည်နယ်ဘက်အပိုင်းမှာ သစ်ထုတ်တဲ့အဖွဲ့တွေရောက်လာလို့ မှန်၊ မမှန်စိစစ် ဖို့ ဆက်သွယ်တဲ့အခါ ပင်လောင်းမြို့နယ်သစ်တောရုံးမရှိတဲ့အတွက် အခက်အခဲဖြစ်ခဲ့ရတယ်။ ၂၀၁၅ ခုနှစ်အထိ အဲဒီအခြေအနေအတိုင်းပဲ၊ အခုတော့ မသိတော့ဘူး။

သစ်တောကြိုးဝိုင်းဆိုင်းဘုတ်တွေ၊ သစ်တောမရှိတော့တဲ့တောင်ကုန်းတွေ၊ စိုက်ပျိုးရေးခြံ ဆိုင်းဘုတ်တွေ၊ တောင်ယာခင်းဟောင်းတွေကို ဖြတ်ပြီးတဲ့နောက် မိုင်တိုင် ၅၉ အရောက်မှာ အတက် ခရီးဆုံးတယ်။ ပင်လောင်းပြန့်ကို ရောက်ပြီလို့ပြောလို့ရတယ်။ ပင်လောင်းသစ်တောကြိုးဝိုင်းလည်း ဆုံးပြီ။ အဲဒီနေရာမှာ ညောင်ပင်ကြီးတစ်ပင်နဲ့ နတ်ကွန်းရှိ တယ်။ နတ်ကွန်းအလွန်မှာ စားသောက်ဆိုင်ရှိတယ်။ ဆိုင်က အုတ်တိုက်၊ သွတ်မိုး အခိုင်အမာ ပဲ။ ကားရပ်ဖို့နေရာ၊ ရှုခင်းကြည့်ဖို့ထိုင်ခုံအသေအချာလုပ်ထားတယ်။

ဆိုင်ရှေ့မှာ ကားလေးငါးစီးရပ်ထားတယ်။ ကျွန်တော်ကတော့ ကားခဏရပ်ပြီး နားပေမယ့် ဆိုင်ထဲမဝင်ဖြစ်ဘူး။ ဆိုင်ရှေ့မှာ ကလေးလေးတစ်ယောက်ရပ်နေတယ်။ လက်ထဲမှာ လေးခွ ကိုင် ပြီး မှုန်တေတေနဲ့ကြည့်နေတယ်။ ကားရပ်ပေမယ့် ဆိုင်ကို အားမပေးလို့ စိတ်တိုနေတဲ့ ပုံပဲ။

ခဏနေတော့ ကားလမ်းအတိုင်းကျွဲအုပ်တစ်အုပ်တက်လာတယ်။ ဒီလမ်းပေါ်မှာတော့ သူတို့က ဗိုလ်ပဲ။ နောက်ကလာတဲ့ ကားတစ်စီးက ကျွဲအုပ်ကို စိတ်ရှည်လက်ရှည်နဲ့ လမ်းတောင်းနေရ တယ်။ ပင်လောင်းဘက်က ဆိုင်ကယ်နှစ်စီးနဲ့ ဝန်ထမ်းနှစ်ယောက်ရောက်လာတယ်။ တောင်ကျဘက်က ဝန်ထမ်းတွေ၊ ပင်လောင်းမှာ ရုံးကိစ္စသွားလုပ်တာ တဲ့။ သူတို့ကို ပေးလိုက် တဲ့ခရီးစရိတ်က ဆီဖိုးတောင်မရှိဘူး။ နားတော့လည်း ဆိုင်ထဲတောင်ဝင်မနားနိင်ဘူး။ ညောင်ပင်နားက ဇရပ်မှာထိုင်ပြီး ပါလာတဲ့မုန့်လေးထိုင်စားနေကြတယ်။

နယ်မှာတာဝန်ကျတဲ့ ဝန်ထမ်းတွေ ဘဝက မလွယ်ဘူး။ မြို့နယ်ရုံးနဲ့ဝေးလေ၊ ရုံးကိစ္စ အတွက် သွားရလာရတာ ဒုက္ခရောက်လေပဲ။ ရွာတိုင်းလိုလိုမှာ ရှိနေတတ်တဲ့ ဆရာ၊ ဆရာမတွေက ဒုက္ခအရောက်ဆုံးပဲ။ ရွာဆိုတော့ မြို့နဲ့ဝေး။ မြို့နယ် ပညာ ရေးမှူးရုံးကလည်း လစာထုတ်၊ အစည်းအဝေး စသည်ဖြင့် ခေါင်းစဉ်မျိုးစုံနဲ့ခေါ်။ မသွား လို့ကလည်းမရ၊ အမြဲတမ်း အိတ်စိုက်ဖို့ ကလည်းမလွယ်၊ အလှုခံတော့လည်း ကျောင်းသားမိဘက ကြည်ဖြူရင်ကောင်းရဲ့။ အတိုင်ခံရရင် ဒုက္ခ။ လွှဲကြီးမှာတာဝန်ကျတုန်းကတော့ တပ်က တတ်နိုင်သမ ျှ ကူပေးသလို မိဘတွေကိုလည်း “ ဆရာ၊ ဆရာမ ဆိုတာ မြို့နယ်ရုံးကို ဈန်နဲ့ သွားလို့ရတာမဟုတ်ဘူး။ ခရီးစရိတ်၊ စားရေးသောက် ရေးပံ့ပိုးပေးဖို့လိုတယ်ဆိုပြီးနားချရတယ်။

ကားစီးနိုင်တဲ့ဝန်ထမ်းကို လူမြင်ပေမယ့် ကိုယ့်ထမင်းကိုယ်စားပြီး ဖိနပ်ပါးအောင် ခရီးသွားရတဲ့ ဝန်ထမ်းတွေတော့ မမြင်နိုင် ကြဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: