ထင်ရှူးမြိုင် (၇)

မိုင်တိုင် ၆၀ ကျော်တာနဲ့ မြင်ကွင်းကပြောင်းသွားတယ်။ လမ်းဝဲ၊ ယာမှာ တောင်ကုန်းတွေ၊ လ ျှိုမြောင်တွေအစား ယာခင်းတွေ၊ ရွာလေးတွေမြင်ရတယ်။ မြေအနေအထားက မတ်စောက် တောင်တန်းတွေမဟုတ်တော့ဘူး။ လှိုင်းအိလေးတွေလို နိမ့်လိုက်၊ မြင့်လိုက် တောင်ကုန်းတွေ၊ အနီ ရောင် ထွန်ယက်ပြီးစ ယာခင်းတွေ၊ အဝါရောင်၊ အစိမ်းရောင် စိုက်ပျိုးပြီးယာခင်းတွေ၊ ရောင်စုံအကွက်တွေကြားက ထိုးထွက်နေတဲ့ ကျောက်တောင်တွေ၊ တောင်တန်းတွေ။ ဒီရှုခင်းတွေကို ဓာတ်ပုံဆရာ၊ ပန်းချီဆရာတွေက ရှုထောင့် အမျိုးမျိုး ကနေ မှတ်တမ်းတင် ခဲ့ကြပြီးပြီ။

မိုင်တိုင် ၆၁ ကျော်တော့ ဘယ်ဘက်မှာ စားကျက်ကွင်း ရှိတယ်။ အဲဒီနောက်မှာ ကျောက်တောင်ကြီးတစ်ခုရှိတယ်။ ကျောက်တောင်ရဲ့ အပေါ်ကို ချွန်ထွက်နေတဲ့ ထိပ်ပိုင်းတွေ မှာ စေတီငယ်လေးတွေတည်ထားတယ်။ စားကျက်ထဲမှာ ကျွဲအုပ်တွေရှိတယ်။ လမ်းဘေး သစ်ပင် ရိပ် မှာ လူတစ်ယောက် ကျွဲကျောင်းရင်း နှီးဖြာနေတယ်။ ကျွန်တော်တို့အတွက် ရင်သပ်ရှုမောစရာ ရှုခင်းဟာ မြင်နေကျ သူ့အတွက် စားကျက်ထဲက သူ့ကျွဲတွေလောက်တောင် စိတ်ဝင်စားဖို့ ကောင်းပုံမရဘူး။

သဘာဝအလှ ဆိုတာ နေရာဒေသ၊ အခြေအနေနဲ့ ခံစားသူ အပေါ်မူတည်ပြီး မတူနိုင်ဘူးလေ။ ၁၉ ၉ ၂ – ၁၉ ၉ ၆ ခုနှစ် မြန်မာပြည်မြောက်ဖျားက နောင်မွန်းမြို့လေး ကို ရောက်သွားတော့ အဝေးမှာ လှမ်းမြင်နေရတဲ့ နှင်းတောင်တန်းကြီးတွေကို ကြည့်ပြီး ကြည်နူး မိ တယ်။ နှုတ်ကလည်း လှလိုက်တာ၊ ကြည်နူးစရာကောင်းလိုက်တာ၊ နောင်မွန်းမှာ နေချင်လိုက်တာ လို့ ချီးမွမ်းစကားဆိုမိတယ်။ အဲဒီတော့ နောင်မွန်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆင်းဘက် သူငယ် ချင်းက ပျစ်ပျစ်နှစ်နှစ်ဆဲပြီး “ မင်းက ရဟတ်ယာဉ်နဲ့ တစ်ရက်၊ နှစ်ရက် လာနေပြီး လှလိုက်တာ လုပ်နေတာကိုး။ ငါတို့နဲ့ ကျန်တဲ့ဝန်ထမ်းတွေလို လေးငါးရက် ခြေလျင်ခရီးလာရပြီး ခြောက် လလောက်နေလိုက် ရရင် မင်းဒီစကားပြောမှာမဟုတ်ဘူး” လို့ ဆိုတယ်။

ကျွန်တော်တို့ မြင်ရတဲ့ ကျောက်တောင်က ထီးဘွားတောင်လို့ခေါ်တယ်။ တောင်တစ်ဝက် လောက်အထိ တက်လို့ရတယ်၊ လှေကားရှိတယ်လို့ ကျွဲကျောင်းသူက ရှင်းပြတယ်။ သူက တော့ အပေါ်ကို မတက်ဖူးတာကြာပြီတဲ့။ ရှေ့ကို နည်းနည်းဆက်သွားတော့ စာဂရွာ၊ Saga Village လို့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ ရွာကိုတွေ့တယ်။ အဲဒီရွာမှာ ထီးဘွား တောင်ပေါ်တက်တဲ့လမ်းရှိတယ်။

ပင်လောင်း ဒေသ ရွာတွေ က အိမ်အများစုက ဗြုံးအုပ်တွေနဲ့ဆောက်ထားကြတယ်။ နှစ်ထပ် အိမ် များတယ်။ အိမ်တွေက အနံတိုတို၊ အလျားရှည်ရှည်၊ တန်းလျားပုံ၊ ခြံစည်းရိုးခတ်ထားတယ်ဆိုတာ လည်း မရှိသလောက်ပဲ။ ရွာကြီးကြီး၊ ငယ်ငယ်၊ ဘုန်းတော်ကြီးကျောင်းတွေကတော့ ခမ်းနား တယ်။ တစ်မူးရလို့ တစ်ပဲလှု ဆိုတာလက်တွေ့ပဲ။

၂၀၀၁ ခုနှစ် ခရီးသွားချိန်ကထက်စာရင် လမ်း ပိုကောင်းလာတယ်။ ပိုကျယ်လာတယ်။ လမ်းဝဲယာမှာလည်း စားသောက်ဆိုင်တွေ ပိုများလာ တယ်။ နေရာအနှံ့မှာ ရှိနေတဲ့ စက်သုံးဆီဆိုင်တွေကို မြင်တော့ ၂၀၀၁ ခုနှစ်က ဓာတ်ဆီပုံး တင်ပြီး ခရီးသွားခဲ့ရတဲ့အခြေအနေကို ပြန်သတိရမိတယ်။ပြုပြင်ချင်ရင် ပြုပြင်လို့ရတယ်၊ ပြင်နိုင်စွမ်းလည်း ရှိတယ်။ ဒါပေမယ့် မလုပ်ခဲ့တဲ့အတွက် မလုပ် မဖြစ် လုပ်ရတဲ့အချိန်ရောက်တော့ အများကြီး ပေးဆပ်ခဲ့ရတာကလည်း သင်ခန်းစာပဲ။

ပင်လောင်းကို ရောက်တော့ ၁၁ နာရီ ၁၅ မိနစ်။ ပင်လောင်းမြို့အဝင်မှာ လွိုင်ကော်သွားတဲ့ လမ်းခွဲ ရှိတယ်။ အခုနောက်ပိုင်းတော့ လွိုင်ကော်ကနေ နေပြည်တော်- ရန်ကုန်သွားတဲ့သူတွေက ပင် လောင်း – နေပြည်တော်လမ်းကိုပဲ သုံးကြတယ်။

ပင်လောင်းဈေးရှေ့မှာ ခဏရပ်တယ်။ ခရီးသွားကားတွေ နည်းတော့ ဈေးက ခြောက်ကပ်နေတယ်။ မျက်နှာစာတန်းက ဒေသထွက်အထည်တွေ၊ အစားအသောက်တွေရောင်းတဲ့ဆိုင်က အမကြီးတစ် ယောက်ကတော့ ရောင်းမကောင်းတာ နှစ်လလောက်ရှိပြီလို့ပြောတယ်။ ဇွန် ၁၅ ရက်နေ့ နောက်ပိုင်းတော့ အသွား အလာ ပြန်များလာမယ်လို့ မေ ျှာ်လင့်နေတယ်။ ဒါပေမယ့် တကယ်ရောင်းကောင်း တာက ရုံးပိတ်ရက်များတဲ့ “ဘာလေးဘာ” စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဆို တာ့ ကိုဗစ် ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်ရင်တောင် ခရီးသွားလုပ်ငန်းတွေ နလံပြန်ထူဖို့ အချိန်ယူရဦးမှာပဲ။

ပင်လောင်းက ဆက်ထွက်လာတော့ လမ်းဘေးဝဲယာမှာ ဂေါ်ဖီထုပ်အခင်းတွေတွေ့တယ်။ သတင်း တွေမှာ တွေ့ရသလိုပဲ ဈေးမကိုက်လို့ ပစ်ထားတဲ့အခင်းတွေ တွေ့တယ်။ နွားအုပ် တစ်အုပ် အေးအေးလူလူ နားနားနေနေ စားသောက်နေတဲ့အခင်းလည်းမြင်ခဲ့ရတယ်။ အလှု ရှင်လား၊ ဝယ်သူလား မသိဘူး၊ ဆယ်ဘီးကားထိုးပြီးတင်နေတဲ့ အခင်းကိုလည်း ဖြတ်ခဲ့ရ တယ်။

မကြာခင်ကာလတွေအတွင်း ဖရဲသီး၊ ပြောင်းဖူး၊ ဂေါ်ဖီ စတဲ့သီးနှံတွေဈေးကွက်ပျက်တဲ့ သတင်း တွေဟာ မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေအတွက် ဈေးကွက်နဲ့ သင့်တင်တဲ့ ဈေးနှုန်း ရအောင် ၊ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုကြောင့် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ့် စနစ်ကောင်းတစ်ခုရှိဖို့လိုနေပြီဆိုတာကို ထပ်ပြီး မီးမောင်းထိုးပြလိုက် တာပဲ။ ဒီအခက်အခဲတွေကို အလှုရှင်တွေ၊ ပရဟိတအဖွဲ့အစည်းတွေ ဝင်ကူတယ်ဆိုတာ ရေတို လုပ်ငန်းပဲ၊ ရေရှည်အတွက်ကတော့ အစိုးရက ခိုင်မာတဲ့ စနစ်တစ်ခု ချမှတ်ပေးမှရမှာဖြစ် ပါတယ်။

၂၀၁၁ ခုနှစ် မေ လ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အမျိုး သားအဆင့်အလုပ်ရုံဆွေးနွေးပွဲမှာ တောင်သူလယ်သမားတွေဘက်က အဲဒီအခက်အခဲ ကို အတော်ပြောခဲ့ကြတယ်။ အကျိုးဆက်ကတော့ ၂၀၁၃ ခုနှစ်မှာ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ ကို ပြဋ္ဌာန်းနိုင်တာပါပဲ။ အဲဒီ ဥပဒေ မှာ တောင်သူလယ်သမားတွေ ဈေးကွက်ရအောင်၊ သင့်တင့်တဲ့ဈေးနှုန်းရအောင် နဲ့ သဘာ၀ ဘေး ဒဏ်ကြောင့် ဆုံးရှုံးမှုရှိရင် နစ်နာမှုမရှိအောင် ဆောင်ရွက်ဖို့ ဆိုတဲ့အချက်ပါတယ်။

ဒါပေမယ့် လက် တွေ့အကောင်အထည်ဖော်တဲ့အခါမှာတော့ အစိုးရနှစ်ဆက်လုံးမှာ သီးနှံအာမခံစနစ် က လည်း အခုထိ အကောင် အထည်မဖော်နိုင်သေးဘူး။ ဧရာဝတီ တိုင်းဘက်က မြို့နယ်လေးခုမှာ ဧက ၂၀၀ လောက် စမ်းသပ် လုပ်ကိုင်နေတယ်၊ ဆန်စပါးအသင်းချုပ်နဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီ နားလည်မှုစာချွန်လွှာလက်မှတ် ထိုးတယ်၊ နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲလုပ်တယ်ဆိုတဲ့ သတင်းတွေလောက်ပဲ တွေ့ရတယ်။ သီးနှံဈေးနှုန်းနဲ့ပတ်သက်ရင်လည်း အဓိက ပို့ကုန်ဖြစ်တဲ့ ဆန် ကလွဲပြီး အခြားသီးနှံ တွေ အတွက် လုပ်ပေးနိုင်တာမရှိသေးဘူး။ ဒီဥပဒေကိုသာ ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်ရင် ဖရဲသီးကြောင့်၊ ဂေါ်ဖီကြောင့် ကျရတဲ့ တောင်သူမျက်ရည်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။

ဈေးကွက်ဘယ်လောက်ပဲ ပျက်ပျက် တစ်ချို့နေရာတွေမှာတော့ နောက်ထပ်သီးနှံစိုက်ပျိုးဖို့ အတွက် မြေပြင်ထားတာလည်း တွေ့ တယ်။ ပိုးဖျက်ဖျက်၊မိုးဖျက်ဖျက် တောင်သူတွေအတွက် က တော့ရွေးချယ်စရာမရှိပါဘူး။ တစ်ခါက အာဖရိကမှာ ကျိုင်းကောင်အုပ်ကြီးတွေအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ လယ်သမားမိသားစုအကြောင်း ဆရာထင်လင်းရဲ့ ဘာသာပြန်ဝတ္ထုတိုတစ်ပုဒ် ဖတ် ဖူး တယ်။ ချွေးမလုပ်သူက မြို့သူ၊ ခင်ပွန်းနဲ့ ယောက္ခမကြီးက တစ်သက်လုံး ဓါးမဦးချလုပ်လာတဲ့ လယ်သမားတွေ။

ကျိုင်းကောင်အုပ်ကြီး မြောက်ဘက်ကို ပျံသန်းလာပြီလို့ ရေဒီယိုကသတိပေးတော့ ချွေးမဖြစ်သူက စိုးရိမ်တယ်။ ကြောက်တယ်။ ခင်ပွန်းနဲ့ ယောက္ခမကြီးကတော့ တွေးကြောက်မနေဘူး။ ပြင်ဆင် သင့်တာတွေပြင်ဆင်တယ်။ ကျိုင်းကောင်အုပ်ကြီး ပျံလာတော့ စာရင်းငှားတွေနဲ့ အတူ မီးတွေ ဖို၊ သံပုံးတွေတီးပြီးခြောက်တယ်။ ဒါပေမယ့် ကျိုင်းကောင်တွေက သီးနှံခင်းတွေပေါ် အတင်း ဆင်း တာပါ ပဲ။

ကျိုင်းကောင်တွေများလွန်းတော့ နေရောင်မမြင်ရဘူး။ သစ်ကိုင်းတွေပေါ်မှာ အုပ်ဖွဲ့ပြီးနားတော့ သစ်ကိုင်းတွေကျိုးကျကုန်တယ်။ သွပ်ခေါင်မိုးပေါ်က ကျိုင်းကောင်တွေကျတဲ့အသံက နားမခံနိုင် ဘူး။ ပြောင်းခင်းတွေက ကျိုင်းကောင်တွေဖုံးပြီး အညိုရောင်ဖြစ်သွားတယ်။ အမျိုးသားတွေက တစ်နေကုန်မီးဖို၊ သံပုံးတွေတီး၊ မရပ်မနားလုပ်ကြတယ်။ အမျိုးသမီးတွေက တဲတွေထဲကနေ လက်ဖက်ရည်တွေဖျော်ပေးရတယ်။ ကျိုင်းကောင်တွေကို တားလို့မရမှန်းသိပေမယ့် မြန်မြန် ထပျံသွားရင် သက်သာမှာပဲဆိုတဲ့ မေ ျှာ်လင့်ချက်နဲ့ တစ်နေ့၊ တစ်ည တိုက်ပွဲဝင်ကြတယ်။

မနက်အရုဏ်တက်တော့ ကျိုင်းကောင်တွေထပျံသွားကြတယ်။ အပင်ကြီးတွေက ရိုးတံပဲကျန် တယ်။ ပြောင်းခင်းက ငုတ်စိပဲရှိတော့တယ်။ ချွေးမဖြစ်သူက ငါတို့တော့ ငတ်ပါပြီ ဆိုပြီး ချုံးပွဲ ချ ငိုတယ်။ ယောက္ခမကြီးကတော့ စာရင်းငှားတွေကို စုပြီး “ အခြေအနေက ထင်သလောက် မဆိုး ဘူးဟေ့၊ ပြန်ထွန်ကြတာပေါ့” လို့ ပြောသတဲ့။

တောင်သူလယ်သမားဆိုတာ မြေရှိနေသရွေ့ မေ ျှာ်လင့်ချက်ရှိနေတာပါပဲ။ မြေမရှိ တော့ ဘူး ဆိုရင်သာ သူတို့မှာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: